ဇနကမင်းသားလေး -ဆရာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၅) ဇနကမင်းသားလေး (ကျောင်းသားကိုင်သို့)
339266ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁၅) ဇနကမင်းသားလေး (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၅)

ဇနကမင်းသားလေး

သင်ယူမှုဦးတည်ချက် ။ ။ လုံ့လဝီရိယ ရှိသင့်ကြောင်းနှင့် ပျင်းရိခြင်းအပြစ်များကိုသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဘုန်းကြီးကျောင်းမှာ ကျောင်းသားအားလုံး သန့်ရှင်းရေးလုပ်နေကြတဲ့အချိန်မှာ ရေသာခိုပြီး သန့်ရှင်းရေးမလုပ်ဘဲ သစ်ပင်နောက်မှာ ထိုင်နေသူ၊ တက်တက်ကြွကြွ၊ ပျော်ပျော်ရွှင်ရွှင် ကျောင်းသန့်ရှင်းရေး လုပ်နေသူများ၊ စာသင်ချိန်မှာ ခိုးအိပ်နေသူ၊ စာကို ဂရုတစိုက် ဖတ်ရှုနေသော ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရုပ်ပုံများကို စာသင်ခန်းအတွင်း သင့်လျော်ရာနေရာများတွင် ကပ်ထား၊ ထောင်ထားပါ။

[သတိပြုရန် 1]

֍“သားတို့၊ သမီးတို့ ဘယ်လိုကလေးမျိုး ဖြစ်ချင်သလဲ၊ သားတို့၊ သမီးတို့ ဖြစ်ချင်တဲ့ပုံရှိတဲ့နေရာကို သွားရပ်ကြပါ”ဟု ပြောပြီး ကလေးများကို ပုံများရှိရာသို့ ပြေးလွှားရပ်နေပါစေ။

֍ထို့နောက် “ဘာဖြစ်လို့ ဒီပုံမှာ လာရပ်တာလဲ”ဟု ကလေးများအား မေးမြန်းပါ။ ကလေးအားလုံးကို မေးမြန်းပြီးသောအခါ ပျင်းရိနေခြင်းသည် မကောင်းကြောင်း၊ ကြိုးစားခြင်းသည်သာ ကောင်းမွန်ကြောင်း ပြောကြားပြီး အောက်ပါ မေးခွန်းများမေးပါ။

-သားတို့၊ သမီးတို့ မုန့်စားရတာ ပျင်းသလား။
-ကစားရတာရော ပျင်းသလား။
-ကျောင်းတက်ရတာရော ပျင်းသလား။
-စာဖတ်ရတာရော ပျင်းသလား။
-ပျင်းပြီးတော့ ကျောင်းမသွားချင်တဲ့ ကလေးကို မိဘဆရာသမားတွေက ချစ်မယ် လို့ ထင်သလား။
-ကျောင်းလည်း မသွား၊ စာလည်း မဖတ်တဲ့ကလေးကို မိဘဆရာသမားတွေက ချစ်မယ်လို့ ထင်သလား၊
-ကျောင်းမသွား၊ စာမဖတ်၊ အပျင်းထူနေတဲ့ ကလေးကို မိဘတွေက မုန့်ဖိုး ပေးချင်တယ်လို့ ထင်သလား စသည်ဖြင့်မေးပြီး ကလေးများအား မပျင်းသင့် ကြောင်းနှင့် ကြိုးစားပြီး ကျောင်းတက်၊ စာကျက်ရမှာဖြစ်ကြောင်း ပြောပြပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဇွဲကောင်းတဲ့ မင်းသားလေးဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍သရုပ်ဖော်ပုံများကိုပြလျက် အောက်ပါ ဇွဲကောင်းတဲ့ မင်းသားလေးဇာတ်လမ်းကို အမူအရာဖြင့် ပြောပြပါ။

ဇွဲကောင်းတဲ့ မင်းသားလေး

ရှေးအခါက အလွန်ဇွဲကောင်းတဲ့ မင်းသားလေးတစ်ပါး ရှိခဲ့ဖူးတယ်။ သူ့နာမည်က ဇနကလို့ ခေါ်တယ်။ မင်းသားလေးဟာ ငယ်ငယ်ကတည်းက ရိုးသားပြီး ကြိုးစားတော့ အတတ်ပညာမျိုးစုံကို တတ်ကျွမ်းသူတစ်ယောက် ဖြစ်လာခဲ့တယ်။ အသက်ဆယ့်ခြောက် နှစ်အရွယ်ရောက်တော့ အတတ်ပညာမျိုးစုံကို တတ်ကျွမ်းတဲ့ မင်းသားလေးဟာ ကြီးပွား ချမ်းသာအောင် ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ မိခင်ထံမှာ ခွင့်တောင်းခဲ့တယ်။ မိခင်ဆီက ခွင့်ပြုချက်ရတာနဲ့ မင်းသားလေးဟာ လူတွေ အများကြီးပါတဲ့ သင်္ဘောကြီးနဲ့ ပင်လယ်ခရီး ထွက်ခဲ့တယ်။

ကံဆိုးချင်တော့ ခရီးထွက်ပြီး ခုနစ်ရက်မြောက်နေ့မှာ မုန်တိုင်းတွေ အကြီး အကျယ် တိုက်ခတ်လို့ သင်္ဘောကြီးပျက်သွားခဲ့တယ်။ သင်္ဘောပေါ်မှာ စိတ်အားငယ်ပြီး လွယ်လွယ်လက်လျှော့တတ်တဲ့ ခရီးသည်တွေဟာ အော်ဟစ်ငိုယိုနေခဲ့ကြတယ်။ ဒါပေမဲ့ ဇနကမင်းသားလေးကတော့ လွယ်လွယ်နဲ့ လက်မလျှော့တတ်ဘူး။ အစားအသောက် တွေကို ဗိုက်ပြည့်အောင် စား၊ ပုဆိုးကို မြဲနေအောင် ဝတ်ပြီးတော့ ပင်လယ်ကြီးထဲကို ခုန်ချပြီး လက်ပစ်ကူးခဲ့တယ်။ အဲဒီအချိန်မှာ သင်္ဘောဟာ တဖြည်းဖြည်းနဲ့ နစ်မြုပ်လာပြီး သင်္ဘောပေါ်မှာပါလာတဲ့ ခရီးသည်တွေအားလုံးကို ငါးကြီးတွေက စားပစ်လိုက်ကြတယ်။

ပင်လယ်ထဲမှာ အားမလျှော့ဘဲ ကြိုးစားပြီး လက်ပစ်ကူးနေတဲ့ ဇနကမင်းသား လေးကို နတ်သမီးလေးတစ်ပါးက မြင်သွားခဲ့တယ်။ “ကမ်းမမြင်လမ်းမမြင်တဲ့ ပင်လယ် ပြင်ကြီးထဲမှာ လက်ပစ်ကူးနေလို့ ဘာအကျိုးရှိမှာလဲ” လို့ နတ်သမီးလေးက မေးလိုက် တယ်။ အဲဒီအခါမှာ မင်းသားလေးက “ကြိုးစားသူတွေအတွက် ဆုလာဘ်ဆိုတာ အမြဲ တမ်းရှိတယ်၊ မလျှော့တမ်းကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတာကိုသိလို့ ကူးခတ်နေ တာပါ” လို့ ဖြေလိုက်တယ်။

ဇွဲလုံ့လ အလွန်ကြီးမားစွာနဲ့ ကြိုးစားတဲ့ မင်းသားလေးကို နတ်သမီးလေးက ပင်လယ်ထဲကနေ ကယ်တင်ပြီးတော့ မိထိလာပြည်ကို ပို့ပေးခဲ့တယ်။ နောက်ဆုံးမှာ ဇနကမင်းသားလေးဟာ မိထိလာပြည်က ဘုရင့်သမီးတော်နဲ့ လက်ထပ်ထိမ်းမြားပြီး ရှင်ဘုရင်တစ်ပါး ဖြစ်သွားခဲ့တယ်။

မှီငြမ်း ။ ။ မဟာဇနကဇာတ်ဝတ္ထု၊ ဇာတ်တော်ကြီးဆယ်ဘွဲ့ ပထမတွဲ။ ၁၇၃။ ဇာ၊ ဋ္ဌ၊ ၆။ ၃၉။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါ မေးခွန်းများ မေးပါ။

-မင်းသားလေး နာမည်က ဘယ်လို ခေါ်လဲ။
-ဇနကမင်းသားလေးက ဘာလို့ ခရီးထွက်တာလဲ။
-သင်္ဘောပျက်တော့ လူတွေက ဘာတွေဖြစ်နေကြလဲ။
-သင်္ဘောပျက်တော့ ဇနကမင်းသားလေးက ဘာလုပ်လဲ။
-နတ်သမီးက ဇနကမင်းသားလေးကို ဘာလို့ ကယ်တင်တာလဲ။
-ဇနကမင်းသားလေး နောက်ဆုံး ဘာဖြစ်သွားလဲ။

֍ထို့နောက် ကလေးများအား ပျင်းရိမနေသင့်ကြောင်း၊ ဇနကမင်းသားလေးကဲ့သို့ ကြိုး စားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြီး အဆုံးသတ်ပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဇနကမင်းသား ဘုရားအလောင်းတော်ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဇွဲကောင်းတဲ့ မင်းသားလေးဇာတ်လမ်းကို ကျောရိုးယူ၍ ဇာတ်လမ်းတစ်ပုဒ် ဖန်တီး ပြုလုပ်ပြီး ထိုဇာတ်လမ်းနှင့် လိုက်ဖက်သော လှုပ်ရှားမှုများကို ကလေးများအားလုံး သရုပ်ဆောင်ရန် ပြောပါ။

ဥပမာ - နတ်သမီးလေး ပို့ပေးလို့ မိထိလာပြည်ကို ရောက်လာတဲ့ ဇနကမင်းသား လေးဟာ ကျောက်ဖျာပေါ်မှာ အိပ်နေတယ်။ (ကလေးများအားလုံး လက်နှစ်ဖက်ကို ပူးပြီး ဦးခေါင်းတစ်ဖက်တွင် ကပ်ကာ အိပ်သည့်အမူအရာ လုပ်ကြပါစေ) အိပ်နေတာ ကနေ နိုးလာပြီးတော့ မတ်တတ်ထရပ်လိုက်ပါတယ်။ (ကလေးများအားလုံး မတ်တတ် ရပ်နေပါစေ)။ ပြီးတော့ မင်းသားလေးဟာ လမ်းလျှောက်လိုက်ပါတယ်။ (ကလေးများအားလုံး လမ်းလျှောက်ကြပါစေ) မင်းသားလေးဟာ လမ်းလျှောက်နေ ရင်းက ရုတ်တရက် ရပ်လိုက်ပါတယ်။ (ကလေးများအားလုံး ရပ်နေကြပါစေ) ပြီးတော့ သူက နှာချေလိုက်တယ်။ (ကလေးများ ဟပ်ချိုးဆိုပြီး နှာချေသည့်ဟန် ပြုလုပ်ကြ ပါစေ)။ အဲဒီအချိန်မှာ မင်းသားလေးဟာ ခေါင်းလောင်းထိုးသံ ကြားလိုက်ရပါတယ်။ (ခေါင်းလောင်းသံ ပြုလုပ်ကြပါစေ)။ အဲဒီတော့ မင်းသားလေးဟာ နန်းတော်ထဲကို ပြေးဝင်သွားသတဲ့။ (ကလေးများအားလုံး ရပ်နေသည့်နေရာမှာပင် ပြေးဟန် ပြုလုပ် ပါစေ)။

֍ဇွဲကောင်းတဲ့ မင်းသားလေးဇာတ်လမ်းကို ပြန်လည်အမှတ်ရစေပြီး အောက်ပါကဗျာ ကို အသံနေအသံထား ဟန်အမူအရာများဖြင့် စိတ်ဝင်စားဖွယ်ဖြစ်အောင် ရွတ်ဆိုပြပါ။

ဇနကမင်းသား ဘုရားအလောင်းတော်

ဘုရားအလောင်း ဘုရားအလောင်း၊
ဝီရိယကောင်းတဲ့ ဘုရားအလောင်း။
ဘုရားအလောင်းရဲ့ သူ့နံမယ်(နာမည်)၊
ဇနကလို့ ခေါ်ပါတယ်။
ပင်လယ်ထဲမှာ လက်ပစ်ကူး၊
ဇွဲသတ္တိက ထူး။
ချီးကျူးထိုက်တဲ့ သူ့လိုကွယ်၊
တို့တွေ ကြိုးစားမယ်။
ပျင်းတယ်ဆိုတာ တို့အနား၊
မလာခဲ့နဲ့ သွား။ ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကျောင်းသားအရေအတွက်အပေါ် မူတည်၍ သင့်လျော်သလို ကလေး ၅-ယောက်စီ ပါသော အုပ်စုများဖွဲ့ပါ။

֍“မပျင်းတဲ့ကလေးဖြစ်ချင်ရင် ဘာတွေလုပ်ရမလဲ”ဟူသော မေးခွန်းကို အုပ်စု အားလုံး ကို ပေးပါ။

֍တစ်အုပ်စုလျှင် အဖြေ ၃-ခု ပေးရမည်ဖြစ်ကြောင်း ပြောပြပါ။

֍ကလေးများ ပေးလာသော အဖြေများကို အခြေခံပြီး ပြန်လည်ပြောပြပါ။

֍ထို့နောက် ကလေးများအား မပျင်းရိသင့်ကြောင်း၊ ဇနကမင်းသားလေးကဲ့သို့ ကြိုးစား ကြရမည်ဖြစ်ကြောင်းနှင့် မပျင်းရိဘဲ ကြိုးစားမှသာလျှင် မိဘဆရာသမားများက ချစ်လာမည် ဖြစ်ကြောင်း ပြောကြားပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. တစ်ယောက်ချင်းစီ ဖြေဆိုခွင့်ရအောင် မေးမြန်းပါ။