ရာဇစရိယခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၈။ ရာဇစရိယခဏ်း


(၇၂) ထိုမိထိလာ၊ ပြည် အောင်ချာနှိုက်၊ မဟာမဃ၊ ဒေဝ မင်းခေါင်၊ မင်းမျာ့းနောင်လျှင်၊ ဘုန်းရောင် တက်တိုး၊ နေနွယ်ရိုးတည့်၊ အမျိုး မြတ်ဆုံး၊ လယ်ရုံးနေရှိန်၊ ဝရဇိန်ပညာ၊ ဥစ္စာ မြေထု၊ ဗိုလ်စု မြင်းမိုရ်၊ နှိုင်းဆို*တမျှ၊ ဗလ ငါးပါး၊ မင်းတို့အားနှင့်၊ ထင်ရှား ပြည့်စုံ၊ ရွှေဘုံနန်းသစ်၊ တည်သစ် ထောင်ပွား၊ သိကြားတဆူ၊ သဏ္ဌာန်တူအောင်၊ ရိပ်ဖြူ ရှစ်စင်း၊ မင်းခမ်း ကျင်းလျက်၊ ဝင်းဝင်း ဘိတ်ဘိတ်၊ ကျွန်းလုံး ထိတ်မျှ၊ ဘိသိက် ထပ်ခံ၊ တက်စံ နန်းသစ်၊ ဘွင့်လှစ် ဥကင်၊ သောင်းခွင် ကျော်ဟိုး၊ ဘုန်းတော်နှိုး၍့၊ တန်းခိုး *လွှံ့ကြွား၊ စောင့်တရားဖြင့်၊ တိမ်းပါး*မဲ့အောင်၊ ကျင့်ဆောင် မယွန်း၊ စဉ်ပြဋ္ဌာန်းလျက်၊ ရဟန်းသိက္ခာ၊ မင်းမှာ ဘိသိက်၊ သူတော်စိတ်ဟု၊ ထိုးထိတ် မယှိ၊ ကျောက်ဂီရိသို့၊ သတိ ပညာ၊ သမ္မာ တည်ကြား၊ ကျင့် မမှားဘဲး၊ တိုင်းကား ပြည်-ရွာ၊ စည်ရာ လေးခု၊ ဆယ်စု ကြောင်းခံ၊ နိုင်ငံ ကျယ်ပွင့်၊ ရှစ်ဆင့် ကာရဏ၊ မကင်းရတည့်၊ ရာဇပြကတေ့၊ ဓလေ့ ခုနစ်၊ စစ်၏့အင်္ဂါ၊ မြို့ အစာလည်း၊ သင်္ချာ စတု၊ ပြည့်ကြောင်းပြု၍့၊ လေးခု အဂတိ၊ မငြိမလား၊ လေးပါး သင်္ဂြီုဟ်၊ ကုသိုလ် ဒသ၊ ကံပထနှင့်၊ မင်းမျာ့း ကျင့်ရန်၊ ရှစ်တန် ဆယ်ဖြာ၊ စကြာကျင့်ဝတ်၊ ဒွါဒသ်တရား၊ မမှား နေ့ည၊ မယွင်းရတည့်၊ ဆ နာယက၊ ဂုဏ ခြောက်ပါး၊ မပြောက်†ကျားဘဲး၊ သိ†ကြား လ-နေ၊ မြေ-လေ-ယမ၊ သမုဒ္ဒနှင့်၊ ဒေဝ ပဇ္ဇုန်၊ ရာဇဂုဏ်လည်း၊ *မသုန်မဖျင်း၊ ကိုးကွင်း နဝရတ်၊ ဆင် မပြတ်ဖြင့်၊ သတ္တ အပရိဟာ၊ ကျင့် ကောင်းစွာသား၊ ကျင့်ရာကိစ္စ၊ မကြွင်းရတည့်၊ ဓမ္မလုံးစုံ၊ ယှဉ်ထုံ ကိုယ်လုံး၊ ကျင့်သုံး အမြဲး၊ ကိုင်စွဲး လက်ယှိ၊ သို့ဖြစ်ဘိ၍့၊ ဓမ္မိကပုဒ်၊ ဟောဘော်ထုတ်ထား၊ ပြယုဂ်ပြီးသေ၊ ရုပ်အနေကို၊ ဓမ္မေ နိယုတ္တော၊ ဓမ္မော အဿတ္ထိ၊ ဓမ္မံ စရတိ၊ ဘွင့်ဘိ အဋ္ဌကထာ၊ ရှေးဆရာတို့၊ ဋီကာ သံဝဏ်၊ နည်းမလွန်သည်။။ ပြညွှန် ရွှေနှုတ် မိန့်ခွန်းတည်း။ (၁)

(ဤကား 'ဓမ္မိကော'ပုဒ်၏့ အဘွင့်တည်း။)

(၇၃) ဓမ္မိကဖြင့်၊ ရာဇ ကျင့်ထုံး၊ စွဲးသုံး မြဲးထုံ၊ အလုံးစုံနှင့်၊ ရွှေဘုံ ထီးနန်း၊ ဘုန်း*ဘန်ဆန်း၍့၊ သိမ်းမြန်း အုပ်မိုး၊ မဃ*စိုးဟု၊ တန်းခိုး နေစက်၊ *စောဘုန်း†တက်ကား၊ နန်း†ထက် သန္ဓေ၊ တည်နေ မြင်-ဘွား၊ ပြေးသွားတတ်ထ၊ သည်က စ၍့၊ ထိန်းယ လက်ပေါ်၊ ဖြေဖျော် စံ†ခြင်း၊ ရွှေဂုံ†ချင်းနှင့်၊ ရွှေမြင်း ရွှေဆင်၊ ရွှေရုပ်ရှင်ကို၊ နန်းပြင် ကစား၊ မြူးရွှင်ပါးသည်၊ မင်းသားငယ်စစ်၊ သူငယ့်ဖြစ်ဖြင့်၊ အနှစ် ရှစ်သောင်း၊ လေးထောင်ပေါင်းတည့်၊ မင်းလောင်း *နန်းလျာ၊ ဥပရာဟု၊ မင်္ဂလာစံငြိမ်၊ မြောက်ဝင်းအိမ်ဝယ်၊ စည်းစိမ် တဆင့်၊ ကြီးမြင့်ပြန်၍့၊ ဘုန်း*ကြွေ့ကြွေ့နှင့်၊ အိမ်ရှေ့မင်းဖြစ်၊ စံသည့်ခေတ်လည်း၊ အနှစ် ရှစ်သောင်း၊ လေးထောင်ပေါင်းတည့်၊ တကြောင်း ထိုမှ၊ ဝိဒေဟနှိုက်၊ တတီယ နန်းထီး၊ တည်ပြီး စံလစ်၊ မင်းကြီးဖြစ်လည်း၊ အနှစ် ရှစ်သောင်း၊ လေးထောင်ပေါင်းတည့်၊ ရှေးကြောင်း ပုညဇိဒ်၊ ဂုဏ်မဟိဒ်နှင့်၊ အာဒိစ် ရဝိန်၊ နေသူရိန်လျှင်၊ အရှိန် ပြိုးပြက်၊ တိုးကာတက်သို့၊ လက်နက် ချီမိုး၊ လက်ရုံးကိုးလျက်၊ စစ်ထိုး လုယက်၊ နိုင်အထက်ဖြင့်၊ နှိပ်စက်ကိစ္စ၊ မပြုရဘဲး၊ ငယ်က ဆင့်ဆင့်၊ ဘုန်းတော်ရင့်တိုင်း၊ အသင့် အသင့်၊ ဆီးခံလင့်၍့၊ မြင့်သည့်စည်းစိမ်၊ ကြီးရိပ်ငြိမ်နှင့်၊ မွေ့သိမ် ချမ်းမြ၊ ဓမ္မေနဟု၊ ဓမ္မ ကရိုဏ်း၊ ဟုတ်တိုင်း မုချ၊ အနွတ္ထဖြင့်၊ နန်းရ မင်းစစ်၊ ဖြစ်သည့်အရ၊ ပဝတ္တကြောင့်၊ ဓမ္မရာဇာ၊ မည်တော်သာသည်။။ မဟာပုည *ပြဋ္ဌာန်းတည်း။ (၂)

(ဤကား 'ဓမ္မရာဇာ'ပုဒ်၏ အဘွင့်တည်း။)

(၇၄) ဝဒန္တနှိုက်၊အတ္ထ ကြောင်းလာ၊ သဒ္ဒါ အကျိုး၊ စစ်ရိုး ကျမ်းဂန်၊ အခြေမှန်သား၊ သံဝဏ္ဏနာ၊ ဆရာတို့ထုံး၊ လက်သုံး နည်းရိုး၊ သွယ်သည့်†ကြိုးသို့၊ အ†ကျိုး မကွဲး၊ အကြောင်း လွဲး၍့၊ ဘွင့်မြဲး *တန်ထွာ၊ ဓမ္မတာဖြင့်၊ ဝါ ဝိကပ္ပ၊ တနည်းပြကား၊ ပရဟိတ၊ လောက အများ၊ သူတပါးတို့၊ စီးပွားအကြောင်း၊ ကျင့်ကောင်း ဓမ္မ၊ စရိယကို၊ ကျင့်ထတုံဘိ၊ ဂုဏ်သတ္တိကြောင့်၊ ဓမ္မိကဟူသည်၊ မည်သတတ်တည့်၊ အတ္တဟိတ၊ ဒိဋ္ဌ တမလွန်၊ နှစ်တန် ကျိုးယှိ၊ မိမိစီးပွား၊ ကျင့်တရားကို၊ ကျင့်ငြားတတ်ထ၊ စရကကြောင့်၊ ဓမ္မရာဇာ၊ သညာ ထူးလည်၊ မည်ပညတ်တည့်၊ လောင်းမြတ် မဃ၊ *စောဒေဝလည်း၊ အတ္တ ပရ၊ ဟိတ*ပွားစီး၊ အကျိုး ဖြီးအောင်၊ ပြည်ကြီး ထောင်တည်၊ ဘုန်းရောင်ခြည်ဖြင့်၊ တောင်ရှည် ပတ်ချုပ်၊ ကြယ့်နှယ်အုပ်လျက်၊ ပိုက်ထုပ် ထိန်းကယ်၊ များ*ပေါယယ်အား၊ လေးသွယ် သင်္ဂြီုဟ်၊ ခြီးမြှောက် *ကြို၍့၊ ကိုယ်၏့စီးပွား၊ သူ့စီးပွားတည့်၊ နှစ်ပါး ကျိုးယှိ၊ ကျင့်နိုင်ဘိသား၊ သတ္တိအရ၊ ဓမ္မကနှင့်၊ ဓမ္မရာဇာ၊ မည်ထိုက်စွာသည်။။ ရွှေစာ ကျမ်းမိန့် မယွန်းတည်း။ (၃)

(တနည်းအားဖြင့် ဓမ္မကပုဒ်၏ 'ပရဟိတောပါယဓမ္မစရကယောဇနာ'အနက်တို့ကို ဘွင့်သည်။)

(၇၅) ယင်းဓမ္မိက၊ ပဒအလို၊ လောင်းမင်း †ပျိုလျှင်၊ မ†ပြိုမပျက်၊ ဓမ္မစက်ဖြင့်၊ မကွက်မမှား၊ ပြည်တိုင်းကားနှိုက်၊ လေးပါး မျိုးနွယ်၊ ကြီးငယ် မြတ်-ယုတ်၊ *ဗိုလ်အစုတ်ကို၊ ခွန်တုတ် မတိုး၊ ပန့်းနှယ် ပျိုး၍့၊ မင်းရိုး*တကာ၊ ရှေးရာဇာတို့၊ စဉ်လာ ပေးကမ်း၊ ပြုမြဲးတမ်းဖြင့်၊ ရှေးလမ်းအကျ၊ မယုတ်ရအောင်၊ ဗြာဟ္မဏ ဂဟပတိ၊ စယှိ လုံးစုံ၊ နိဂုံ ဇနပိုဒ်၊ လူတဝိုက်အား၊ ထိုက်လိုက် သင့်တင့်၊ မြှောက်ခြီးမြှင့်လျက်၊ ငှက်နှင့် သားငါး၊ တောသား ရေပိုး၊ အမျိုးမျိုးလည်း၊ မစိုးထိတ်နန့်၊ မလန့်ကြောက်စေ၊ စောင့်ရှောက်ထွေဖြင့်၊ ရေနေ ကြည်းနေ၊ ချမ်းသာစေဟု၊ မိန့်ရွှေ လတိုင်း၊ ရက် မဆိုင်းဘဲး၊ ရွှေသိုင်း ဝင့်†ကြော်၊ ရွှေစည် ဆော်၍့၊ အ†ကျော်တ+စော၊ မေတ္တာ+ဇောဖြင့်၊ တောင်-တောမြစ်-အင်း၊ မကျန်ကြွင်းအောင်၊ *ခပင်း ငယ်-ကြီး၊ အသီးသီးအား၊ အနီး အဝေး၊ ဘေး*မဲ့ပေးသည်။။ ရန်ဘေး မခြယ် မစွန်းတည်း။ (၄)

(ဤကား ဓမ္မိကပုဒ်ကို 'ပရဟိတောပါယဓမ္မစရက'ဟူ၍့ ဘွင့်သော သံဝဏ္ဏနာ၏ လဒ္ဓဂုဏ်၊ တနည်းကား အကျယ် ဝိတ္ထာရတည်း။)

(၇၆) ဓမ္မရာဇာ၊ မည်တော်သာသား၊ သဒ္ဒါအရ၊ လောင်းမဃလျှင်၊ အန္န ပါန၊ စသည်အပြား၊ ဆယ်ပါးပညပ်၊ ဒါနရပ်ကို၊ မလပ် မကင်း၊ ပေးစွန့်ခြင်းနှင့်၊ “သီတင်း ငါးလီ၊ ပ ဉ္စလီမူ၊ ယှဉ်မှီ မလွဲး၊ ရွှေလည်ရွဲးသို့၊ လက်စွဲး မချ၊ မြဲး နိစ္စတည့်၊ တလ မယုတ်၊ ဆန်း-ဆုတ်အညီ၊ အဋ္ဌမီက၊ စုဒ္ဒသီမည်မှတ်၊ ပန္နရသ်ဟု၊ ပညတ် နာမ၊ နိစ္စ မရွေ့၊ ပြကတေ့နှင့်၊ ရှေ့ရက် နောက်ရက်၊ ဝင်-ထွက် ကြိုပို့၊ သည်ရက်တို့နှိုက်၊ မချို့ ပက္ခ၊ ပါဋိဟဟု၊ ကျမ်းပြ ခေါ်ရိုး၊ ဥပုသ်မျိုးလည်း၊ မညှိုးတရံ၊ *ခြိုးတခြံဖြင့်၊ ဗြဟ္မစရိယ၊ အဋ္ဌင်္ဂကို၊ တလအနက်၊ ဆဲ့လေးရက်တိုင်း၊ မပျက် တနေ့၊ လစဉ် စေ့အောင်၊ သိမ်မွေ့ နှလုံး၊ ဆောက်တည်သုံး၍့၊ ဆုံးဆုံးမမ၊ စိတ်မခွဘဲး၊ ကျင့်ထ မမှား၊ အမှန်အားဖြင့်၊ ခြောက်ပါး ဣန္ဒြေ၊ မြဲး စောင့်နေ၏၊”သေသေဝပ်ဝပ်၊ ကွပ်ကွပ်နှိပ်နှိပ်၊ သိပ်သိပ်သည်းသည်း၊ မ*လိပ်လည်းဘဲး၊ အ*ထည်း ယုတ်မာ၊ ရုန့်ရင်းစွာသား၊ ကိလေသာဆိုး၊ *ရမ္မက်မျိုးတို့၊ မထိုး*ကျင့်ရ၊ *တဒင်္ဂတိုင်း၊ ကင်းပ ကွယ်†ပျောက်၊ ငြိမ်းအောင် ဖျောက်လျက်၊ စွန်း†ပြောက် မယှဉ်၊ သမ္ပဇဉ်နှင့်၊ ယဉ်ယဉ်†ကျေးကျေး၊ မျက်နှာရေးကို၊ ရွှေ†ကြေးမုံပြင်၊ မပြတ် တင်သို့၊ မထင် ရိမှေး၊ အစင် ဆေး၍့၊ လေးလေး*ကုံကုံ၊ ခြောက်အာရုံနှိုက်၊ ခုံခုံ*မင်မင်၊ ပြေးဝင် ပေါက်လွှတ်၊ မညွတ်စေလျှင်း၊ ပြစ်မြူ ကင်း၏၊ ခရုသင်းပွတ်သစ်၊ ပုလဲးနှစ်နှင့်၊ မညစ် မမှိန်၊ လ,စန္ဒိန်သို့၊ သန္တိန္ဒြိယ၊ လွန်ချမ်းမြလျက်၊ သမစရိယာ၊ ငြိမ်သက်စွာလျှင်၊ မဟာဗောဓိ၊ လမ်းမှန်သိသည်။။ ဇာတိ ရွှေဉာဏ် ခိုင်*ကျန်းတည်း။ (၅)

(ဤကား ဓမ္မရာဇာပုဒ်ကို အတ္တဟိတောပါယဓမ္မစရကဟူ၍့ ဘွင့်သော သံဝဏ္ဏနာ၏ လဒ္ဓဂုဏ်။ တနည်းကား အကျယ် ဝိတ္ထာရ။)

ဤမျှဖြင့် 'ဓမ္မိကော ဓမ္မရာဇာ' အဘွင့်တည်း။

ရာဇစရိယခဏ်း (၅)ပိုဒ် ပြီး၏၊