တိဿဘုရားရှင်

From Wikisource
Jump to navigation Jump to search
364922နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၂၀) တိဿဘုရားရှင် -တိဿဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၂၀။ တိဿဗုဒ္ဓဝင်

[edit]

သိဒ္ဓတ္ထဘုရားရှင် ပွင့်တော်မူရာ ကပ်ကမ္ဘာကုန်ဆုံးပြီးနောက် ဘုရား တစ်ဆူမျှ မပွင့်သော သုည ကမ္ဘာတစ်ခု ဖြစ်ပေါ်ခဲ့ သည်။ ထိုသုညကမ္ဘာကို လွန်မြောက်၍ ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေသော် ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ဘုရားရှင်နှစ်ဆူ ပွင့်တော်မူသော မဏ္ဍကမ္ဘာ ဖြစ်ပေါ်ခဲ့သည်။ ထိုမဏ္ဍကမ္ဘာတွင် တိဿဘုရားရှင်နှင့် ဖုဿဘုရားရှင်တို့ ပွင့်တော် မူခဲ့ကြရာ ရှေးဦးစွာ ပွင့်သော ဘုရားရှင်သည် တိဿဘုရားရှင် ဖြစ်ခဲ့၍ လူတို့၏သက်တမ်း အနှစ် တစ်သိန်းတမ်းတွင် ပွင့်တော် မူခဲ့သည်။

တိဿဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း

[edit]

တိဿဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော် မူပြီးသည်၏အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာ နတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့စံနေ တော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော် နတ်သားအား ဘုံသုံးပါး၌ ဘုရား ဖြစ်တော်မူရန် ချိန်တန်သင့် မြတ်ပြီဖြစ်၍ လူ့ပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေနေ တော်မူပါရန် တောင်းပန်ခဲ့ ကြကုန်၏။ အလောင်းတော်သည် နတ်ဗြဟ္မာတို့ တောင်းပန်ချက်အရ တုသိတာ နတ်ပြည် မှစုတေ၍ လ့ူပြည် ခေမကနေပြည်တော် ဇနသန္ဓမင်းကြီး၏ တောင်ညာစံဒေဝီ၊ အဂ္ဂမဟေသီ ပဒုမာဒေဝီ မိဖုရား ခေါင်ကြီး၏ ဝမ်းကြာ တိုက်၌ ပဋိသန္ဓေနေတော်မူခဲ့သည်။ ဆယ်လ စေ့ရောက်သောအခါ မယ်တော် မိဖုရားကြီးသည် အလောင်းတော်ကို အနောမအမည်ရှိသော ဥယျာဉ်တော် အတွင်း၌ ဖွားမြင်တော်မူခဲ့၏။ အလောင်းတော်မင်းသားကို ပညာရှိတို့နှင့် ဆွေတော် မျိုးတော် အပေါင်းတို့က “တိဿမင်းသား”ဟူ၍ အမည်မှည့်ခဲ့ ကြကုန်၏။ အလောင်းတော် မင်းသား ပဋိသန္ဓေနေတော်မူသောအခါ၊ ဖွားမြင်တော်မူသောအခါတို့၌ နိမိတ်ကြီးများ တင်ခဲ့သည့်အပြင် အလောင်း တော် ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့်အတိုင်း အံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့ ကြသည်။

ထီးနန်းစိုးစံတော်မူခြင်း

[edit]

အလောင်းတော်တိဿမင်းသားသည် အရွယ်တော်သို့ ရောက်သောအခါ သုဘဒ္ဒါဒေဝီမင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ ဥတုသုံးလီ ရာသီနှင့်လိုက်အောင် ဆောက်လုပ် ထားသော ဂုဟာသေလ ရွှေနန်း ဆောင်၊ နာရိသယ ရွှေနန်းဆောင်၊ နိသဘ ရွှေနန်းဆောင်ဟူသော နန်းပြာသာဒ် သုံးဆောင်တို့၌ သုဘဒ္ဒါမိဖုရား အမှူးရှိသော ရံရွေတော် သုံးသောင်းတို့၏ ဖျော်ဖြေ လုပ်ကျွေးခြင်းကို ခံယူလျက် နှစ်ပေါင်း ခုနစ်ထောင်တို့ကာလ ပတ်လုံး မင်းစည်းစိမ်ကို ခံစား တော်မူခဲ့သည်။ အလောင်းတော်၏ သားတော်မှာ အာနန္ဒမင်းသားဖြစ်ခဲ့၏။

တောထွက်တော်မူခြင်း

[edit]

အလောင်းတော်တိဿမင်းသားသည် ထိုသို့ စည်းစိမ်ကို ခံစားတော်မူ နေစဉ် နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူခဲ့ပြီး သုဘဒ္ဒါဒေဝီ မိဖုရားကြီးမှ သားတော်အာနန္ဒမင်းသားကို ဖွားမြင်သောအခါ သောနုတ္တရမည်သော အာဇာနည်မြင်း ကိုစီးလျက် တောထွက်ရဟန်းပြုတော်မူခဲ့သည်။ အလောင်း တော်မင်းသား ရဟန်းပြုသည်ကို အတုလိုက် အားကျကာ တစ်ကုဋေသော ယောက်ျားတို့လည်း လိုက်ပါရဟန်းပြုခဲ့ကြ၏။ အလောင်း တော်သည် ထိုရဟန်းတို့နှင့်အတူ ဒုက္ကရစရိယာ ရှစ်လ ကြာအောင် ကျင့်တော်မူပြီးလျှင် ဘုရားဖြစ်မည့် ကဆုန်လပြည့်နေ့၌ ဝီရအမည်ရှိသော နိဂုံးနေ ဝီရသူဌေး၏သမီး လှူဒါန်းသော ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီး ထိုအရပ်ရှိ ထင်းရှူးတောကြီး အတွင်းမှာပင် နေခိုတော်မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[edit]

အလောင်းတော်သည် ထင်းရှုးတောကြီးအတွင်း နေခိုတော်မူပြီးနောက် ညနေချမ်းအချိန်သို့ ရောက်သောအခါ မဟာဗောဓိမဏ္ဍိုင်သို့ တစ်ပါးတည်း ကြွသွားတော်မူခဲ့သည်။ လမ်းခရီးအကြား၌ ဝိဇိတသင်္ဂါမကအမည်ရှိသော မုယော ခင်းစောင့် လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံယူတော် မူခဲ့၍ မဟာဗောဓိ (ပိတောက်) ပင်ရင်း၌ ဖြန့်ခင်း လိုက်သည်နှင့်တစ်ပြိုင်နက် အတောင်လေးဆယ် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက် တော်မူခဲ့သည်။ ထိုအပရာဇိတပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော် မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယတော်ကို ဆောက်တည်၍ တရားအားထုတ်တော်မူခဲ့သည်။ ထိုနေ့နေမဝင်မီ မာရ်စစ်သည်တို့ကို အောင်မြင် တော်မူခဲ့၍ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသ ဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ်တက်သည်နှင့် တစ်ပြိုင်နက် အာသဝက္ခယဉာဏ် တော်ကို ရတော်မူကာ လောက သုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူခဲ့သည်။

ဓမ္မစကြာတရားဦး ဟောကြားတော်မူခြင်း

[edit]

တိဿဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင်အနီး မှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက် စံနေတော်မူခဲ့၏။ အဋ္ဌမသတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း၏ တောင်းပန်မှုကို လက်ခံတော် မူ၍ တရားဟောရန် သတ္တလောကကို ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှုတော်မူ လေလျှင် ယသဝတီမြို့၌ နေကြကုန်သော တိဿဘုရားရှင်၏ (အဂ္ဂ သာဝက)တပည့်မြတ် အလောင်းအလျာ ဗြဟ္မဒေဝမင်းသားနှင့် ဥဒယမင်းသားတို့ကို မြင်တော် မူခဲ့သည်။ ဘုရားရှင် သည် ထိုမင်းသားများရှိရာ ယသဝတီမြို့အနီး မိဂဒါယ အမည်ရှိသော ဥယျာဉ်တော်သို့ ကောင်းကင် ခရီးဖြင့် တစ်ခဏ ချင်း ကြွသွားတော်မူခဲ့၏။ ဥယျာဉ်တော်သို့ ရောက်လေလျှင် ဥယျာဉ်စောင့်ကို စေလွှတ်ကာ မင်းသား နှစ်ပါးတို့ကို ခေါ်စေတော်မူခဲ့သည်။ မင်းသား နှစ်ယောက်တို့သည် အခြံအရံပရိသတ်များနှင့်တကွ ဘုရားရှင်ထံ လာရောက် ခဲ့ကြ၏။ ထိုအခါ ဘုရားရှင်သည် မင်းသားနှစ်ပါးတို့ကို အမှူးထား၍ တရားနာရန် လာရောက် ကြကုန်သော လူနတ် ဗြဟ္မာ သတ္တဝါတို့အား ရှေးရှေး ဘုရားရှင်တို့ ဟောကြားတော်မူမြဲဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ်တော်ကို ဟောတော် မူခဲ့သည်။ တရားဆုံးသောအခါ ကုဋေတစ်ရာသော လူနတ်ဗြဟ္မာ သတ္တဝါတို့ မဂ်ဖိုလ်တရားထူးကို ရခဲ့ကြကုန်၏။

ဂေါတမဘုရား အလောင်းတော် ဗျာဒိတ်ခံခြင်း

[edit]

ဂေါတမဘုရားအလောင်းတော်သည် တိဿဘုရားရှင် ပွင့်တော် မမူမီ ကပင် ယသဝတီမြို့၌ သုဇာတ မည်သော မင်းဖြစ်ခဲ့၏။ အလောင်းတော် မင်းမြတ်သည် ၎င်းင်းပိုင်သော ပစ္စည်းဥစ္စာတို့ကိုလည်း ကောင်း၊ အခြွေအရံပရိသတ် များကိုလည်းကောင်း မငဲ့မကွက် ရက်ရက်ကြီး စွန့်လွှတ်တော်မူ၍ ဇာတိဒုက္ခအစရှိသည်တို့မှ အလွန်ကြောက် လန့် သော စိတ်ရှိသဖြင့် တောထွက်ကာ ရှင်ရသေ့ပြု၍ နေခဲ့သည်။ အလောင်းတော် ရှင်ရသေ့သည် အလွန် တန်ခိုးကြီး ခဲ့၏။ လောက၌ တိဿဘုရားရှင် ပွင့်တော်မူကြောင်း ကြားသိရသောအခါ ငါးမျိုးသော ပီတိဖြင့် တွေ့ထိပျံ့နှံ့၍ ဘုရားရှင်ထံ ချဉ်းကပ် ဝပ်လျိုးရှိခိုးခဲ့လေသည်။

တစ်ဖန်တန်ခိုးဣဒ္ဓိပါဒ်ဖြင့် နတ်ပြည်သို့ သွားရောက်ကာ စိတ္တလတာ ဥယျာဉ်သို့ ဝင်ရောက်၍ တစ်ဂါဝုတ်ခန့်ပမာဏ ရှိသော ရတနာပန်းခြင်းတောင်းကြီး၌ ပင်လယ်ကသစ်ပန်း၊ မန္ဒာရဝနတ်ပန်း များကို အပြည့်ထည့်၍ ဘုရားရှင်အား ပူဇော်ခဲ့၏။ ထိုမျှပင် မကသေး အရိုးကား ပတ္တမြား၊ အထွတ်ကား ရွှေ၊ အရွက်ကား ပတ္တမြားနီတို့ဖြင့် လည်းကောင်း၊ ကောင်းသောရနံ့ရှိသည့် ဝတ်ဆံတို့ဖြင့်လည်းကောင်း၊ ပြုလုပ်အပ်သည့်ထီးနှင့် တူသော ပဒုမာထီးတစ်လက်ကိုလည်း ဘုရားရှင်၏ ဦးခေါင်းတော်၌ ဆောင်းမိုးပူဇော်ခဲ့၏။ ထိုအခါ တိဿဘုရားရှင်က “ဤကမ္ဘာမှ နောက်ကိုးဆယ့်နှစ် ကမ္ဘာမြောက်၌ ဤသုဇာတရသေ့သည် ဂေါတမမည်သော ဘုရားစင်စစ် ဖြစ်လတံ့”ဟု အလောင်းတော် အား ဗျာဒိတ်စကား>မက်ကြားတော်မူခဲ့သည်။ အလောင်းတော်သည် ဘုရားရှင်၏ ဗျာဒိတ်စကား ကြားရသောအခါ အလွန်ကြည်ညိုသော စိတ်ဖြင့် ပါရမီ ဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင်ရန် မြဲမြံစွာဆောက် တည်တော်မူခဲ့သည်။

တိဿဘုရားရှင်၏ တပည့်သာဝကများ

[edit]

တိဿဘုရားရှင်၏(အဂ္ဂသာဝက)တပည့်မြတ်အစုံတို့မှာ အရှင်ဗြဟ္မဒေဝ မထေရ်နှင့် အရှင်ဥဒယ မထေရ်တို့ ဖြစ်ခဲ့ကြ ကုန်၍ အလုပ်အကျွေး ရဟန်းတော်မှာ အရှင်သမင်္ဂ မထေရ်ဖြစ်ခဲ့၏။ အရှင်မ ဖုဿာထေရီနှင့် အရှင်မ သုဒတ္တာထေရီ တို့မှာ ဘုရားရှင်၏(အဂ္ဂသာဝိကာ)မြတ်သော တပည့်မ အစုံတို့ ဖြစ်ကုန်လျက် ဘုရားရှင်ပွင့်တော်မူရာ ဗောဓိပင်မှာ ပိတောက်ပင် ဖြစ်ခဲ့သည်။ (အဂ္ဂဥ ပဋ္ဌာက) မြတ်သော အလုပ်အကျွေးဒါယကာတို့မှာ သမ္ဗလသူဌေးနှင့် သိရိမာသူဌေး တို့ဖြစ်ခဲ့ကုန်၍ (အဂ္ဂဥပဋ္ဌိကာ)မြတ်သော အလုပ်အကျွေး ဒါယိကာမတို့သည် ကိသာဂေါတမီ ဥပါ သိကာမနှင့် ဥပသေနာဥပါသိကာမတို့ ဖြစ်ခဲ့ကြကုန်၏။ တိဿဘုရားရှင်၏ အရပ်တော်မှာ အတောင် ခြောက်ဆယ် မြင့်လျက် ဟိမဝန္တာတောင်ကြီးအသွင် ဖူးမြင်ရသူတို့ ထင်ခဲ့ကြကုန်၏။

(ဓမ္မာဘိသမယ)တရားပွဲကြီးများ

[edit]

တိဿဘုရားရှင်၏ ယသဝတီမြို့အနီး မိဂဒါယဥယျာဉ်တော်ကြီး၌ အဂ္ဂသာဝက အလောင်းအလျာ ဗြဟ္မဒေဝ မင်းသား နှင့် ဥဒယမင်းသားတို့ကို အမှူးထား၍ သတ္တဝါတို့အား ဓမ္မစကြာတရားဦးကို ဟောတော်မူသော တရားပွဲသည် ရှေးဦး စွာသော (ဓမ္မာဘိသမယ)တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရားပွဲ ကြီး၌ ကုဋေတစ်ရာသော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်း ဝင်ခဲ့ကြကုန်၏။ ထို့နောက် တိဿဘုရားရှင် အလောင်းတော်ဘဝ တော ထွက်၍ ရဟန်း ပြုတော်မူခဲ့စဉ်အခါက လိုက်ပါရဟန်းပြုခဲ့ကြကုန်သော ရဟန်းတို့သည် “ဘုရားရှင် ဓမ္မစကြာ တရားတော်ကို ဟောတော်မူလေပြီ”ဟု ကြားသိရသောအခါ ဘုရားရှင် သီတင်းသုံးတော်မူရာ ယသဝတီမြို့အနီး မိဂဒါယဥယျာဉ်ကြီးသို့ ကြွလာခဲ့ကြကုန်၏။ ထိုအခါ ဘုရားရှင်သည် ထိုရဟန်း တော်တို့အား တရားဟောတော်မူခဲ့၏။ ထိုတရားပွဲသည် ဒုတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး ၌လည်း ကုဋေ ကိုးဆယ် သော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။ ထို့နောက်တစ်ဖန် သတ္တဝါများ ကြီးပွားကြောင်းခေါ် မင်္ဂလာ တရားတော်နှင့် စပ်လျဉ်း၍ လူနတ်ဗြဟ္မာသတ္တဝါတို့ စုဝေးခဲ့ကြပြီး တိဿဘုရားရှင်အား လျှောက်ထားခဲ့ကြသည်။ ထိုအခါ ဘုရားရှင်က လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့အား မင်္ဂလာ တရားတော်ကို ဟောကြားတော် မူခဲ့၏။ ထိုတရားပွဲသည် တတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေခြောက်ဆယ်သော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။

သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ

[edit]

တိဿဘုရားရှင်လက်ထက်တော်တွင် သာဝက (သန္နိပါတ)အစည်း အဝေးကြီး သုံးကြိမ်ဖြစ်ခဲ့သည်။ ယသဝတီမြို့တွင် ဘုရားရှင် ဝါကပ်တော် မူစဉ်က ဝါဦးတွင် ရဟန်းပြုခဲ့ကုန်၍ ဝါတွင်း၌ ရဟန္တာဖြစ်ခဲ့ ကြကုန်သော ရဟန္တာတစ်သိန်းတို့ ခြံရံလျက် တိဿဘုရားရှင်သည် သီတင်း ကျွတ်လပြည့် နေ့၌ ရဟန္တာချည်းသက်သက် ပုထုဇဉ် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ရဟန်း တို့ မရောယှက်သည့် ဝိသုဒ္ဓိပဝါရဏာပြု တော်မူခဲ့သည်။ ထိုအစည်း အဝေးသည် ရှေးဦးစွာသော သာဝက (သန္နိပါတ)အစည်းအဝေးကြီး ဖြစ်ခဲ့သည်။ ထိုမှတစ်ဖန် နာရိဝါဟနမြို့၌ သုဇာတမင်းကြီး ၏သား နာရိဝါဟနမင်းသည် တိဿဘုရားရှင် နာရိဝါဟနမြို့သို့ ဒေသစာရီကြွချီ ရောက်ရှိတော်မူ ခဲ့ကြောင်း ကြား သိခဲ့ရ၏။ အခြံအရံပရိသတ်နှင့် တကွ ခရီးဦးကြိုဆိုခဲ့ကုန်ပြီး ရဟန်းသံဃာနှင့် တကွသော ဘုရားရှင်ကို ပင့်ဖိတ် ကာ ခုနစ်ရက်ပတ်လုံး အသဒိသအလှူကြီးကို လှူဒါန်းခဲ့၏။ ထိုပြင်၎င်းင်းမင်းသည် ထီးနန်းစည်းစိမ်ကို သားတော်အား အပ်နှင်းခဲ့ပြီးနောက် အခြံအရံပရိသတ်နှင့်တကွ ဘုရားရှင် အထံတော်၌ ရဟန်းပြုခွင့်တောင်းခံခဲ့သည်။ ဘုရားရှင်သည် မင်းနှင့်တကွ အခြံအရံပရိသတ်တို့ကို ဧဟိဘိက္ခုခေါ်တော်မူရာ ရဟန်းပြုပေးတော်မူခဲ့၏။ ၎င်းင်းအပြင် ထိုထိုအရပ်မှာ လူများအပေါင်းသည် နာရိဝါဟန မင်းကို အတုလိုက်ကာ ရဟန်းပြုခဲ့ကြကုန်၏။ ထိုအခါ တိဿဘုရား ရှင်သည် ရဟန်းအပေါင်းကိုးသန်းတို့၏ အလယ်၌ ဩဝါဒပါတိမောက်ကို ပြတော်မူ ခဲ့သည်။ ထိုအစည်းအဝေးသည် ဒုတိယအကြိမ်မြောက် သာဝက (သန္ခိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့၏။

ထို့နောက် အခါတစ်ပါးဝယ် ခေမကမြို့တော် ဆွေတော်မျိုးတော်တို့၏ အစည်းအဝေးတွင် ဘုရားရှင် ဟောကြား တော်မူအပ်သော ဗုဒ္ဓဝင် ဒေသနာတော်ကို ကြားနာကြရကုန်၍ ရှစ်သန်းသော လူအပေါင်း တို့သည် ဘုရားရှင် ၏အထံတော်၌ ရဟန်းပြုခဲ့ကြကုန်၍ အရဟတ္တဖိုလ်သို့ ရောက်ခဲ့ ကြကုန်၏။ ထိုရဟန်းတို့ ခြံရံလျက် တိဿ ဘုရားရှင်သည် ဩဝါဒ ပါတိမောက်ကို ပြတော်မူခဲ့၏။ ထိုအစည်းအဝေးသည် တတိယအကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေး ကြီး ဖြစ်ခဲ့သည်။

ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

[edit]

တိဿဘုရားရှင်သည် လောက၌ အနှစ်တစ်သိန်းတို့ ကာလပတ်လုံး တည်နေတော်မူလျက် သတ္တဝါ တို့အား သံသရာ ဝဲစလုတ်မှ ကယ်ထုတ်တော် မူခဲ့သည်။ ဘုရားရှင်သည် လေကြောင့် ကင်းပျောက် ရသော မိုးတိမ်ကဲ့သို့ လည်းကောင်း၊ နေကြောင့် ချုပ်ပျောက်ရသော ဆီးနှင်းပေါက်ကဲ့သို့ လည်းကောင်း၊ ဆီမီးကြောင့် ကွယ်ပျောက်ရသော အမိုက်မှောင် ကဲ့သို့လည်းကောင်း တပည့်သာဝက နှင့်တကွ ပရိနိဗ္ဗာန်စံတော်မူ ခဲ့လေပြီ။

စေတီတည်ထားကိုးကွယ်ကြခြင်း

[edit]

တိဿဘုရားရှင်သည် နန္ဒာရာမ ကျောက်တိုက်ကြီး၌ ပရိနိဗ္ဗာန်ပြုတော်မူခဲ့၏။ ထိုကျောင်းတိုက်ကြီး အတွင်း၌ပင် စေတီတော်ကို တည်ထားကိုးကွယ်တော် မူခဲ့ကြရာ စေတီတော်သည် သုံးယူဇနာ တိုင်တိုင် မြင့်တော်မူခဲ့၏။ သက်တော်ရှည်ကြာသော ဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ် မကွဲ တစ်လုံးတစ်ခဲတည်းသော အသမ္ဘိန္န ဓာတ်တော်ကို ထိုစေတီတော်အတွင်း၌ ဌာပနာ သွင်းခဲ့ကြ ကုန်သည်။ ဇမ္ဗူဒိပ်ကျွန်းနေ လူအပေါင်းတို့သည် ရတနာခုနစ်ပါးဖြင့် ခြယ်လှယ်ကာ စေတီတော်ကို ပြီးဆုံးစေခဲ့ကြကုန်သတည်း။