သီတင်းကျွတ်လပြည့်နေ့ -ဆရာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၄၀) သီတင်းကျွတ်လပြည့်နေ့ (ကျောင်းသားကိုင်သို့)
339291ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၄၀) သီတင်းကျွတ်လပြည့်နေ့ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄ဝ)

သီတင်းကျွတ်လပြည့်နေ့

သင်ယူမှုဦးတည်ချက် ။ ။ ဗုဒ္ဓဘာသာတို့၏သီတင်းကျွတ်လပြည့်နေ့နှင့်ပတ်သက်၍ သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မြတ်စွာဘုရားရှင် နတ်ပြည်တွင် တရားဟောပြီး ပြန်လည် ဆင်းသက်လာသည့် သရုပ်ဖော်ပုံ၊ မြတ်စွာဘုရားကို မီးပူဇော်နေသော ရုပ်ပုံနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍မြတ်စွာဘုရားရှင် နတ်ပြည်တွင် တရားဟောပြီး ပြန်လည်ဆင်းသက်လာပုံ သရုပ် ဖော်ပုံကို ပြလျက် အောက်ပါ မေးခွန်းများကို မေးမြန်းပြီး ရုပ်ပုံထဲတွင် ပါဝင်သော ပုံရိပ်များနှင့် ဆက်စပ်၍ နောက်ခံသမိုင်းကြောင်းကို အကျဉ်းမျှ ရှင်းပြပါ။

-ဒီပုံကို အရင်ကမြင်ဖူးလား။
-ဘယ်မှာ မြင်ဖူးတာလဲ။
-ဒီပုံမှာ ဘယ်သူတွေပါလဲ။
-သူတို့တွေ ဘာလုပ်နေကြတာလဲ။

နောက်ခံသမိုင်းကြောင်း

မြတ်စွာဘုရားရှင် နတ်ပြည်မှာ တရားဟောပြီး လူ့ပြည်သို့ ပြန်လည်ဆင်းသက် လာတာဟာ သီတင်းကျွတ်လပြည့်နေ့မှာ ဖြစ်ပါတယ်။ နတ်သားနတ်သမီးများ ခြံရံပြီး မြတ်စွာဘုရားရှင် နတ်ပြည်ကနေ ဆင်းသက်လာပုံဟာ လွန်စွာကြီးကျယ်ခမ်းနားလှ ပါတယ်။ အဲဒီလို မြတ်စွာဘုရားရှင် လူ့ပြည်သို့ ပြန်လည်ကြွရောက်လာတဲ့နေ့မှာ တပည့် ရဟန်းတော်များနဲ့ ဒကာ၊ ဒကာမအပေါင်းက အားရဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။ မီးထွန်း ညှိပူဇော်တဲ့ဓလေ့ကို ပိဋကတ်စာပေတွေမှာ မတွေ့ ရပေမဲ့ အဲဒါကို အတုယူပြီး ဒီနေ့ ခေတ် ဗုဒ္ဓဘာသာဝင်တွေကလည်း သီတင်းကျွတ်လပြည့်နေ့မှာ မီးကြာခွက်အမျိုးမျိုး၊ မီးပုံးအမျိုးမျိုး၊ ရောင်စုံမီးလုံးတွေ၊ ဆီမီးခွက်တွေနဲ့ မြတ်စွာဘုရားရှင်ကို ပူဇော်နေကြခြင်း ဖြစ်ပါတယ်။

֍မြတ်စွာဘုရားကို မီးပူဇော်နေသော သရုပ်ဖော်ပုံကို ဆေးရောင်ခြယ်ကြပါစေ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ သီတင်းကျွတ်လပြည့်နေ့တွင် ကလေးများက ဘုန်းတော်ကြီး၊ မိဘ၊ ဘိုးဘွား၊ ဆရာများကို ပူဇော်ကန်တော့ကြပုံ ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သီတင်းကျွတ်လပြည့်နေ့မှာ မြတ်စွာဘုရားကို ဆီမီးတွေ၊ လျှပ်စစ် ရောင်စုံမီးလုံးတွေ နဲ့ ပူဇော်တယ်ဆိုတာ သားတို့၊ သမီးတို့ သိပြီးပြီနော်”ဟု အစချီပြီး ဤသီတင်းကျွတ် လပြည့်နေ့တွင် မြတ်စွာဘုရားရှင်သာမက ဖေဖေ မေမေ၊ ဘိုးဘိုး ဘွားဘွား၊ ဆရာ၊ ဆရာမများကိုလည်း ပူဇော်ကန်တော့ကြရမည်ဖြစ်ကြောင်း ပြောပြပါ။

֍ထို့နောက် အောက်ပါ မေးခွန်းများ မေးမြန်းပြီး လွတ်လပ်စွာ ဖြေဆိုပါစေ။

[သတိပြုရန် 1]

-သားတို့၊ သမီးတို့ ဖေဖေနဲ့မေမေကို သီတင်းကျွတ်လပြည့်နေ့မှာ ကန်တော့ချင် ကြလား၊ ဘာနဲ့ ကန်တော့ကြမလဲ။
-သားတို့၊ သမီးတို့ ဘိုးဘိုး၊ ဘွားဘွားတွေကို သီတင်းကျွတ်လပြည့်နေ့မှာ ကန်တော့ချင်ကြလား။ ဘာနဲ့ ကန်တော့မလဲ။
-သားတို့၊ သမီးတို့ ဆရာတွေကို သီတင်းကျွတ်လပြည့်နေ့မှာ ကန်တော့ချင်ကြလား။ ဘာနဲ့ ကန်တော့မလဲ။

֍ထို့နောက် ကလေးများကို သင့်လျော်သလို အုပ်စု (၂) စု ဖွဲ့ပါ။

֍သီတင်းကျွတ်လပြည့်နေ့တွင် လူငယ်ကလေးများက မိဘ၊ ဘိုးဘွား၊ ဆရာ၊ ဆရာမ များကို ပူဇော်ကန်တော့နေကြပုံ သရုပ်ဖော်ပုံကိုပြသပြီး သရုပ်ဖော်ပုံအတိုင်း သဏ္ဌာန် တူ (ရုပ်သေ) သရုပ်ဆောင်ပါစေ။

֍ယှဉ်ပြထားသော ရုပ်ပုံနှင့် အုပ်စု (၂) စု သရုပ်ဖော်ထားပုံများ (လက်ဟန်၊ ထိုင်နေ ဟန် စသည်) တူ/မတူ ကျန်ကလေးများအား မေးမြန်းပါ။

֍ထို့နောက် အုပ်စု (၂) ဖွဲ့လုံးအား ချီးကျူးစကားပြောကြား၍ ဤပုံထဲကအတိုင်း သီတင်းကျွတ်လပြည့်နေ့ကို နှစ်စဉ်နှစ်တိုင်းကျင်းပပြီး မြတ်စွာဘုရားရှင်ကို ပူဇော်ကြ ရမည်ဖြစ်ကြောင်း၊ မြတ်စွာဘုရားကို ပူဇော်သည့်နည်းတူ သီတင်းကျွတ်လပြည့်နေ့ ရောက်တိုင်း သားတို့၊ သမီးတို့က ဘုန်းတော်ကြီး၊ ဖေဖေ မေမေ၊ ဘိုးဘိုး၊ ဘွားဘွား၊ ဆရာများကိုလည်း ရိုရိုသေသေ ပူဇော်ကန်တော့ရမည်ဖြစ်ကြောင်း ပြောပြပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မီးပုံးထွန်းနေပုံ၊ မီးကြာခွက်ထွန်းနေပုံ၊ မီးပုံးပျံလွှတ်နေပုံ၊ မီးရှူးမီးပန်း ဖောက်နေသည်ကို သရုပ်ဖော်ထားသောပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအားလုံးကို အခန်း၏ အလယ်တွင် ရှိနေကြပါစေ။

[သတိပြုရန် 2]

֍အခန်း၏ ထောင့်လေးထောင့်တွင် မီးပုံးထွန်းနေပုံ၊ မီးကြာခွက် ထွန်းနေပုံ၊ မီးပုံးပျံ လွှတ်နေပုံ၊ မီးရှူးမီးပန်း ဖောက်နေပုံများကို ချိတ်ဆွဲထားပါ။

֍ဆရာက “မီးပုံးထွန်းရအောင်”ဟု ပြောလိုက်သောအခါ ကလေးများက မီးပုံးထွန်း နေပုံရှိရာထောင့်သို့ အပြေးသွားရောက်ပါစေ။ ထိုနည်းအတိုင်း “မီးပုံးပျံ လွှတ်ရ အောင်”စသည်ဖြင့် ပြောလိုက်သောအခါ ကလေးများက သက်ဆိုင်ရာထောင့်များသို့ အပြေးသွားရောက်ရပါမည်။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မီးထွန်းပွဲတော် ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

“မီးထွန်းပွဲတော်”ကဗျာကို ကလေးများ ဟန်အမူအရာဖြင့် သီဆိုကြပါစေ။ ကလေးများ အားလုံးကဗျာကို အလွတ်ရသည်အထိ ဆရာက ဦးဆောင်၍ဆိုပြပါ။ ပြီးလျှင် အုပ်စု လိုက် ဆိုကြပါစေ။

မီးထွန်းပွဲတော်

သီတင်းကျွတ်ပြီ မီးထွန်းမည်၊
မီးပူဇော်ပွဲ နွှဲကြမည်။
လမြတ်ရာသီ ချိန်ခါပဲ၊
ဘိုးဘွားမိဘ ကန်တော့ပွဲ။
မီးရောင်စုံထဲ အလှပြိုင်၊
ဖြူနီဝါပြာ ဘယ်သူနိုင်။
မြိုင်မြိုင်ဆိုင်ဆိုင် ကူညီလို့၊
မီးပုံးပျံကြီး လွှတ်ကြစို့။

  1. ကလေးများကို လွတ်လပ်စွာ ဖြေဆိုစေပါ။ အဖြေတွင် လိုအပ်ချက်များရှိလျှင် ဆရာက ဖြည့်စွက် ပြောပြပါ။
  2. အပြေးသွားရောက်ရာတွင် ကလေးများ ထိခိုက်မှ မရှိအောင် သတိပြုရပါမည်။