ဝါဆိုပွဲ -ဆရာ

From Wikisource
Jump to navigation Jump to search
339290ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၃၉) ဝါဆိုပွဲ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၉)

ဝါဆိုပွဲ

သင်ယူမှုဦးတည်ချက် ။ ။ ဝါဆိုပွဲအကြောင်းနှင့်ဝါဆိုပွဲဆိုင်ရာ ဓလေ့ထုံးတမ်းများကိုသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဆေးရောင်ခြယ်ရန် ရုပ်ပုံများနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများ ဝါဆိုသင်္ကန်းကပ်နေပုံ၊ ဝါဆိုပန်းခူးပြီး ဘုရားကပ်လှူနေကြပုံတို့ ပါဝင် သော ရုပ်ပုံစာရွက်များကို ဆေးရောင်ခြယ်ကြပါစေ။

֍ဆေးရောင်ခြယ်ပြီးသော ရုပ်ပုံများနှင့်ပတ်သက်ပြီး “ဒီပုံထဲက လူတွေ ဘာလုပ်နေကြ တာလို့ ထင်သလဲ၊ ဒီပုံထဲက ပစ္စည်းတွေကရော ဘာတွေလဲ၊ တွေ့ဖူးလား၊ အဲဒီလို လုပ်နေတာတွေ အပြင်မှာ တွေ့ ဖူးလား”စသည့် မေးခွန်းများ မေးပါ။

֍၎င်းရုပ်ပုံများမှာ ဝါဆိုပွဲတွင် ပြုလုပ်လေ့ရှိကြသော ဓလေ့ထုံးစံများဖြစ်ကြောင်း ပြောပြပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဝါဆိုလပြည့်နေ့နှင့် သက်ဆိုင်သည့် ဗုဒ္ဓဝင်ရုပ်ပုံများ၊ ဝါဆိုပွဲ ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဝါဆိုလပြည့်နေ့တွင် လုပ်ဆောင်လေ့ရှိသည့် (စာသင်ချိန် ၁-တွင် ပြောခဲ့သော) လုပ်ဆောင်ချက်များကို ပြန်လည်မေးမြန်းပြီး စာသင်ချိန် (၂) ကို စတင်ပါ။

[သတိပြုရန် 1]

֍“ဝါဆိုလပြည့်နေ့မှာ ဘာဖြစ်လို့ အဲဒါတွေ လုပ်နေကြတယ်ဆိုတာကို ကလေးတို့ သိချင်ပါသလား”ဟု မေးပါ။ လွတ်လပ်စွာ ဖြေဆိုခွင့် ပေးထားပါ။

֍ဝါဆိုပွဲများ ကျင်းပရခြင်းအကြောင်းကို ဗုဒ္ဓဝင်နှင့် ပြန်လည်ချိတ်ဆက်ပြီး ပြောပြပါ။

֍“ဘုရားလောင်း တောထွက်တော်မူခြင်း”ကို ပြန်လည်ချိတ်ဆက်ပြီး ဘုရားလောင်း တောထွက်တော်မူသောနေ့သည် ဝါဆိုလပြည့်နေ့ဖြစ်ကြောင်း သိစေပါ။

֍“ဘုရားဖြစ်တော်မူခြင်း”ကို ပြန်လည်ချိတ်ဆက်ပြီး ဘုရားဖြစ်တော်မူပြီးနောက် ပဉ္စဝဂ္ဂီ ငါးဦးတို့အား တရားဦးဓမ္မစကြာ ဟောတော်မူသောနေ့သည် ဝါဆိုလပြည့်နေ့ပင် ဖြစ် ကြောင်း သိစေပါ။

֍ထို့နောက် ရဟန်းများသည် ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ မိမိနေထိုင်သော ဘုန်းကြီးကျောင်းမှတစ်ပါး မည်သည့်အရပ်မှ မသွားတော့ဘဲ ဝါဆိုပြီး တရားစာပေများ လေ့လာခြင်း၊ တရားအားထုတ်ခြင်းတို့ကို ပြုလုပ်ကြတော့မည်ဖြစ် ကြောင်း၊ ထိုရဟန်းတော်များအတွက် ဝါဆိုသင်္ကန်းများ ဆက်ကပ်လိုကြသည့် အတွက် ဝါဆိုပွဲများ ကျင်းပကြခြင်းဖြစ်ကြောင်း ရှင်းပြပါ။

֍ထိုကဲ့သို့ နေ့ထူးနေ့မြတ်များ ဖြစ်ခြင်း၊ ရဟန်းတော်များ ဝါဆိုဝါကပ်ပြုသဖြင့် ဝါဆို သင်္ကန်းများ ဆက်ကပ်လိုခြင်းတို့ကြောင့် ဝါဆိုပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း သိပါစေ။

֍ထို့နောက် ဝါဆိုသင်္ကန်းဆက်ကပ်နေကြပုံကို ၁၅-စက္ကန့် (သို့မဟုတ်) ၃ဝ -စက္ကန့်ပြပြီး ကျောဘက်ကို ပြန်လှည့်ထားပါ။

֍ပြီးလျှင် “ရုပ်ပုံတွေကို ကြည့်ပြီးပြီနော်။ အဲဒီပုံထဲက ၃-ခု (သို့မဟုတ် ၅-ခု) မှတ်မိ တဲ့သူ လက်ထောင်ပြပါ”ဟု ပြောပြီး လက်ထောင်သူက ပြောပြပါစေ။

֍နောက်ဆုံးတွင် ရုပ်ပုံအတွင်း ပါဝင်သော အရာအားလုံးကို ရုပ်ပုံပြပြီး ကလေးများကို ပြန်လည်ပြောပြပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ယောက်ျားလေး၊ မိန်းကလေးများပါဝင်သော ဝါဆိုသင်္ကန်းကပ်လှူနေပုံ၊ ဝါဆိုပန်းခူးပြီး ဘုရားဆင်းတုတော်အား ကပ်လှူနေပုံ ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဝါဆိုပွဲတွင် ပြုလုပ်လေ့ရှိသော ဓလေ့ထုံးစံများအကြောင်းကို

(၁) ယောက်ျားလေး၊ မိန်းကလေးများပါဝင်သော ဝါဆိုသင်္ကန်းကပ်လှူနေပုံ၊
(၂) ဝါဆိုပန်းခူးပြီး ဘုရားဆင်းတုတော်အား ကပ်လှူနေပုံ၊

֍ရုပ်ပုံများကို ပြလျက် ဝါဆိုပွဲအကြောင်းကို အနည်းငယ် ပြန်လည်ပြောပြပြီး နိဒါန်း ပျိုးပါ။

֍ရုပ်ပုံများကို အားလုံးမြင်သာအောင် အတန်းရှေ့တွင် ပြသထားပါ။

֍ကလေးများကို အုပ်စု ၂-စုဖွဲ့ပြီး ရုပ်ပုံထဲကအတိုင်း သဏ္ဌာန်တူ ရုပ်သေ သရုပ် ဆောင်ကြပါစေ။ အုပ်စု ၂-စုကို ယှဉ်ပြိုင်ပါစေ။ အခြေအနေအားလျော်စွာ ဆရာက ကလေးများကို ကူညီပြောပြပေးပါ။

֍ကျန်ကလေးများအား ပြထားသောရုပ်ပုံနှင့် အုပ်စု (၂) စု သရုပ်ဖော်ပုံ တူ/ မတူ မေး မြန်းပါ။

ဥပမာ - လက်ဟန်၊ ထိုင်နေဟန် စသည် တူအောင် သရုပ်ဖော်စေပြီးလျှင် အုပ်စုနှစ်စု လုံးအား ချီးကျူးစကားပြောကြားပေးပါ။

֍ထို့နောက် ဒုတိယပုံကို ပြောင်းလဲပြီး ပထမပုံအတိုင်း ဆက်လက်လုပ်ဆောင်စေပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဝါဆိုပွဲ ကဗျာနှင့် ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဝါဆိုပွဲရုပ်ပုံများကိုပြလျက် ဝါဆိုပွဲတွင် ပြုလုပ်လေ့ရှိသော ဓလေ့ထုံးစံများကို ပြန်လည်ပြောပြပြီး အောက်ပါ ဝါဆိုပွဲကဗျာကို အသံနေအသံထား ဟန်အမူအရာဖြင့် ရွတ်ပြပါ။

ဝါဆိုပွဲ

လမြတ်ဝါဆို၊ သည်ကာလမို့၊
ပန်းခူးကြစို့၊ ကပ်လှူရန်။
မလေးအသံ၊ ညံညံပေးတော့၊
မြန်မြန်ပြေးပေါ့၊ မထွေးဇံ။
စေတီမြတ်ထံ၊ ပန်းကပ်ပြီးသော်၊
ဘုန်းကြီးကျောင်းပေါ်၊ သွားမယ့်ဟန်။
သင်္ကန်းလှူရန်၊ အတူနွှဲလို့၊
အလှူပွဲမို့၊ ပျော်ကြပြန် ...။
ပျော်ကြပြန် ... ပျော်ကြပြန်။

֍ကဗျာရွတ်ပြီးသောအခါ ကလေးများ ဝါဆိုပန်း ကပ်လှူနေကြပုံကို ပြလျက် “သားတို့၊ သမီးတို့ ဒီပုံထဲက ကလေးတွေ ဘာလုပ်နေကြတာလဲ၊ ဝါဆိုပန်း ကပ်လှူနေကြ တာကို သားတို့၊ သမီးတို့ သိပြီးပြီနော်၊ အခု အဲဒီပုံထဲကအတိုင်း ဝါဆိုပန်းတွေ ဘုရားမှာ သွားလှူကြရအောင်”ဟု ပြောပြပါ။

[သတိပြုရန် 2]

ထို့နောက် အဆင်ပြေရာ ပန်းတစ်မျိုးမျိုးနှင့် သစ်သီးများကို အသင့်ပြင်ထားပါ။ ကလေးများကို အုပ်စုလိုက် ပန်းသီကုံးကြစေပြီး သစ်သီးများကို ပန်းကန်တွင် သပ်ရပ် စွာ ထည့်ကြပါစေ။ ဆရာက အနီးကပ် ကြည့်ရှုပြောပြပေးပါ။

ထို့နောက် ဆရာက ဦးဆောင်ပြီး ကလေးများ သီကုံးထားသော ပန်းကုံးများနှင့် သစ်သီးပန်းကန်များကို ဘုရားဆင်းတုတော်တွင် သွားရောက်လှူဒါန်းပါ။

  1. ကလေးများကို မေးမြန်းရာတွင် လက်ထောင်သည့် ကလေးများကို ဦးစွာမေးမြန်းပြီးမှ တစ်တန်းလုံးကို စုပေါင်းဖြေဆိုပါစေ။
  2. ဤလုပ်ဆောင်ချက် (Activity)သည် ဘုရားပန်း ကပ်လှူပုံ၊ သစ်သီးကပ်လှူပုံများကို စနစ်တကျ လုပ်ဆောင်တတ်စေရန် ရည်ရွယ်ပြီး စီစဉ်ထားခြင်း ဖြစ်သည်။ အခြေအနေနှင့် နေရာဒေသ အားလျော်စွာ အဆင်ပြေသလို စီစဉ်နိုင်ပါသည်။