ညောင်ရေသွန်းပွဲ -ဆရာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၈) ညောင်ရေသွန်းပွဲ (ကျောင်းသားကိုင်သို့)
339289ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၃၈) ညောင်ရေသွန်းပွဲ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၈)

ညောင်ရေသွန်းပွဲ

သင်ယူမှုဦးတည်ချက် ။ ။ ညောင်ရေသွန်းပွဲ ကျင်းပရခြင်းအကြောင်းကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ညောင်ရေသွန်းလောင်းနေပုံ ရုပ်ပုံ ဖြတ်ဆက်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ညောင်ရေသွန်းလောင်းနေပုံ ရုပ်ပုံ အပိုင်းအစများကို ကလေးများက အုပ်စုလိုက် ပုံပေါ်အောင် ပြန်စီစေပါ။

֍မူလရုပ်ပုံ ပြန်ပေါ်လာသည်အထိ စီပြီးသောအခါ အောက်ပါ မေးခွန်းများ မေးမြန်းပြီး ပြန်လည်ဖြေဆိုပေးခြင်းဖြင့် ညောင်ရေသွန်းလောင်းပွဲ အကြောင်းကို သိပါစေ။

[သတိပြုရန် 1]

-ဒီပုံထဲမှာ ဘာလုပ်နေကြတာလဲ။
-ဒီပုံထဲကလူတွေ လုပ်နေကြသလို အပြင်မှာ တွေ့ ဖူးလား။
-ဒီပုံထဲက သစ်ပင်ကြီးကို အပြင်မှာ တွေ့ ဖူးလား၊ ဘာပင်ကြီးလဲ၊ ဘယ်နေရာမှာ တွေ့ဖူးသလဲ။
-အဲဒီအပင်ကြီးတွေဆီကို ရောက်ဖူးလား။

֍ဤရုပ်ပုံထဲတွင် ပြုလုပ်နေကြသည်မှာ ညောင်ရေသွန်းပွဲ ပြုလုပ်နေကြခြင်း ဖြစ် ကြောင်း၊ သားတို့၊ သမီးတို့ ကိုးကွယ်နေသော မြတ်စွာဘုရားသည် ဗောဓိညောင်ပင် အောက်တွင် ပွင့်တော်မူခြင်းကြောင့် ဗောဓိညောင်ပင်ကို ရေလောင်းပြီး ပွဲတော် ကျင်းပနေခြင်းဖြစ်ကြောင်း စသည်ဖြင့် ကလေးများနှင့် လိုက်လျောညီထွေ ဖြစ်သော ဗဟုသုတများကို ပြောပြပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဗုဒ္ဓဝင်သင်ခန်းစာများမှ ကဆုန်လပြည့်နေ့နှင့် သက်ဆိုင်သောပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

ရုပ်ပုံကို ကလေးများအားလုံး မြင်သာအောင် ပြထားပါ။

[သတိပြုရန် 2]

ဖွားတော်မူခြင်း၊ ငယ်စဉ်ဘဝ၊ တောထွက်တော်မူခြင်းနှင့် ဘုရားဖြစ်တော်မူခြင်း ဟူသော ဗုဒ္ဓဝင်သင်ခန်းစာများနှင့် ချိတ်ဆက်ပြီး တစ်ခုချင်းစီ အကျဉ်းမျှ ပြောပြပါ။ မြတ်စွာဘုရားရှင်သည် ဤဗောဓိညောင်ပင်အောက်တွင် ဘုရားအဖြစ်ကို ရရှိပြီး လူနတ်တို့၏ ကိုးကွယ်အားထားဖွယ် မြတ်စွာဘုရားအဖြစ် ကမ္ဘာမြေတွင် ပေါ်ပေါက် ခဲ့ကြောင်း ကလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ညောင်ရေသွန်းပွဲ ကဗျာ၊ ညောင်ရေလောင်းတဲ့ မောင်သီဟလေးဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရုပ်ပုံကိုပြလျက် ညောင်ရေလောင်းတဲ့ မောင်သီဟလေးဇာတ်လမ်းကို ကလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် အသံနေအသံထား ဟန်အမူအရာဖြင့် ပြောပြပါ။

ညောင်ရေလောင်းတဲ့မောင်သီဟလေး

မောင်သီဟလေး သူငယ်ချင်းတွေနဲ့ ကစားပြီးအိမ်ပြန်လာတော့ သူ့မိဘတွေ အစ်ကို၊ အစ်မတွေဟာ ရေအိုးတွေ၊ ရေပုံးတွေမှာ ရေတွေဖြည့်ပြီး ကိုယ်စီကိုယ်စီ အလုပ် များနေကြတာ တွေ့သွားတယ်။ သူလည်း အလွန်ကို သိချင်သွားတယ်။ အဲဒါနဲ့ သူက “မေမေတို့ ရေအိုးတွေမှာ ရေတွေဖြည့်ပြီး ဘာလုပ်ကြမှာလဲ”လို့ သူ့မေမေကို မေးတယ်။ သူ့မေမေက “ဗောဓိညောင်ပင်ကို ရေသွားလောင်းကြမလို့” ဆိုပြီး ပြန်ဖြေတယ်။ “ဘာဖြစ် လို့ ညောင်ပင်ကို ရေသွားလောင်းကြမှာလဲ”လို့ မေးတော့ သူ့မေမေက “သားလေးရေ မေမေတို့ရဲ့ မြတ်စွာဘုရားဟာ ဗောဓိညောင်ပင်ရဲ့ အောက်မှာ ဘုရားဖြစ်တော်မူတယ်။ မြတ်စွာဘုရားကလည်း ဗောဓိညောင်ပင်ကို သူ့ကိုယ်စား ကိုးကွယ်ခွင့်ပြုခဲ့တယ်။ နွေရာသီ ကဆုန်လက အလွန်ပူတဲ့ အချိန်ဆိုတော့ ဗောဓိညောင်ပင်တွေကို စိမ်းလန်း နေအောင် ရေလောင်းပေးရတာ”လို့ ပြောတယ်။

မောင်သီဟလေးလည်း ညောင်ရေလောင်းရမှာကို အလွန်စိတ်ဝင်စားသွားတယ်။ အဲဒါနဲ့ “မမတို့၊ ကိုကိုတို့ရော လိုက်မှာလားလို့ မေးတော့ “အားလုံးလိုက်ကြမယ်”လို့ ပြောတယ်။ သူလည်း အလွန်ပျော်သွားပြီး “သားလည်း ညောင်ရေလောင်း လိုက်မယ်”လို့ ပြောတော့ သူ့မေမေက ရေပုံးသေးသေးလေးတစ်ပုံးကို ရှာပေးတယ်။ သူတို့မိသားစုတွေ အားလုံး ညောင်ရေလောင်းဖို့သွားခဲ့ကြတယ်။

တခြားရပ်ကွက်တွေက လူတွေလည်း ရေအိုးတွေ၊ ရေပုံးတွေကိုယ်စီနဲ့ ညောင်ရေ လာလောင်းကြတာ တွေ့ ရတယ်။ အိုးစည်၊ ဒိုးပတ် အကအခုန်တွေနဲ့ ညောင်ရေလောင်း ကြတာ မောင်သီဟလေးတွေ့ ရတော့ အလွန်ပျော်နေတယ်။ ဘုရားဖူးရင်း ညောင်ရေ လောင်းရတာက မောင်သီဟလေးအတွက်တော့ ထူးဆန်းပြီး ကြည်နူးဖွယ်ကောင်းနေ ပါတယ်။ အဲဒါကြောင့် မောင်သီဟလေးဟာ နောက်နှစ်တွေမှာလည်း ညောင်ရေလောင်းပွဲ သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

֍ညောင်ရေသွန်းလောင်းပွဲ ကျင်းပနေသောပုံရိပ်များ ပါဝင်သော “ညောင်ရေသွန်းပွဲ” ကဗျာကို အသံနေအသံထား ဟန်အမူအရာဖြင့် ရွတ်ဆိုပြပါ။

ညောင်ရေသွန်းပွဲ

ညောင်ရေလောင်းမယ် ဆုတောင်းမယ် ...
ထိုနေ့ရောက်ရင်ကွယ်။
ဘုရားမွေးတယ် ထိုရက်နေ့၊
တို့တွေ ဘယ်မမေ့။
လပြည့်နေ့ပေါ့ နွေကဆုန်၊
ပူလို့ ဆွေ့ ဆွေ ခုန်။
ချမ်းမြေ့ရုံ ဆင်ကာနွဲ၊
ညောင်ရေသွန်းတဲ့ပွဲ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ရှေ့သင်ခန်းစာများတွင် အသုံးပြုခဲ့သော ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍စာသင်ချိန် (၁၊ ၂၊ ၃) တွင် ပါဝင်သော အကြောင်းအရာများကို ကလေးများနှင့် ပြန်လည်ဆွေးနွေးပါ။

֍ထို့နောက် “ကဲ ... သားတို့၊ သမီးတို့ အခု ညောင်ရေသွန်းပွဲလေး လုပ်ကြရအောင်”ဟု အစချီကာ ဗောဓိညောင်ပင်သို့ သွားရောက်၍ ညောင်ရေသွန်းလောင်းပါ။

֍ထို့နောက် ညောင်ရေသွန်းပွဲ ကဗျာကို ပြန်လည်ရွတ်ဆိုကြပါစေ။

֍ပြီးလျှင် မြတ်စွာဘုရားရှင်သည် ဤဗောဓိညောင်ပင်အောက်တွင် ဘုရားဖြစ်တော်မူပြီး လူနတ်တို့ကို ယဉ်ကျေးအောင် ဆုံးမဟောကြားခဲ့သည့်အတွက် ဗောဓိညောင်ပင် သည် ဗုဒ္ဓဘာသာတွင် အလွန် အရေးကြီးသကဲ့သို့ မြင့်မြတ်သောသစ်ပင်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မြတ်စွာဘုရားကို ရှိခိုးသကဲ့သို့ ဗောဓိညောင်ပင်ကိုလည်း ဘုရားအမှတ်ဖြင့် ရှိခိုးရမည် ဖြစ်ကြောင်း၊ ဤကဲ့သို့သော ညောင်ရေသွန်းပွဲများကိုလည်း ပြုလုပ်ကြ ရမည်ဖြစ်ကြောင်း ပြောကြားပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကလေးများအားလုံး ပါဝင် ဖြေဆိုကြပါစေ။
  2. ဗုဒ္ဓဝင်သင်ခန်းစာများနှင့် ချိတ်ဆက်ပြီး ပြန်လည်အမှတ်ရပါစေ။