မြို့တည်နန်းတည်ခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၄ ။ မြို့တည်နန်းတည်ခဏ်း


(၄၁) ဤသို့အခြင်း၊ ရံရွှေသင်းနှင့်၊ လုံးရင်းကြီးစွာ၊ မြတ်ရာဇာလျှင်၊ မဟာဗောဓိ၊ လောင်းဇာတိတို့၊ စရိယငန်း၊ ကျင့်စခန်းဖြင့်၊ ထီးနန်း ပြောင်းခဲ့၊ မြေစောင်းငဲ့မျှ၊ ထွင်ချဲ့ ယူဇနာ၊ လေးမျက်နှာနှိုက်၊ တာ ခုနစ်ထောက်၊ တောင်-မြောက်-နောက်-ရှေ့၊ စနစ်၍့လျှင်၊ မင့်းနေ့ ထပ်သူ၊ နံတူ ယောက်ျား၊ နေ့ကျော်သားတို့၊ ရှေးဖျား စတင်၊ သစ်ပင် သစ်ငုတ်၊ ထွင်းခုတ် ပယ်ရှင်း၊ မြို့ခင်း နန်းရာ၊ ပြင်ကာ စုံစေ့၊ ပြီး*ကုံလွေ့မှ၊ မကွေ့ ဖြောင့်တန်း၊ စတုရန်းဖြင့်၊ ရစ်သန်း မြို့ရိုး၊ တောင်ကြီး မိုးသို့၊ ပြအိုး ပစ္စင်၊ ထက်ခွင် မောက်မို၊ ရဲးခို ရဲးပြေး၊ ဖွေးဖွေးလျှံဘိတ်၊ မြင်တိုင်း ထိတ်သည့်၊ ဓာတ်မိတ် ထင်ရှား၊ တံခါးတော်မြတ်၊ မုခ်-ပြာသာဒ်သို့၊ ဖြိုးညွတ် တင့်တယ်၊ လွန်ဆန်း†ကြယ်သား၊ ကြီး†ကျယ် ခံ့*ကျိုင်း၊ တုရိုဏ်း ရွှေတိုင်၊ အပြိုင် တွင်း-ပ၊ ထာဝရ ပြုဘန်၊ ရေ-ညွန်-အခြောက်၊ အစောက် ပြောကျယ်၊ သုံးသွယ် ကျုံးမြောင်း၊ မြစ်ငယ်*လောင်းသို့၊ *တံရှောင်း ရေပြည့်၊ ကမ်းရှည့် မောက်မို၊ လျှမ်းလျှမ်းပို၏၊ ကြာညို ကြာဖြူ၊ လှိုင်ကြူ သင်းကျော်၊ ကော်ကနုဒ၊ ပဒုမတို့၊ အာရုဏ နေ၊ တက်သရေသို့၊ ပွင့်ဝေ ငုံဖူး၊ မြင်တိုင်း နူး၏၊ မြူးထူး ပျံအုန်း၊ ပျားပိတုန်းလည်း၊ ရုန်းရုန်း ကြွက်ဆူ၊ ရှုန်းရှုန်း အူလျက်၊ ရေသူ ရေသား၊ မှင်*ငွါးငွါးနှင့်၊ *နှရား ကြောက်ဘွယ်၊ ကြီး-ငယ် မိကျောင်း၊ အလျောင်းလျောင်းတည့်၊ သောင်းပြောင်း* ပြောထူ၊ မြင်သူ ထိတ်လန့်၊ ကြောက်ခန့် ရွံ့ရှား၊ မဝံ့စားအောင်၊ ဘေးတား ရန်ကာ၊ ကျုံးအင်္ဂါဖြင့်၊ များစွာ လှောင်သွင်း၊ ပြုန်းပြုန်းပြင်းတိ၊ *ခပင်း ပြည့်လှိုင်၊ အဆိုင်ဆိုင်သည်။။ လပိုင်-ငါး-လိပ် မကရ်းတည်း။ (၁)

(၄၂) ငါး-လိပ်-မကရ်း၊ ကြမ်းတန်း ကြောက်ဘွယ်၊ အပြော*ကျယ်သား၊ သုံးသွယ် ကျုံးမြောင်း၊ ရေမောင်း ရေစက်၊ ခဲခက် ကိရိယာ၊ ပြုအပ်စွာသား၊ ဂါထာ နတ်ရုပ်၊ အင်းမြှုပ် အင်းနှံ၊ စီမံ ပယောဂ၊ တေလကုမ္ဘ၊ ရာ့နှစ်ဆယ်ဝင်၊ လေးခွင် လေးထောင့်၊ ဂြိုဟ်နတ်စောင့်နှင့်၊ မြို့စောင့် နတ်ဂူ၊ ဆူဆူများစွာ၊ မြို့အင်္ဂါလည်း၊ ဘွယ်ရာ မကြွင်း၊ မြို့ကြီးတွင်းဝယ်၊ မင်းလမ်း ပြလမ်း၊ ဒူးလမ်းသွယ်ဖြတ်၊ မှူးမတ် မင်းဆွေ၊ ရပ်မြေ ကွက်ခြား၊ ကနား လွှတ်ရုံး၊ ပြည်သုံး ကျီ†ကြ၊ အာသောက,က၊ နေ†ကျသွယ်သွယ်၊ စျေး ကြီး-ငယ်နှင့်၊ အလယ် ဗဟို၊ ရွှေမြင်းမိုရ်သို့၊ နဂိုရ်*ကြငှန်း၊ ရှုမခန်းအောင်၊ ရွှေနန်း ကိုးဆောင်၊ ပြိုးပြောင်*သရစ်၊ ပလ္လင် ရှစ်တည့်၊ နတ်သစ်ရုပ်ထူး၊ *ကွန့်မြူး ပျံဝဲး၊ ခံမြဲး အလို၊ *ပဟိုရ်အိမ့်ရှင်၊ မင်္ဂလာမည်ငြား၊ မင်းကြား အောင်စည်၊ သုံးမည် အလံ၊ စီမံထိုမျှ၊ အစစကို၊ ကမ္ဘာ့တန်းဆာ၊ နန်းစဉ်စာနှင့်၊ ကာမဏ္ဍကီ၊ ဒေဝီပူရဏ်၊ နိဃဏ် သက္ကဋ၊ ဘိဓာန် စသား၊ မြို့ပြ ထီးနန်း၊ *ဘန်ဆန်း တည်ခြင်း၊ မကြွင်းလက္ခဏာ၊ ကျမ်းညီစွာလျှင်၊ ဗြဟ္မာ သိကြား၊ ဦးတည်ထားလျက်၊ မိုးဖျား ကောင်းကင်၊ ရေပြင်နေမှတ်၊ မီးနတ် လေနတ်၊ နေနတ် ယမ၊ ဂန္ဓဗ္ဗက၊ ခေတ္တပါလော်၊ တန်းခိုးကျော်သည့်၊ မြေပေါ် ထင်ရှား၊ နတ်အများနှင့်၊ တရားမင်းကျော်၊ ပူဇော် တိုင်ပင်၊ ပြုစီရင်လျက်၊ *မငြင်မငြို၊ ဘုန်းတော် *ကြို၍့၊ *မစိုမပြည်၊ ရက်မရှည်တည့်၊ ထောင်တည် သီးသီး၊ ကုန်အောင် ပြီးသည်။။ ပြည်ကြီး အောင်မြို့ စံခန်းတည်း။ (၂)

(၄၃) အောင်မြို့ စံခန်း၊ ကိုးဆောင်နန်းကား၊ တင့်ဆန်း ကျယ်ဝင်း၊ နေပြိုင်ကျင်းသို့၊ ရာစင်း ထီးဆောင်း၊ မင်းအပေါင်းတို့၊ ဥက္ခောင်း မကိုဋ်၊ ဦးတိုက်ခံရာ၊ မင်္ဂလာ ရွှန်းဝေ၊ ယမနေသစ်၊ ဆီနှစ် ပြည့်လျှံ၊ ခြင်္သေ့ခံလျက်၊ ခုံပျံရတနာ၊ သီဟာသန၊ ပလ္လင်လှနှင့်၊ သိကြာ့းဝေယန်၊ သဏ္ဌာန်*နှုန်း†နှန်း၊ ရှုမခန်းသည့်၊ မြေ†နန်းတော်မြတ်၊ နတ်သမုဖျား၊ လူ့ထွတ်ထားတို့၊ သုံးပါးရတနာ၊ ပူဇော်†ရာသား၊ သာ†ယာမည်မှန်း၊ သစ် သင်္ကန်းဖြင့်၊ ရုပ်ဆန်း ကွန့်ပျံ၊ ဟင်္သာခံလျက်၊ *တင့်စံမင်္ဂလာ၊ ဟံသာသန၊ ပလ္လင်လှနှင့်၊ ကြွကြွမိုးစွန်၊ ဇေတ†ဝန်တည့်၊ ဘုန်း†ဝှန်ထွတ်ထား၊ လူမင်းဖျားတို့၊ တရား ပရိတ်၊ အောင်ဟိတ်ဒေသနာ၊ နာခံရာနှိုက်၊ သညာ တင့်ကဲး၊ တောင်ပိန္နဲးဖြင့်၊ ရိုးရဲး လျှံဝင်း၊ ခရုသင်းရုပ်၊ ထုလုပ် ခံကာ၊ သင်္ခါသန၊ ပလ္လင်လှနှင့်၊ သာစွ ဝင်းပြောင်၊ ပရိတ်ဆောင်တည့်၊ ဘုန်းခေါင် မင်းကျော်၊ စက်တော်ခေါ်သား၊ သစ်တော် ကရဝေး၊ ကြိုင်မွှေး ဝင်းလျှံ၊ ပိတုန်းခံလျက်၊ နှုန်း*စံ ဘက်ကွာ၊ ဘမရာသန၊ ပလ္လင်လှနှင့်၊ ဆောင်မ*ကြငှန်း၊ မှန်နန်းတော်ကြီး၊ ခြီးမြှင့် နှိမ့်ရာ၊ စကားဝါသား၊ ကြွားကြွား *တင့်စံ၊ ဆင်ရုပ်ခံလျက်၊ မည်နံ သညာ၊ ဂဇာသန၊ ပလ္လင်လှနှင့်၊ နာမသမိုက်၊ ဗြဲးတိုက် ဆောင်တော်၊ ယာဉ်ကျော် ဆင်-မြင်း၊ သိမ်းသွင်းခံရာ၊ ရတနာ ခြယ်နစ်၊ ပေါက်သစ် သားကောင်း၊ ဥဒေါင်းရုပ်ထု၊ မယုရာသန၊ ပလ္လင်လှနှင့်၊ တွင်ထ မည်ထုတ်၊ မြောက်စမုတ်ဆောင်၊ *မြားမြောင် ပြည်ရေး၊ ဆွေးနွေးပြုရာ၊ မင်္ဂလာသစ်ဆန်း၊ ရေသဖန်းဖြင့်၊ တင့်ရွှန်း ခုံပျံ၊ သားရဲးခံလျက်၊ ဝင်းလျှံ ထိန်ဝါ၊ မိဂါသန၊ ပလ္လင်လှနှင့်၊ မည်ရ မှန်ဟုတ်၊ တောင်စမုတ်တည့်၊ မယုတ် ဆင်းဝါ၊ သူဇာနတ်တူ၊ နန်းသူ ဧကီ၊ မဟေသီအား၊ ဒေဝီအပေါင်း၊ ဥက္ခောင်း ညွတ်ပြော့၊ ဦးနှိမ်လျှော့၍့၊ ကန်တော့ခံရာ၊ နောက်မှာ တပါး၊ သရက်သားဖြင့်၊ စီခြားရတနာ၊ ရွှေကြာခံပြု၊ ပဒုမာသန၊ ပလ္လင်လှနှင့်၊ ထိန်ပ ပြိုးပြက်၊ ပွဲးတက်ဆောင်တော်၊ ရှုမျှော် ပိုင်းခြား၊ ပြည်သူများကို၊ တရားဖြတ်ရာ၊ လွှတ်တော်မှာကား၊ သီဟာ တင့်ဆန်း၊ မြေနန်း ဥကင်၊ ဘွေအပြင်သို့၊ ပလ္လင် ရှစ်ခန်း၊ ရွှေနန်း ကိုးရပ်၊ ထိန်လျှပ် ဝိုးဝင်း၊ ပြောင်ပြောင်လင်းသည်။။ မင်းတို့ ရွှေဘုံ နိဒါန်းတည်း။ (၃)

(၄၄) ရွှေဘုံ နိဒါန်း၊ မင်းတို့မြန်းသား၊ မြေနန်း ရှေ့ဆီ၊ တံခါးနီ၏့၊ ရှုအီ သာခင်း၊ လက်ျာတွင်းက၊ တင့်ခြင်း ထင်ရှား၊ နန်းမြို့နားတွင်၊ မင်းကြားမည်သာ၊ မင်္ဂလာစည်တော်၊ ရှုမျှော် ထင်းထင်း၊ မကြွင်းတအင်၊ တန်ဆောင်းတင်၍့၊ နတ်သျှင် *စောမီး၊ ထွက်တော်ကြီးနှိုက်၊ ညီးညီး ထိန်*ကြွေ့၊ ဝေါတော်ရွေ့သော်၊ ချက်စေ့ ဆဲ့တစ်၊ မိုးကြိုးပစ်သို့၊ တွက်စစ် ထင်ထင်၊ သံတော်တင်ဟု၊ သစ်လွင် တန်းဆာ၊ ဆင်ယင်ကာလျှင်၊ မင်္ဂလာနန်းရိုး၊ ရွှေပြည်စိုးတို့၊ ကြိုးထစ် ထိန့်မျှ၊ တီးဆော်ရ၏၊ ထိုမှ တဆူ၊ ပဟိုရ်မူကား၊ ရွေးတော်ယူထွက်၊ လက်ဝဲးဘက်က၊ ဖြူလက် ရောင်ထင်၊ စည်တော်စင်ထက်၊ သံလွင် *ခြိမ့်ညောင်း၊ ရွှေခေါင်းလောင်းနှင့်၊ သူကောင်း မှူးမတ်၊ မျိုးမြတ် နွယ်ခြား၊ ဂုဏ်ထင်ရှားသည့်၊ မင်းသား မင်းညီ၊ တူပြီတကွ၊ တင်ထားကြလျက်၊ နံနက် နေညီး၊ တချက်တီးက၊ စ၍့မှတ်ဘွယ်၊ နေ့-ညဉ့်ဝယ်တိ၊ လေးဆယ်တော်သား၊ မှူးမတ်များတို့၊ သနားခံရ၊ လှပ ယဉ်ပျောင်း၊ ဗောင်းနားဍောင်းနှင့်၊ တင့်ကြောင်း ဖြူစင်၊ တန်းဆာဆင်၍့၊ တီးကျင် ဆဲ့တစ်၊ နှစ်ဆဲ့နှစ်က၊ စင်စစ် မှတ်ထုံး၊ သုံးဆဲ့သုံးနှင့်၊ ပွားပြုံး တွက်ရေး၊ လေးဆဲ့လေးတည့်၊ စဉ်ရှေး ပြကတေ့၊ ပြည်ကြီးလေ့ဖြင့်၊ *ကြွေ့ကြွေ့ ပွားကြွယ်၊ ရာ့တဆယ်ကို၊ လေးသွယ် ဓာတ်စား၊ လဒ်ကား နက္ခတ်၊ ကြွင်းမြတ် နေ-လ၊ နှစ်ပါးရ၍့၊ ဝဎ္ဍနမင်္ဂလာ၊ ဇေယျာပဝရံ၊ အောင်လံ ညွှန့်*ဖြိုး၊ ဆင့်ဆင့်တိုးလျက်၊ မြေ-မိုး ကျော်သည်း၊ လှိုက်လှိုက်ကြည်းအောင်၊ နေ့လည်း လေးချက်၊ ည လေးချက်သည်။။ ဆော်နှက် ပဟိုရ် *န†ယန်းတည်း။ (၄)

(၄၅) ထိုမှတဘော်၊ ရွှေမြို့တော်၏့၊ ရှေ့ခေါ် မျက်နှာ၊ ရပ်ဒိသာဝယ်၊ မင်္ဂလာ တင့်မော၊ အန္တောမည်ရ၊ သူရစ္စဓာတ်၊ တံခါးမြတ်ထက်၊ အမှတ် ထင်ပေါ်၊ ကျွန်းစည်တော်တည့်၊ တောင်သော်မသွေ၊ ဂဗ္ဘောပညတ်၊ ကောလီဓာတ်နှိုက်၊ မည်မှတ် ထင်ရှား၊ ဓာတ်တံခါးထက်၊ ပေါက်သားစည်ကြီး၊ တသီး နောက်ပေ၊ စရေဌာန၊ ဓာတ်ပါပနှိုက်၊ ဒွါရထက်မူ၊ သစ်မ ဉ္ဇူခေါ်၊ စည်တော် တခြား၊ မြောက်ပါးဒိသာ၊ ရပ်မျက်နှာဝယ်၊ ဥတ္တရာဗွေ၊ ဝံသေဓာတ်ကျ၊ အမြိတ္တစက်၊ တံခါးထက်ကား၊ သရက်စည်တော်၊ လေးမည် ကျော်သည့်၊ ထင်ပေါ် ကြီးမား၊ စည်တော်များလည်း၊ ဆွဲးထားထင်ထင်၊ ရပ်လေးခွင်မှ၊ နေဝင် နေထွက်၊ ပဟိုရ်ချက်နှင့်၊ တကွ နက်သာ၊ ချက်မကွာအောင်၊ မင်္ဂလာ ခါမြောက်၊ နာရီရောက်က၊ သွေးသောက် မြင်းသည်၊ ဦးတည်စငြား၊ နာရီသားတို့၊ ပိုင်းခြား မှန်လှ၊ တီးဆော်ရ၏၊ ဝါပ ဝါတွင်း၊ မယွင်းမပျက်၊ ဆန်း ငါးရက်တိုင်း၊ ဆက်ဆက်မလွန်၊ ရွှေစာချွန်နှင့်၊ မြို့ဝန် မြို့ကွပ်၊ ကြီးကြပ်သမှု၊ လုံ့လပြု၍့၊ ဂရုဓမ္မ၊ စာရိတ္တဖြင့်၊ တလ တကြိမ်၊ ဦးနှိမ် *လွှံ့ကြော်၊ ဆင်းရဲးပေါ်ထက်၊ အမိန့်တော်မြတ်၊ ပြန်တုံလတ်၍့၊ မီးဓာတ်စည်တော်၊ ရပ်တိုင်း ဆော်လျက်၊ မြို့ပေါ် လေးခွင်၊ ထက်ဝန်းကျင်နှိုက်၊ တွင်း-ပြင် သီးသီး၊ လှည့်ကာတီးသည်။။ မြေကြီးတုန်နန့် *ရိုက်ဖြန်းတည်း။ (၅)

(၄၆) တုန်နန့် မြေကြီး၊ ရိုက်တီး *ဖြန်းဖြန်း၊ မင်ဘုန်းတန်းဖြင့်၊ ပြဋ္ဌာန်း ပိုင်းခြား၊ စည်တော်များကား၊ မင်းဖျားမဟာ၊ မြတ်ရာဇာတို့၊ မုဒ္ဓါသွန်းငြိမ်း၊ နန်းသိမ်းဥကင်၊ မင့်းသဘင်လျှင်၊ မ*ရင်သမျှ၊ မတီးရတည့်၊ ကာလ ထိုရွေ့၊ ချိန်မစေ့ခင်၊ နန်းလေ့ မကင်း၊ လောင်း*သနင်းလည်း၊ အတွင်းတော်က၊ စ၍့ရံကာ၊ ဝင်း လေးဖြာနှိုက်၊ ပတ်သာ ပုံမောင်း၊ တကြောင်းမကွဲး၊ နှဲးနှင့် ကြေးနင်း၊ လင်းကွင်း ခြောက်ဘော်၊ *နရည်း ဆော်၍့၊ ရွှင်ပျော် သိမ်မွေ့၊ စံငြိမ်လေ့၏၊ စုံစေ့ မြို့နန်း၊ အခန်းခန်းကို၊ *ဘန်ဆန်းကိစ္စ၊ မကျန်ရအောင်၊ သမန္တလင်္ကာ၊ မည်သာ ဘွဲ့ရ၊ ဂုဏလင်္ကာ၊ ဂုဏ်ဝါ ထူးလှ၊ ဉာဏပစ္စည်း၊ ဆင်နည်း *ကုံလုံ၊ ဝိဿကြုံသို့၊ ပြည့်စုံ သိပ္ပ၊ တတ်လှ လက်မှု၊ အစုစုတိ၊ ပန်းပု လက်မြန်၊ ပန်းရန် လက်ပေါ့၊ *တမော့ဆရာ၊ ဗိဿုကာနှင့်၊ ပညာတော်ချွန်၊ ရွှေနန်းဝန်တို့၊ ကောင်းမွန် စီမံ၊ လုပ်ကြံ နေ့-ည၊ ပြီးကာလကား၊ တတီယမြောက်၊ ဝေယံပေါက်သို့၊ အံ့လောက် ဖြိုးလျှံ၊ မြေ-မိုးပျံမျှ၊ အသံ ဆယ်ပါး၊ တုန်*ချောက်†ချားလျက်၊ ထူး†ခြား ပြကတေ့၊ ပြည်ကြီးလေ့ဖြင့်၊ *လက်ပွေ့*လက်ပမ်း၊ ဘက်ယမ်း လုံးထွေး၊ ဟစ်ကြော်ကြွေး၍့၊ ပျော်ရေး မြူးရွှင်၊ အထူး*ဖြင်သား၊ အထင်လွန်စွာ၊ အတ္ထာတိသယ၊ ဝိသိ†ဋ္ဌကြောင့်၊ မ†ထပါဠိ၊ ဓာတ်ရင်း ချိလျက်၊ အဓိကရဏ၊ ဝါစကတည့်၊ ဣလပစ္စည်း၊ နိရုတ်နည်းဖြင့်၊ မ,ဗျည်း အန္တ၊ ဣပြုမှလျှင်၊ နောက်က အာသက်၊ လိင်နက် ရုပ်ပြီး၊ ပျော်မငြီးသား၊ ပြည်ကြီး အောင်ချာ၊ မိထိလာဟု၊ ကညာဒိဂိုဏ်း၊ သာမနှိုင်းသည်။။ *သမိုင်းရွှေဘွဲ့ *မော်ကွန်းတည်း။ (၆)

ဤကား မန္တလေး ရတနာပုံရွှေမြို့တော် တည်တော်မူသည့်အတိုင်းတည်း။

ဤမျှဖြင့် ယခင်မြို့နိဒ္ဒေသ၏ ပဋိနိဒ္ဒေသ။

မြို့တည် နန်းတည်ခဏ်း ၆-ပိုဒ် ပြီး၏၊