ဖုဿဘုရားရှင်

From Wikisource
Jump to navigation Jump to search
364923နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၂၁) ဖုဿဘုရားရှင် -ဖုဿဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၂၁။ ဖုဿဗုဒ္ဓဝင်

[edit]

တိဿဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် ထိုမဏ္ဍကမ္ဘာ၌ပင်လျှင် လူတို့၏အသက်တမ်း အနှစ်တစ်သိန်းမှ တဖြည်းဖြည်းဆုတ်ယုတ်ကာ ဆယ်နှစ် သက်တမ်းသို့ရောက်ခဲ့၏။ တစ်ဖန် တိုးတက်ပြန်ကာ အသင်္ချေယျတမ်းသို့ ရောက်ပြီးလျှင် နောက်ထပ်ဆုတ်ယုတ်ပြန်၍ လူတို့၏ အသက်တမ်း ကိုးသောင်း တမ်းသို့ ရောက်သောအခါ ဖုဿ ဘုရားရှင် ပွင့်တော်မူခဲ့သည်။

ဖုဿဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း

[edit]

ဖုဿဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီး သည်၏အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာ အတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ထိုသို့ စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော် နတ်သားအား ဘုံသုံးပါးတွင် ဘုရားဖြစ်ရန် အချိန်တန်ပြီဖြစ်၍ လူ့ပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေနေတော်မူပါရန် တောင်းပန်ခဲ့ကြကုန်၏။ အလောင်း တော်နတ်သားသည် နတ်ဗြဟ္မာတို့ တောင်းပန်မှုကြောင့် တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည် ကာသိက နေပြည်တော် ဇယသေန အမည်ရှိသော မင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ သိရိမာ မိဖုရားကြီးဝမ်းတိုက်၌ ပဋိသန္ဓေ နေတော်မူခဲ့သည်။ ဆယ်လစေ့မြောက်သောအခါ မယ်တော်မိဖုရားကြီးမှ အလောင်း တော်မင်းသားကို သိရိမာအမည်ရှိသော ဥယျာဉ်တော်၌ ဖွားမြင် တော်မူခဲ့၏။ အလောင်းတော်ကို “ဖုဿမင်းသား” ဟူ၍ အမည် မှည့်ခဲ့ကြသည်။ အလောင်းတော် ပဋိသန္ဓေနေတော်မူသောအခါ၊ ဖွားမြင်တော်မူသော အခါတို့၌ နိမိတ်ကြီးများ၊ အံ့ဩဖွယ်ရာများ ထင်ရှားဖြစ်ပေါ်ခဲ့ကုန်၏။

ထီးနန်းစိုးစံတော်မူခြင်း

[edit]

အလောင်းတော် ဖုဿမင်းသားသည် အရွယ်ရောက်သောအခါ ကိသာဂေါတမီ မင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ် ထီးဖြူ စိုးစံတော် မူခဲ့သည်။ ဥတုသုံးလီ ရာသီနှင့်မျှအောင် ဆောက်လုပ် ထားသော ဂရုဠပက္ခ ရွှေနန်းဆောင်၊ ဟံသ ရွှေနန်းဆောင်၊ သုဝဏ္ဏဘာရ ရွှေနန်းဆောင်ဟူသော ရွှေနန်းပြာသာဒ် သုံးဆောင်တို့၌ ကိသာဂေါတမီ မိဖုရား အမှူးရှိသော ရံရွေ တော်သုံးသောင်း တို့၏ ဖျော်ဖြေ လုပ်ကျွေးခြင်းကို ခံယူလျက် မင်းစည်းစိမ်ကို ခံစားကာ ထီးနန်း စိုးစံတော်မူခဲ့သည်။ အလောင်းတော်၏ သားတော်မှာ အနုပမ မင်းသား ဖြစ်ခဲ့၏။

တောထွက်တော်မူခြင်း

[edit]

အလောင်းတော် ဖုဿမင်းသားသည် ထီးနန်းစိုးစံတော်မူနေစဉ် နိမိတ်ကြီး လေးပါးတို့ကို မြင်တော်မူပြီး၍ ကိသာ ဂေါတမီ မိဖုရားကြီးမှ အနုပမအမည် ရှိသော သားတော်ကို ဖွားမြင်သောအခါ ဆင်ယာဉ်ကိုစီးလျက် တောထွက်၍ ရဟန်းပြုတော်မူခဲ့၏။ အလောင်းတော်မင်းသား ရဟန်းပြုသည် ကို အတု လိုက်အားကျကာ တစ်ကုဋေသော ယောက်ျားတို့ ရဟန်းပြုခဲ့ကြသည်။ ဖုဿ ဘုရား အလောင်းတော်သည် ထိုရဟန်းတို့နှင့် အတူတကွ ဒုက္ကရစရိယာ ခြောက်လကြာအောင် ကျင့်တော်မူပြီးလျှင် ဘုရားဖြစ်မည့် ကဆုန်လပြည့်နေ့၌ မထင်ရှားသော သူဌေးတစ်ဦး၏သမီး သိရိဝဍ္ဎုာ လှူဒါန်းသော နို့ဃနာဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးနောက် ထိုအရပ်ရှိ ရင်းတိုက်တောအတွင်း မှာပင် နေခိုတော်မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[edit]

အလောင်းတော်သည် ရင်းတိုက်တော၌ နေခိုတော်မူပြီးနောက် ညနေချမ်း အချိန်သို့ ရောက်သောအခါ အခြံအရံ ရဟန်းတို့ကို စွန့်ခွါ၍ တစ်ပါးတည်း မဟာဗောဓိ (သျှိသျှား)ပင် ရှိရာသို့ ကြွတော်မူလေရာ လမ်းခရီးကြား၌ သိရိဝဍ္ဎုအမည်ရှိသော ဥပါသကာ လှူဒါန်းသည့် မြက်ရှစ်ဆုပ်တို့ကို အလှူခံ တော်မူခဲ့၍ မဟာဗောဓိ (သျှိသျှား)ပင်၏ အရင်း၌ ဖြန့်ခင်းလိုက်သည်နှင့် တစ်ပြိုင်နက် သုံးဆယ့် ရှစ်တောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက် လာခဲ့သည်။ ထိုအပရာဇိတ ပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံတော်မူ၍ အင်္ဂါလေးပါးရှိသော ဝီရိယတော်ကို ဆောက်တည်ကာ တရားအားထုတ်တော် မူခဲ့သည်။ ထိုနေ့ နေမဝင်မီ မာရ်စစ်သည်တို့ကို အောင်မြင်တော်မူပြီးနောက် ညဉ့်ဦး ယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ် တက်သည်နှင့် တစ်ပြိုင်နက် အာသဝက္ခယ ဉာဏ်တော်ကို ရတော်မူကာ ဘုံသုံးပါး၌ ဘုရား ဖြစ်တော်မူပြီး “တဏှာယောက်ျား ဟယ် လက်သမား ...ငါသည် သင်လက်သမား ဆောက်လုပ်ခဲ့သော ခန္ဓာအိမ်တိုက်ကြီး၏ မိုးကာလွှမ်းအုပ် အဝိဇ္ဇာတည်းဟူသော ခေါင်အုပ်ကို အရဟတ္တမဂ်ဉာဏ် သန်လျက်ဖြင့် ခွါဖျက်လွှင့်ပစ်အပ်ကုန်ပြီ”စသော ဥဒါန်းကို ကျူးရင့်တော်မူခဲ့သည်။

ဓမ္မစကြာတရားဦး ဟောတော်မူခြင်း

[edit]

ဖုဿဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင် အနီးမှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက် စံနေတော်မူပြီးလျှင် အဋ္ဌမ သတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း၏ တောင်းပန်မှုကို လက်ခံတော် မူပြီး၍ တရားဟောရန် သတ္တလောကကို ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှု ဆင်ခြင် လေလျှင် ကိုယ်တော်မြတ်နှင့်အတူ တောထွက် ရဟန်းပြုခဲ့ကြသည့် တစ်ကုဋေသော ရဟန်းတို့ကို မြင်တော်မူခဲ့၏။ ဘုရားရှင်သည် ထိုရဟန်းများ ရှိရာ သင်္ကဿ မြို့အနီး ဣသိပတန အမည်တွင်သော မိဂဒါဝုန်တောသို့ ကောင်းကင်ခရီးဖြင့် တစ်ခဏချင်း ကြွသွားတော်မူခဲ့သည်။ မိဂဒါဝုန်တောသို့ ရောက်သောအခါ ထိုတစ်ကုဋေသော ရဟန်းတို့ကို အမှူးထား၍ တရားနာရန် လာရောက် ကြကုန်သော လူနတ်ဗြဟ္မာသတ္တဝါတို့အား ရှေးရှေးဘုရားရှင်တို့ ဟောကြားတော်မူ ကြမြဲဖြစ်သည့် ဓမ္မစကြာ ဒေသနာတော်ကို ဟောကြားတော် မူခဲ့သည်။ ဒေသနာတော်၏အဆုံး၌ ကုဋေတစ်သိန်းသော သတ္တဝါတို့ မဂ်ဖိုလ် တရားထူးကို ရခဲ့ကြကုန်၏။

ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံခြင်း

[edit]

ဖုဿဘုရားရှင် လက်ထက်တော်တွင် ဂေါတမမြတ်စွာဘုရားအလောင်း တော်သည် အရိန္ဒမပြည်၌ ဝိဇိတာဝီမင်းကြီး ဖြစ်ခဲ့သည်။ မင်းကြီးသည် ဘုရားရှင်၏ တရားတော်ကို ကြားနာရ၍ ဘုရားရှင် အား လွန်မင်းစွာ ကြည်ညိုွား သဖြင့် ကြီးစွာသောအလှူကို လှူဒါန်းခဲ့ရုံမျှမက တိုင်းပြည်ကြီးကိုပါ စွန့်လွှတ်ပြီး ရဟန်းပြုခဲ့သည်။ ရဟန်း ဘဝဖြင့် ပိဋကသုံးပုံတို့ကို သင်ယူကာ ပိဋကသုံးပုံဆောင် ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ လူများအပေါင်းအား တရားဟောကြား ဆုံးမတော်မူ ၏လျက် သီလပါရမီကိုလည်း ကောင်းစွာဖြည့်ကျင့်တော်မူခဲ့သည်။ ထိုအခါ ဖုဿ ဘုရားရှင်က အလောင်း တော် ဝိဇိတာဝီ ရဟန်းတော်ကို “ဤကမ္ဘာမှနောက် ကိုးဆယ့်နှစ်ကမ္ဘာမြောက်၌ ဂေါတမမည်သော ဘုရား စင်စစ် ဖြစ်လတံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့သည်။ ဘုရားရှင်၏ ဗျာဒိတ်စကား ကြားရလေလျှင် လွန်စွာဝမ်းမြောက် လှသဖြင့် ပါရမီဆယ်ပါး တို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူခဲ့သည်။

ဖုဿဘုရားရှင်၏ တပည့်သာဝကများ

[edit]

ဖုဿဘုရားရှင်၏ (အဂ္ဂသာဝက) တပည့်မြတ်အစုံတို့မှာ အရှင်သုရက္ခိတ မထေရ်နှင့် အရှင်ဓမ္မသေန မထေရ်တို့ ဖြစ်ခဲ့ကြကုန်၍ အလုပ်အကျွေးရဟန်း တော်မှာ အရှင်သဘိယမထေရ် ဖြစ်ခဲ့သည်။ အရှင်မ စာလာထေရီနှင့် အရှင်မ ဥပစာလာထေရီတို့သည် ဘုရားရှင်၏ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မများ ဖြစ်ခဲ့ကြကုန်ပြီး ဘုရားရှင်ပွင့်တော် မူရာ ဗောဓိပင်မှာ သျှိသျှားပင်ဖြစ်ခဲ့သည်။ ဘုရား ရှင်၏ (အဂ္ဂဥပဋ္ဌာက)မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ ဓနဉ္စယသူဌေးနှင့် ဝိသာခသူဌေးတို့ ဖြစ်ခဲ့ကြကုန်လျက် (အဂ္ဂဥပဋ္ဌိကာ) မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ ပဒုမာဥပါ သိကာမနှင့် နာဂါဥပါသိကာမတို့ ဖြစ်ခဲ့ကြသည်။ ဖုဿ ဘုရားရှင်၏ အရပ်တော်သည် ငါးဆယ့် ရှစ်တောင် မြင့်တော်မူ၍ နေမင်းကဲ့သို့ တင့်တယ်တော်မူခဲ့ပြီး လမင်းကဲ့သို့ နှစ်သက်ဖွယ် အတိဖြစ်ခဲ့သည်။

(ဓမ္မာဘိသယမ) တရားပွဲကြီးများ

[edit]

ဖုဿဘုရားရှင်၏ သင်္ကဿမြို့အနီး ဣသိပတန အမည်တွင်သော မိဂဒါဝုန်တော၌ ရဟန်းတော် တစ်ကုဋေတို့ကို အမှူးထား၍ လူနတ်ဗြဟ္မာ သတ္တဝါတို့အား ဓမ္မစက္ကပဝတ္တန သုတ်တော်ကို ဟောတော်မူခဲ့သော တရားပွဲ သည် ရှေးဦးစွာသော (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲ ကြီး၌ ကုဋေတစ်သိန်းသော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်း ဝင်ခဲ့ကြကုန်၏။

တစ်ဖန် ဗာရာဏသီပြည် သိရိဝဍ္ဎုအမည်ရှိသော မင်းသည် များစွာသော မင်းစည်းစိမ်ကို စွန့်ပယ်ကာ ရှင်ရသေ့ပြုခဲ့၏။ ထိုမင်းနှင့်အတူ ကိုးသန်းမျှသော လူတို့သည်လည်း ရှင်ရသေ့ ပြုခဲ့ကြပြန်၏။ ထိုရသေ့တို့၏ နေရာသို့ ဖုဿ ဘုရားရှင် ကြွသွားတော်မူခဲ့ပြီး တရားဟောတော်မူသော တရားပွဲ သည် ဒုတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကိုးသန်းမျှသော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်း ဝင်ခဲ့ကြကုန်၏။ ထို့နောက် တစ်ဖန် ဖုဿဘုရားရှင်သည် သားတော်အနုပမမင်းသားအား တရားဟောတော်မူသော တရားပွဲသည် တတိယအကြိမ်မြောက်(ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲ၌ ရှစ်သန်းသော သတ္တဝါတို့ သစ္စာလေးပါ တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ ကြကုန်၏။

သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ

[edit]

ဖုဿဘုရားရှင် လက်ထက်တော်တွင် သာဝက (သန္နိပါတ) အစည်းအဝေး ကြီးသုံးကြိမ် ဖြစ်ခဲ့သည်။ ကဏ္ဏကုဇ္ဇမြို့နေ ဘုရားရှင်၏ (အဂ္ဂသာဝက) တပည့်မြတ် အလောင်းအလျာ ဖြစ်ခဲ့ကြကုန်သော သုရက္ခိတ မင်းသားနှင့် ဓမ္မသေန အမည်ရှိသော ပုရောဟိတ်၏ သားတို့သည် ဘုရားရှင်အား ပင့်ဖိတ် ၍ ခုနစ်ရက်ပတ်လုံး အလှူကြီးကို ပေးလှူခဲ့၏။ ဘုရားရှင်၏ တရားတော်ကို ကြားနာရသဖြင့် ကြည်ညိုသဒ္ဓါဖြစ်ကာ အခြံအရံ ယောကျ်ားပေါင်း ခြောက်သန်းတို့နှင့် အတူတကွ ရဟန်း ပြုခဲ့ကြကုန်၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြကုန်၏။ ထိုခြောက်သန်း သော ရဟန္တာ အရှင်မြတ်တို့၏ အလယ်၌ ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်းအဝေးသည် ရှေးဦးစွာသော သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့သည်။

တစ်ဖန် ကာသိကနေပြည်တော် ခမည်းတော် ဇေယျသေနမင်း အမှူးပြုသော ဆွေတော် မျိုးတော် တို့အား ဗုဒ္ဓဝင် ဒေသနာတော်ကို ဟောကြားတော်မူခဲ့သည်။ ထိုဒေသနာတော်ကို ကြားနာရ သော သတ္တဝါများအနက် ငါးသန်းသော ယောကျ်ားတို့သည် ဧဟိဘိက္ခု ရဟန်းဖြစ်ခဲ့ကုန်၍ အရဟတ္တဖိုလ်သို့ ရောက်ခဲ့ကြကုန်၏။ ထိုငါးသန်းသော ရဟန်းတော်တို့၏ အလယ်၌ ဘုရားရှင် သီတင်းသုံးနေတော်မူကာ ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်း အဝေးသည် ဒုတိယ အကြိမ်မြောက် သာဝက (သန္နိပါတ)အစည်းအဝေးကြီး ဖြစ်ခဲ့၏။

ထို့နောက်တစ်ဖန် သတ္တဝါများ ကြီးပွားကြောင်းခေါ် မင်္ဂလာတရားတော်ကို ဟောကြားပါရန် လူနတ်ဗြဟ္မာ သတ္တဝါ တို့က ဘုရားရှင်အား လျှောက်ထား တောင်းပန်ခဲ့ကြရာ ဘုရားရှင်က ထိုနတ်လူ အပေါင်းတို့အား မင်္ဂလာ တရားတော် ကို ဟောကြားတော်မူခဲ့သည်။ ထိုမင်္ဂလာတရား တော်ကို ကြားနာ ရ၍ လေးသန်းသော ယောကျ်ားတို့သည် ရဟန်း ပြုကြကုန်ပြီး အရဟတ္တဖိုလ်သို့ ရောက်ခဲ့ကြကုန်၏။ ထိုရဟန်းတော်တို့၏ အလယ်၌ ဘုရားရှင်သည် သီတင်း သုံးတော်မူကာ ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်းအဝေးသည် တတိယ အကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့၏။

ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

[edit]

ဖုဿဘုရားရှင်ပွင့်တော်မူရာ အသက်တမ်းသည် အနှစ်ကိုးသောင်းတမ်း ဖြစ်ခဲ့၍ ဘုရားရှင်သည် ထိုမျှလောက် အသက်တည်နေတော်မူလျက် များစွာသော သတ္တဝါအပေါင်းတို့ကို ကယ်တင် တော်မူခဲ့၏။ အခြံအရံ အကျော်အစော ရှိတော်မူသော မြတ်စွာဘုရားသည် တပည့်သာဝက များနှင့် အတူတကွ ပရိနိဗ္ဗာန် ပြုတော်မူခဲ့လေပြီ။

ဓာတ်တော်များ ပျံ့နှံ့တည်ရှိခြင်း

[edit]

ဖုဿဘုရားရှင်သည် ပရိနိဗ္ဗာန်စံဝင်ခါနီးတွင် “ငါဘုရားမရှိသည့်နောက် ခပ်သိမ်းသော သတ္တဝါတို့ နတ်ရွာနိဗ္ဗာန် ရောက်ကြစေရန် ငါဘုရား၏ ဓာတ်တော် တို့သည် သက်တော်ရှည် ဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ် မကွဲ တစ်လုံးတစ်ခဲတည်းသော အသမ္ဘိန္နဓာတ်တော် မဖြစ်စေဘဲ အစိတ်စိတ် အမြွှာမြွှာ ကွဲပြားပျံ့နှံ့၍ တည်ကြပါစေ သတည်း”ဟု ဓိဋ္ဌာန်တော်မူခဲ့ပြီး သေနာရာမကျောင်း တိုက်ကြီး၌ ပရိနိဗ္ဗာန် ပြုတော်မူခဲ့၏။ ဘုရားရှင်၏ ဓာတ်တော် တို့သည် ဘုရားရှင်၏ အဓိဋ္ဌာန် အတိုင်း ဇမ္ဗူဒိပ်ကျွန်းတစ်ခွင်၌ ပျံ့နှံ့တည်ရှိကုန်၍ လူနတ် ဗြဟ္မာသတ္တဝါတို့၏ အပူဇော်ကို ခံယူတော်မူခဲ့ လေသတည်း။