ဝိပဿီဘုရားရှင်

From Wikisource
Jump to navigation Jump to search
364924နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၂၂) ဝိပဿီဘုရားရှင် -ဝိပဿီဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၂၂။ ဝိပဿီဗုဒ္ဓဝင်

[edit]

ဖုဿဘုရားရှင်ပွင့်တော်မူရာ ကပ်ကမ္ဘာကုန်ဆုံးပြီးနောက် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေသော် ကိုးဆယ့်တစ်ကမ္ဘာ၌ လူတို့၏အသက်တမ်း အသင်္ချေယျ တမ်းမှ ဆုတ်ယုတ်ခဲ့၍ အနှစ်ရှစ်သောင်း တမ်းသို့ ရောက်သောအခါ ဝိပဿီ ဘုရားရှင် လောက၌ ပွင့်တော်မူခဲ့သည်။

ဝိပဿီဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း

[edit]

ဝိပဿီဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီး သည်၏အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအရ တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့ စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော် နတ်သားအား ဘုံသုံးပါး၌ ဘုရားဖြစ်တော်မူရန် အချိန်တန်ပြီဖြစ်၍ လူ့ပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေ နေတော် မူပါရန် တောင်းပန်ခဲ့ကြကုန်၏။ အလောင်း တော်သည် နတ်ဗြဟ္မာတို့ တောင်းပန်ချက်အရ တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည် ဗန္ဓုမတီမင်းနေပြည်တော် ဗန္ဓုမအမည်ရှိသော မင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ ဗန္ဓုမတီ အမည်ရှိသော မိဖုရားခေါင် ကြီး၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေနေတော်မူခဲ့သည်။ ဆယ်လစေ့မြောက် အချိန် ရောက်သောအခါ သားသမင်တို့အား ဘေးမဲ့ပေးရာဖြစ်၍ ခေမအမည်ရှိသော မိဂဒါဝုန် ဥယျာဉ်တော် အတွင်း၌ မယ်တော်မိဖုရားကြီးမှ သားတော်အလောင်း မင်းသားကို ဖွားမြင် တော်မူခဲ့သည်။ အလောင်းတော် မင်းသားသည် ဖွားတော်မူ သည်မှ စ၍ မည်သည့်အခါမှ မျက်စိကို မှိတ်သည် မရှိခဲ့။ အမြဲဖွင့်သော မျက်စိတို့ဖြင့်သာ ကြည့်ရှု တတ်သည်ကို အစွဲပြု၍ “ဝိပဿီ မင်းသား”ဟု အမည်တွင် တော်မူခဲ့သည်။ အလောင်းတော် မင်းသားသည် ယင်းမျက်စိတော်တို့ဖြင့် နေ့၌ဖြစ်စေ ညဉ့်၌ဖြစ်စေ ထက်ဝန်းကျင် တစ်ယူဇနာတိုင်တိုင် အဆီးအတား အပိတ်အပင် မရှိဘဲ မြင်နိုင်တော်မူခဲ့သည်။ အလောင်းတော်မင်းသား ပဋိသန္ဓေနေတော်မူသောအခါ၊ ဖွားမြင်တော်မူ သောအခါတို့၌ နိမိတ်ကြီးများ ထင်ခဲ့ သည့်အပြင် အလောင်းတော်ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ ရှိသည့်အတိုင်း အံ့ဩ ဖွယ်ရာများ ဖြစ်ပေါ်ခဲ့သည်။

ထီးနန်းစိုးစံတော်မူခြင်း

[edit]

အလောင်းတော် ဝိပဿီမင်းသားသည် အရွယ်တော်သို့ ရောက်သော အခါ သုဒဿနာမင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော် မူခဲ့သည်။ ဥတုသုံးလီ ရာသီနှင့်လိုက်အောင် ဆောက်လုပ် ထားသော နန္ဒ ရွှေနန်းဆောင်၊ သုနန္ဒ ရွှေနန်းဆောင်၊ သိရိမာ ရွှေနန်းဆောင် ဟူသော ရွှေနန်း ပြာသာဒ်သုံးဆောင်တို့၌ သုဒဿနာမိဖုရားကြီး အမှူးရှိသော မောင်းမအပေါင်း တစ်သိန်း နှစ်သောင်းတို့၏ ဖျော်ဖြေလုပ်ကျွေးခြင်းကို ခံယူလျက် နှစ်ပေါင်း ရှစ်ထောင်တို့ ကာလပတ်လုံး ထီးနန်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။ အလောင်းတော်၏ သားတော်မှာ သမဝတ္တက္ခန္ဓမင်းသား ဖြစ်ခဲ့၏။

တောထွက်တော်မူခြင်း

[edit]

အလောင်းတော် ဝိပဿီမင်းသားသည် ထိုသို့ထီးနန်းစည်းစိမ်ကို ခံစား တော်မူနေစဉ် နတ်တို့ ဖန်ဆင်းပြသခဲ့သော နိမိတ်ကြီးလေးပါးတို့ကို မြင်တော် မူခဲ့ပြီး သုဒဿနာမိဖုရားကြီးမှ သားတော်သမဝတ္တက္ခန္ဓမင်းသားကို ဖွားမြင် တော်မူ သည့်နေ့၌ပင် အာဇာနည်မြင်းကသော ရထား ယာဉ်ဖြင့် တောထွက်၍ ရဟန်းပြုတော်မူခဲ့သည်။ အလောင်းတော် မင်းသား ရဟန်းပြုသည်ကို အတု လိုက်အားကျကာ ဗန္ဓုမတီပြည်သား ရှစ်သောင်းလေးထောင်သော ယောကျ်ား တို့သည်လည်း ရဟန်းပြုခဲ့ကြကုန်၏။ အလောင်းတော်သည် ထိုရဟန်းတော် များနှင့်အတူ ဒုက္ကရစရိယာ ရှစ်လကြာ အောင် ကျင့်တော်မူခဲ့သည်။ ဘုရား ဖြစ်မည့် ကဆုန်လပြည့်နေ့၌ သုဒဿနသူဌေး၏ သမီးလှူဒါန်းခဲ့သော ဃနာ နို့ဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူ၍ ထိုအရပ်ရှိ အင်ကြင်းတော အတွင်း၌ပင် နေခိုတော်မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[edit]

အလောင်းတော်သည် အင်ကြင်းတောအတွင်း၌ နေခိုတော်မူပြီးနောက် ညနေချမ်းအချိန်သို့ ရောက်သောအခါ မဟာဗောဓိမဏ္ဍိုင်သို့ တစ်ပါးတည်း ကြွသွားတော်မူခဲ့သည်။ လမ်းခရီးကြား၌ သုဇာတ အမည်ရှိသော မုယော ခင်းစောင့် လှူဒါန်းသည့် မြက်ရှစ်ဆုပ်တို့ကို အလှူခံတော်မူခဲ့၍ ဗောဓိ(သခွတ်) ပင်ရင်း ဖြန့်ခင်းလိုက်သည်နှင့် တစ်ပြိုင်နက် ငါးဆယ့်သုံးတောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာခဲ့၏။ ထိုအပရာဇိတ ပလ္လင် တော်ပေါ်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည် တော်မူကာ တရား အား ထုတ်တော်မူခဲ့သည်။ ထိုနေ့ နေမဝင်မီ မာရ် စစ်သည်တို့ကို အောင်မြင်တော်မူခဲ့၍ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသ ဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ် တက်သည်နှင့် တစ်ပြိုင်နက် အာသဝက္ခယ ဉာဏ်တော်ကို ရတော်မူကာ လောကသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော် မူခဲ့သည်။

ဓမ္မစကြာတရားဦး ဟောတော်မူခြင်း

[edit]

ဝိပဿီဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင်အနီး မှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက် စံနေတော်မူခဲ့၏။ အဋ္ဌမသတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း၏ တောင်းပန်မှုကို လက်ခံ တော်မူ၍ တရားဟောရန် သတ္တလောကကို ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှုတော် မူလေလျှင် ကိုယ်တော်မြတ်နှင့် ဖတူမိကွဲ ခဏ္ဍမင်းသားနှင့် တိဿအမည်ရှိ သော ပုရောဟိတ် သားတို့ကို မြင်တော်မူခဲ့သည်။ ထိုခဏ္ဍမင်းသားနှင့် ပုရောဟိတ်သား တိဿတို့သည် ဘုရားရှင်၏ တပည့်မြတ်အစုံ (အဂ္ဂသာဝက) အလောင်းအလျာများ ဖြစ်ခဲ့ ကြသည်။ ဘုရားရှင်သည် ထိုမင်းသား နှင့် ပုရောဟိတ် သားရှိရာ ဗန္ဓုမတီ မြို့တော်အနီး သားသမင်တို့အား ဘေးမဲ့ ပေးရာဖြစ်၍ ခေမ အမည်ရှိသော မိဂဒါဝုန် ဥယျာဉ်သို့ ကောင်းကင်ခရီးဖြင့် တစ်ခဏချင်း ကြွသွားတော်မူခဲ့၏။ ဥယျာဉ်တော်သို့ ဘုရားရှင်ရောက်လျှင် ဥယျာဉ်မှူးကို စေလွှတ်၍ ထိုပုဂ္ဂိုလ် နှစ်ဦးကို ခေါ်စေခဲ့သည်။ ထိုဘုရားရှင်သည် ထိုပုဂ္ဂိုလ်နှစ်ဦး အမှူးထား၍ တရားနာရန် ရောက်လာကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါတို့အား ရှေးရှေး ဘုရားရှင်တို့ ဟောကြားတော်မူ ကြမြဲဖြစ်သည့် ဓမ္မစကြာဒေသနာတော်ကို ဟောကြားတော် မူခဲ့သည်။ ဓမ္မစကြာဒေသနာ ဆုံးသောအခါ မရေမတွက် နိုင်သော လူနတ်ဗြဟ္မာ သတ္တဝါတို့ မဂ်ဖိုလ် တရားထူးကို ရခဲ့ကြကုန်၏။

ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံခြင်း

[edit]

ဝိပဿီဘုရားရှင်လက်ထက်တွင် ဂေါတမဘုရား အလောင်းတော်သည် တန်ခိုးအာနုဘော် ကြီးမားသော အတုလ နဂါးမင်း ဖြစ်ခဲ့သည်။ အလောင်းတော် နဂါးမင်းသည် ကုဋေပေါင်းများစွာ သော နဂါးတို့ခြံရံလျက် လောက၏ အကြီး အမှူးဖြစ်တော်မူသော ဝိပဿီဘုရားရှင်ထံ ချဉ်းကပ်၍ ဘုရားအမှူးရှိသော သံဃာတော်များကို ပင့်ဖိတ်လျက် ရတနာ ခုနစ်ပါးတို့ဖြင့် ပြီးသော မဏ္ဍပ်တော် ကြီးအတွင်း၌ သီတင်းသုံးတော်မူကြစေပြီး ခုနစ်ရက်ပတ်လုံး ကြီးစွာသော အလှူကြီးကို ပေးလှူခဲ့၏။ ရတနာခုနစ်ပါးဖြင့် ခြယ်စီထားအပ်သော ရွှေအင်းပျဉ်ကိုလည်း ဘုရားရှင်အား လှူဒါန်း ခဲ့သည်။ ထိုအခါ ဘုရားရှင်သည် အလောင်းတော် အတုလနဂါးမင်းကို “ဤအတုလ နဂါးမင်းသည် ဤကမ္ဘာမှ နောက်ကိုးဆယ့်တစ်ကမ္ဘာမြောက်၌ ဂေါတမအမည်ရှိသော ဘုရားစင်စစ် ဖြစ်လတံ့”ဟူ၍ ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့၏။ ဘုရားရှင်၏ ဗျာဒိတ်စကားကြားရလျှင် အလောင်းတော် အတုလနဂါးမင်းသည် ပါရမီ ဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူခဲ့သည်။

ဝိပဿီဘုရားရှင်၏ တပည့်သာဝကများ

[edit]

ဝိပဿီဘုရားရှင်၏ (အဂ္ဂသာဝက)တပည့်မြတ်တို့သည် အရှင်ခဏ္ဍမထေရ်နှင့် အရှင်တိဿမထေရ် ဖြစ်ခဲ့ကြကုန်၍ အလုပ်အကျွေးရဟန်းတော်မှာ အရှင် အသောကမထေရ် ဖြစ်ခဲ့သည်။ အရှင်မ စန္ဒာထေရီနှင့် အရှင်မ စန္ဒမိတ္တာထေရီ တို့သည် ဘုရားရှင်၏ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မတို့ ဖြစ်ကုန်၍ သခွတ်ပင်သည် ဘုရားရှင်၏ ပွင့်တော်မူရာ ဗောဓိပင်ဖြစ်ခဲ့သည်။ (အဂ္ဂဥပဋ္ဌာက) မြတ်သော အလုပ်အကျွေး ဒါယကာတို့သည် ပုနဗ္ဗသုမိတ္တသူဌေးနှင့် နာဂသူဌေး တို့ ဖြစ်ခဲ့ကြကုန်၍ (အဂ္ဂဥပဋ္ဌိကာ) မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ သိရိမာဥပါသိကာမနှင့် ဥတ္တရာ ဥပါသိကာမတို့ ဖြစ်ခဲ့ကြ ကုန်၏။ ဝိပဿီဘုရားရှင်၏ အရပ်တော်မှာ အတောင်ရှစ်ဆယ်မြင့်လျက် ကိုယ်တော်မှ ထွက်သော ရောင်ခြည်တော်တို့သည် ထက်ဝန်းကျင် ခုနစ်ယူဇနာ တိုင်တိုင် ထွန်းလင်းတောက်ပ တော်မူခဲ့သည်။

(ဓမ္မာဘိသမယ) တရားပွဲကြီးများ

[edit]

ဝိပဿီဘုရားရှင်၏ ဗန္ဓုမတီမြို့အနီး ခေမအမည်ရှိသော မိဂဒါဝုန် ဥယျာဉ်တော်၌ ခဏ္ဍမင်းသားနှင့် တိဿ လုလင် တို့ကို အမှူးထား၍ လူနတ် ဗြဟ္မာသတ္တဝါတို့အား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူသော တရားပွဲသည် ရှေးဦးစွာသော (ဓမ္မာဘိသမယ)တရားပွဲကြီး ဖြစ်ခဲ့၏။ ထိုတရား ပွဲကြီး၌ မရေမတွက်နိုင်သော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင် ခဲ့ကြလေ သည်။ ထို့နောက် ဝိပဿီဘုရားရှင်သည် ဗန္ဓုမတီမြို့အနီး ခေမမိဂဒါဝုန်ဥယျာဉ်တော်၌ သီတင်း သုံးတော်မူ၍ ခဏ္ဍမင်းသားနှင့် တိဿလုလင်ကို တရားဟော ဆုံးမတော်မူသဖြင့် ခဏ္ဍမင်းသားနှင့် တိဿလုလင်တို့ ရဟန်းပြုတော်မူခဲ့ကြ ကြောင်း ကြားသိကြကုန်သော ဗန္ဓုမတီမြို့သား ရှစ်သောင်း လေးထောင် တို့လည်း ခဏ္ဍမင်းသားနှင့် တိဿလုလင်တို့ကို အတုလိုက်ကာ ရဟန်းပြုခဲ့ကြ ကုန်၏။ ထိုရဟန်း တော်တို့ကို အမှူးထား၍ ဘုရားရှင် ဟောကြားတော် မူခဲ့သော တရားပွဲသည် ဒုတိယ အကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့၏။ ထိုတရားပွဲကြီးတွင် ရှစ်သောင်းလေးထောင် သော သတ္တဝါတို့ု သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။

ထို့နောက် တစ်ဖန် ဝိပဿီဘုရားအလောင်းတော် တောထွက်၍ ရဟန်း ပြုစဉ်အခါက လိုက်ပါ ရဟန်းပြုခဲ့ကြကုန်သော ရှစ်သောင်းလေးထောင်သော ရဟန်းတို့သည် ကဆုန်လပြည့် ဘုရား ဖြစ်မည့်နေ့၌ အလောင်းတော် တစ်ပါးတည်း ဗောဓိမဏ္ဍိုင်သို့ ကြွသွားသောအခါ “အလောင်း တော်သည် အပေါင်းအသင်းဂိုဏ်းဂဏနှင့် နေခြင်း၌ ငြီးငွေ့တော် မူသဖြင့် တစ်ပါးတည်း သီတင်း သုံးနေတော်မူလိုဟန် ရှိသည်။ အလောင်းတော်ကို ဘုရားဖြစ်သောအခါမှ ငါတို့ဖူးမြင် ကြကုန် တော့အံ့”ဟု ကြံစည်ကြကာ ဇမ္ဗူဒိပ်ကျွန်း အတွင်းသို့ ရှေးရှုလှည့်လည် ဖဲသွားခဲ့ကြကုန်၏။ ထိုရဟန်း အပေါင်းတို့သည် “ဝိပဿီမင်းသား ဘုရားဖြစ်၍ ဓမ္မစကြာတရား ဟောတော်မူသည်”ဟု သတင်း စကားကြားကြရ သော အခါမှသာ ဘုရားရှင်ရှိရာ ဗန္ဓုမတီနေပြည်တော်အနီး ခေမ မိဂဒါဝုန်ဥယျာဉ်သို့ လာရောက်စည်းဝေးခဲ့ကြကုန် ၏။ ထိုအခါ ဘုရားရှင်ကို အတုလိုက်၍ ရဟန်းပြုခဲ့ကြသည့် ရဟန်းတော်တို့အား ဘုရားရှင်တရား ဟောတော်မူခဲ့သော တရားပွဲသည် တတိယအကြိမ်မြောက် (ဓမ္မာဘိသယမ) တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရားပွဲကြီးတွင် ရှစ်သောင်းလေး ထောင်သော အတုလိုက် ရဟန်းပြုခဲ့ကြသည့် ရဟန်းတော်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။

သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ

[edit]

ဝိပဿီဘုရားရှင်လက်ထက်တော်တွင် သာဝက (သန္နိပါတ) အစည်း အဝေးကြီး သုံးကြိမ်ဖြစ်ခဲ့သည်။ ဝိပဿီ ဘုရား ရှင်သည် ဗန္ဓုမတီနေပြည်တော် အနီး ခေမမိဂဒါဝုန်ဥယျာဉ်တော်အတွင်း ခဏ္ဍမင်းသား နှင့် တိဿလုလင်တို့ကို အတု လိုက် ရဟန်းပြုခဲ့ကြသည့် ရဟန်းပေါင်း ရှစ်သောင်းလေးထောင်နှင့် ကိုယ်တော်မြတ်ကို အတုလိုက် ရဟန်း ပြုခဲ့ကြ သည့် ရဟန်းပေါင်းရှစ်သောင်း လေးထောင် နှစ်ရပ် ပေါင်း တစ်သိန်းခြောက်သောင်း ရှစ်ထောင်သော ရဟန်း တို့၏ အလယ်၌ သီတင်းသုံးတော်မူကာ ဩဝါဒပါတိမောက်ကို ပြတော် မူခဲ့သည်။ ထိုအစည်းအဝေးကား ရှေးဦးစွာ သော သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့၏။ ထို့နောက်အခါတစ်ပါး၌ ဝိပဿီ ဘုရားရှင်သည် ရေမီးအစုံစုံ သော တန်ခိုး ပြာဋိဟာ ပြတော်မူသည်ကို ဖူးမြင်ကြရ၍ ရဟန်းပြု ကြကုန်သော တစ်သိန်းသော ရဟန်းတို့ အစည်း အဝေး သည် ဖြစ်ခဲ့၏။ ထိုအစည်းအဝေး သည် ဒုတိယ အကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီးဖြစ်၏။ ထို့နောက် တစ်ဖန် ဝိပဿီဘုရားရှင်၏ ဖတူမိကွဲ မင်းသားညီနောင် သုံးယောက်တို့သည် နယ်စွန် နယ်ဖျားက ထကြွသောင်းကျန်းခဲ့ကြသည့် သူပုန်သူကန်တို့ကို ငြိမ်းအေးငြိမ်သက်စေ၍ ပြန်လာ ခဲ့ကြရာတွင် ခမည်းတော်မင်းတ ရား ကြီးက သားတော်သုံးပါးကို အားရကျေနပ်တော်မူ၍ လိုသောဆုကို တောင်းစေခဲ့သည်။ ထိုမင်းသား သုံးပါးသည် အခြားဆုကို မတောင်း။ နောင်တော် ဝိပဿီဘုရားရှင်အား လုပ်ကျွေးပြုစုခွင့်ဆုကိုသာ တောင်းခံခဲ့သည်။ မင်းတရား ကြီးက ခွင့်ပြုလေ လျှင် ၎င်းင်းတို့၏ အပိုင်စား မြို့ရွာဌာနတို့သို့ ဘုရားရှင်ကို ပင့်ဖိတ်၍ ပူဇော် မှုပြုခဲ့ကြသည်။ ဘုရားရှင် က ထိုမင်းသားသုံးဦးကို အမှူးထား၍ တရားဟောတော်မူခဲ့ရာ ရှစ်သောင်းသောလူတို့သည် ဧဟိဘိက္ခုရဟန်း ဖြစ်ကြကုန်၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြကုန်၏။ ဘုရားရှင်သည် ခေမ မိဂဒါဝုန် ဥယျာဉ်အတွင်း ထိုရှစ်သောင်းသော ရဟန်းတို့၏အလယ်၌ သီတင်းသုံး နေတော်မူကာ ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့၏။ ထိုအစည်းအဝေးကား တတိယအကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့သည်။

ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

[edit]

ဝိပဿီမြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ်ရှစ်သောင်း တမ်းဖြစ်၍ ထိုမျှလောက် ကာလပတ်လုံး များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူခဲ့၏။ ထိုဘုရားရှင်သည် အလင်းရောင်ကိုပြ၍ အမြိုက်နိဗ္ဗာန်ကို ဟောကြားတော်မူပြီးလျှင် မီးပုံကြီးကဲ့သို့ ထွန်းလင်း တောက်ပ၍ တပည့် သာဝကနှင့်တကွ ပရိနိဗ္ဗာန်ပြုတော်မူခဲ့သည်။ “ဘုရားရှင်၏ မြတ်သော တန်ခိုး တော်သည်လည်းကောင်း၊ မြတ်သော ဘုန်းတော်သည်လည်းကောင်း၊ လက္ခဏာ တော်တို့သည် လည်းကောင်း ထိုအားလုံးတို့သည် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတရားတို့ သည် တည်မြဲခြင်း အနှစ်မရှိကုန်။ အချည်းနှီးတို့သာ ဖြစ်ကုန်လေစွ”

စေတီတည်ထားကိုးကွယ်ခြင်း

[edit]

ဝိပဿီဘုရားရှင်သည် သုမိတ္တာရာမကျောင်းတိုက်ကြီး၌ ပရိနိဗ္ဗာန်ပြုတော် မူခဲ့၏။ ထိုကျောင်းတိုက် ကြီးအတွင်း၌ပင် စေတီတော်ကို တည်ထားကိုးကွယ် တော်မူခဲ့ကြရာ စေတီတော် သည် ခုနစ်ယူဇနာ မြင့်တော်မူခဲ့၏။ သက်တော် ရှည်ကြာသော ဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ တစ်လုံး တစ်ခဲ တည်းသော အသမ္ဘိန္န ဓါတ်တော်ကို ထိုစေတီတော် အတွင်း၌ ဌာပနာသွင်းခဲ့ ကြကုန်သည်။ ဇမ္ဗူဒိပ်ကျွန်းနေ လူအပေါင်းတို့သည် ရတနာခုနစ်ပါးဖြင့် ခြယ်လှယ်ကာ စေတီတော် ကို ပြီးဆုံးစေခဲ့ကြကုန်သတည်း။