ဖုဿဗုဒ္ဓဝင်

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
၁၈- ဖုဿဗုဒ္ဓဝင်

၁၈-ဖုဿဗုဒ္ဓဝင်

     တိဿမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် ဘုရားနှစ်ဆူ ပွင့်တော်မူရာ ထိုမဏ္ဍကမ္ဘာ၌ပင်လျှင် လူတို့၏အသက်တမ်း အနှစ်တသိန်းမှ တဖြည်းဖြည်း ဆုတ်ယုတ်ကာ (၁၀) ဆယ်နှစ်တမ်းသို့ရောက်၍ တဖန် တိုးတက်ပြန်ကာ အသင်္ချေတမ်းသို့ ရောက်ပြီးလျှင် နောက်ထပ် ဆုတ်ယုတ်ပြန်၍ လူတို့အသက်



၄၆၈

အနှစ် (၉၀၀၀၀) ကိုးသောင်းတမ်းသို့ ရောက်သောအခါ ဖုဿမြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်ဖြစ်၍ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်ကာ ကာသိကနေပြည်တော် ဇယသေနအမည်ရှိသော မင်းကြီး၏ သိရိမာအမည်ရှိသော မိဖုရားကြီးဝမ်းတိုက်၌ ပဋိသန္ဓေ နေတော်မူ၍ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ သိရိမာ အမည်ရှိသော ဥယျာဉ်တော်၌ ဖွားမြင်တော်မူ၏။

(အလောင်းတော် ပဋိသန္ဓေနေသောအခါ ဖွားမြင်သောအခါတို့၌ နိမိတ်ကြီးများ အံ့ဩဖွယ်ကြီးများ ထင်ရှားဖြစ်ပေါ်ကုန်၏။)

ထီးနန်းစိုးစံတော်မူခြင်း

     အလောင်းတော် ဖုဿမင်းသားသည် အရွယ်သို့ ရောက်သောအခါ (၁) ဂရုဠပက္ခ ရွှေနန်းဆောင်၊ (၂) ဟံသရွှေနန်းဆောင်၊ (၃) သုဝဏ္ဏဘာရ ရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌ ကိသာဂေါတမီမိဖုရားကြီး အမှူးရှိသော မောင်းမအပေါင်း (၃၀၀၀၀) သုံးသောင်းတို့၏ ဖျော်ဖြေလုပ်ကျွေး ပြုစုခြင်းကို ခံယူလျက် နှစ်ပေါင်း (၉၀၀၀) ကိုးထောင်တို့ ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်းစိုးစံတော်မူ၏။

တောထွက်တော်မူခြင်း

     အလောင်းတော် ဖုဿမင်းသားသည် ထီးနန်းစိုးစံတော်မူစဉ် နိမိတ်ကြီးလေးပါးကို မြင်တော်မူပြီး၍ ကိသာဂေါတမီ မိဖုရားကြီးမှ အနုပမအမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ ဆင်ယာဉ်ကိုစီးလျက် တောထွက်၍ ရဟန်းပြုတော်မူ၏။ အလောင်းတော်မင်းသား ရဟန်းပြုသည်ကို အတုလိုက် (အားကျ)ကာ တကုဋေသော ယောက်ျားတို့ ရဟန်းပြုကြလေသည်။



၄၆၉

ဘုရားဖြစ်တော်မူခြင်း

     ဖုဿမြတ်စွာဘုရား အလောင်းတော်သည် ထိုတကုဋေသော ရဟန်းတို့နှင့် အတူတကွ ဒုက္ကရစရိယာ ခြောက်လကြာအောင် ကျင့်တော်မူပြီးလျှင် ထိုတောမှ အတုလိုက် ရဟန်းအပေါင်းကို ပယ်စွန့်ခဲ့၍ ခုနစ်ရက်မျှ တပါးတည်း နေထိုင်ခြင်းအကျင့်ကို ပွါးများတော်မူကာ ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့၌ မထင်ရှားသောမြို့ မထင်ရှားသော သူဌေး၏သမီး သိရီဝဍ္ဎာသည် လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ ယင်းတိုက်တော (သို့မဟုတ် သင်္ဘောပိတောက်တော) အတွင်းမှာပင် နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်တွင် မဟာဗောဓိမဏ္ဍိုင်သို့ တပါးတည်း ကြွတော်မူရာ လမ်းခရီးအကြား၌ သိရိဝဍ္ဎအမည်ရှိသောရသေ့ လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ မဟာဗောဓိ (ရှိရှား)ပင်၏အရင်း ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် (၃၈) သုံးဆယ့်ရှစ်တောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာရာ ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူ၍ ရှေး ဆိုအပ်ပြီးသော နည်းအတိုင်း ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

တရားပွဲကြီး သုံးကြိမ်

     ဖုဿမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသည့်နောက် မဟာဗောဓိ (ရှိရှား)ပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ချက်ကို လက်ခံတော်မူ၍ “ငါသည် အဘယ်သူ့အား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု စဉ်းစား ဆင်ခြင်တော် မူလတ်သော် ကိုယ်တော်မြတ်နှင့် အတူတကွ ရဟန်းပြုဖက်ဖြစ်ကြသည့် တကုဋေသော ရဟန်းတို့ကို မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသည်တို့ကို မြင်တော်မူ၍ ကောင်းကင်ခရီးဖြင့် ထိုရဟန်းတို့နေရာ သင်္ကဿမြို့၏အနီး ဣသိပတန အမည်တွင်သော မိဂဒါဝုန်တောသို့ ကြွတော်မူကာ ထိုရဟန်းတို့အလယ်၌ တရားနာပရိသတ်တို့အား ရှေးရှေး ဘုရားရှင်တို့



၄၇၀

ဟောကြားတော်မူကြမြဲဖြစ်သည့် ဓမ္မစကြာ ဒေသနာကို ဟောကြားတော်မူလေသော် ကုဋေတသိန်းသော နတ်လူတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား ရှေးဦးစွာသော ဓမ္မာဘိသမယ ပဌမတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါး၌ ဗာရာဏသီပြည် သိရိဝဍ္ဎအမည်ရှိသော မင်းသည် များစွာသော စည်းစိမ်အစုကို စွန့်ပယ်ကာ ရှင်ရသေ့ပြုလုပ်သည်တွင် ထိုမင်းနှင့်အတူတကွ ကိုးသန်းမျှသော လူတို့သည်လည်း ရှင်ရသေ့ပြုကြကုန်၏။ ထိုရသေ့တို့၏ နေရာသို့ ဖုဿမြတ်စွာဘုရား ကြွသွားတော်မူပြီးလျှင် တရားဟောတော်မူသောအခါ ကိုးသန်းမျှသော သတ္တဝါတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား ဒုတိယာဘိသမယ ဒုတိယတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါး၌ ဖုဿမြတ်စွာဘုရားသည် သားတော်ဖြစ်သည့် အနုပမမင်းသားအား တရားဟောတော်မူ၏။ ထိုအခါ ရှစ်သန်းသော နတ်လူတို့သည် မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား တတိယာဘိသမယ တတိယတရားပွဲကြီးတည်း။)

**********

သာဝကအစည်းအဝေးကြီး သုံးကြိမ်

ပဌမသန္နိပါတ

     ဖုဿမြတ်စွာဘုရား၏ တပည့်သာဝက ရဟန္တာအစည်းအဝေးကြီးတို့မှာ သုံးကြိမ်ရှိရာ ပဋ္ဌမအကြိမ်၌ ကဏ္ဏကုဇ္ဇမြို့နေ အဂ္ဂသာဝကအလျာ ဖြစ်ကြသည့် သုရက္ခိတမင်းသားနှင့် ဓမ္မသေန အမည်ရှိသော ပုရောဟိတ်သားတို့သည် ဖုဿမြတ်စွာဘုရား မိမိတို့နေရာ ကဏ္ဏကုဇ္ဇမြို့သို့ ကြွရောက်လာတော်မူသည်ရှိသော် အခြံအရံယောက်ျားပေါင်း ခြောက်သန်းတို့နှင့် အတူတကွ ခရီးဦးကြိုဆို ရိုသေစွာရှိခိုး ပင့်ဖိတ်ကြ၍ ခုနစ်ရက်ပတ်လုံး အလှူကြီးကို လှူဒါန်းကြပြီးလျှင် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ ဘုရားရှင်၌ ကြည်ညိုကာ ထိုသူနှစ်ယောက်တို့သည်



၄၇၁

အခြံအရံ ယောက်ျားပေါင်း ခြောက်သန်းတို့နှင့်တကွ ရဟန်းပြုကြ၍ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။ ဖုဿမြတ်စွာဘုရားသည် ထိုခြောက်သန်းသော ရဟန္တာအရှင်မြတ်တို့၏ အလယ်၌ ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား ရှေးဦးစွာသော သာဝကအစည်းအဝေးကြီးတည်း။)

ဒုတိယသန္နိပါတ

     ထို့နောက် အခါတပါးဝယ် ကာသိကနေပြည်တော် ခမည်းတော် ဇယသေနမင်းကြီး အမှူးပြုသည့် ဆွေတော်မျိုးတော်တို့၏ အစည်းအဝေး၌ ဗုဒ္ဓဝင်ဒေသနာကို ဟောကြားတော်မူ၏။ ထို ဗုဒ္ဓဝင်ဒေသနာတော်ကို ကြားနာကြရ၍ ငါးသန်းသောသူတို့သည် ဧဟိဘိက္ခု-ရဟန်းဖြစ်ကြ၍ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။ ထိုငါးသန်းသော ရဟန္တာအရှင်မြတ်တို့၏ အစည်းအဝေးတွင် ဖုဿမြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား ဒုတိယ သာဝကအစည်းအဝေးကြီးတည်း။)

တတိယသန္နိပါတ

     ထို့နောက် အခါတပါး၌ “လောကမှာ ပြည့်စုံကြီးပွါးကြောင်း ကောင်းမြတ်သော မင်္ဂလာတရားဟူသည် အဘယ်တရားများ ဖြစ်၏”ဟု လူရောနတ်ပါ များစွာညှိနှိုင်း ဆွေးနွေးကြပါသော်လည်း အများတညီတညွတ်တည်း နှစ်သက်လက်ခံနိုင်လောက်သည့် မင်္ဂလာတရားသဘောကို မရနိုင်ကြ မသိနိုင်ကြသည်ဖြစ်၍ အစည်းအဝေးပြုလုပ်ကာ မြတ်စွာဘုရားထံမှောက် လျှောက်ထားကြသည်တွင် မြတ်စွာဘုရားသည် ထိုနတ်လူအပေါင်းတို့အား မင်္ဂလာတရားကို ဟောကြားတော်မူရာ ထိုမင်္ဂလာတရားကို ကြားနာကြရ၍ လေးသန်းသော သူတို့သည် ရဟန်းပြုပြီးလျှင် အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။ ထိုရဟန္တာပုဂ္ဂိုလ်တို့၏ အလယ်၌ မြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား တတိယ သာဝကအစည်းအဝေးကြီးတည်း။)



၄၇၂

ဂေါတမမြတ်စွာဘုရားအလောင်း ဝိဇိတာဝီမင်းကြီး ရဟန်းဖြစ်၍ ဗျာဒိတ်ခံယူခြင်း

     ထိုအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် အရိန္ဒမပြည်၌ ဝိဇိတာဝီအမည်ရှိသော မင်းကြီးဖြစ်၍ ဖုဿမြတ်စွာဘုရား၏ တရားတော်ကို နာရသဖြင့် မြတ်စွာဘုရား၌ လွန်စွာကြည်ညိုခြင်း ရှိသည်ဖြစ်၍ ကြီးစွာသောအလှူကို လှူဒါန်း ပြီးလျှင်တိုင်းပြည်ကြီးကို စွန့်လွှတ်၍ မြတ်စွာဘုရားထံမှာ ရဟန်းပြုပြီးလျှင် ပိဋကသုံးပုံတို့ကို ကောင်းစွာ သင်ကြားလျက် ပိဋကသုံးပုံဆောင် ပုဂ္ဂိုလ်ကြီးဖြစ်လျက် လူများအပေါင်းအား တရားစကားကို ဟောကြားတော်မူ၏၊ သီလပါရမီကိုလည်း ကောင်းစွာ ဖြည့်ကျင့်တော်မူ၏။

     ထိုအခါ လောကသုံးပါး၏ မြတ်သော ရှေ့သွားခေါင်းဆောင်ကြီး ဖြစ်တော်မူသော ဖုဿမြတ်စွာဘုရားသည် အလောင်းတော် ဝိဇိတာဝီရဟန်းတော်မြတ်ကို “ဤကမ္ဘာမှနောက် ကိုးဆယ့်နှစ်ကမ္ဘာမြောက်၌ ဤဝိဇိတာဝီရဟန်းသည် ဂေါတမ အမည်တော်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ်စကားကြားတော်မူ၏။

(ဗျာဒိတ်ကြားတော်မူပုံမှာ ဒီပင်္ကရာ မြတ်စွာဘုရား ဗျာဒိတ်ကြားသကဲ့သို့ပင် အပြည့်အစုံဖြစ်သည်။)

     ဖုဿမြတ်စွာဘုရား၏ ဗျာဒိတ်စကား ကြားရလျှင် အလောင်းတော် ဝိဇိတာဝီ ရဟန်းတော်မြတ်သည် အလွန်ကြည်ညိုသော စိတ်ရှိလျက် ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူလေသည်။

     ဖုဿ မြတ်စွာဘုရား၏ သာသနာ့ဝန်ထမ်း ရဟန်းပြု၍ အလောင်းတော် သူမြတ်သည် သုတ်ဝိနည်းတို့နှင့်တကွ အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား၏ ပရိယတ္တိသာသနာတော်ကို ကမ်းဆုံးရောက် သင်ကြား တတ်မြောက်တော်မူပြီးလျှင် မြတ်စွာဘုရားသာသနာတော်ကို တင့်တယ်စေခဲ့လေပြီ။



၄၇၃

     (လျောင်းခြင်းကို လုံးဝမပြုပဲ) ထိုင်ခြင်း, ရပ်ခြင်း, စင်္ကြံသွားခြင်း တည်းဟူသော ဣရိယာပုထ် သုံးပါးတို့၌ မမေ့မလျော့ ဗြဟ္မဝိဟာရ ဘာဝနာတရား ပွါးများ အားထုတ်တော်မူလျက် သမာပတ်ရှစ်ပါးတွင်မက အဘိညာဉ်ငါးပါးတို့၏ အထွတ်အထိပ်သို့ရောက်ကာ အသက်အဆုံး၌ ဗြဟ္မာ့ပြည်သို့ ကပ်ရောက်တော်မူလေပြီ။

မြို့တော်စသည်ကို ပြဆိုချက်

     ဖုဿမြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ ကာသိကမြို့တော်ဖြစ်၍ ခမည်းတော်မှာ ဇယသေနမင်းကြီး, မယ်တော်မှာ သိရိမာမိဖုရားကြီးတို့ ဖြစ်ကုန်၏။

     ထီးနန်းစိုးအုပ် မင်းပြုလုပ်သော နှစ်ပေါင်းမှာ (၉၀၀၀) ကိုးထောင်ဖြစ်၍ စံနန်းတော် သုံးဆောင်တို့မှာ ဂရူဠပက္ခ ရွှေနန်းဆောင်, ဟံသ ရွှေနန်းဆောင်, သုဝဏ္ဏဘာရ ရွှေနန်းဆောင်တို့ ဖြစ်ကုန်၏။

     အဂ္ဂဒေဝီ မဟေသီမိဖုရားမှာ (၃၀၀၀၀) သုံးသောင်းသော မောင်းမ မိဿံ အခြံအရံရှိသည့် ကိသာဂေါတမီ မိဖုရားကြီးဖြစ်၍ သားတော်မှာ အနုပမမင်းသား ဖြစ်လေသည်။

     နိမိတ်ကြီးလေးပါးတို့ကိုမြင်၍ တောထွက်တော်မူသော ယာဉ်မှာ ဆင်ယာဉ်ဖြစ်ပြီး ခြောက်လကြာ ဒုက္ကရစရိယာ ကျင့်တော်မူရသည်။

     အဂ္ဂသာဝက အစုံတို့မှာ သုရက္ခိတမထေရ်နှင့် ဓမ္မသေနမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သဘိယမထေရ် ဖြစ်လေသည်။

     အဂ္ဂသာဝိကာအစုံတို့မှာ စာလာထေရီမနှင့် ဥပစာလာထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိပင်မှာ ရှိရှားပင်ဗောဓိ ဖြစ်လေသည်။



၄၇၄

     မြတ်သောအလုပ်အကျွေး ဒါယကာတို့မှာ ဓနဉ္စယသူဌေးနှင့် ဝိသာခသူဌေးတို့ ဖြစ်ကြ၍ မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ ပဒုမာဥပါသိကာမနှင့် နာဂါ ဥပါသိကာမတို့ ဖြစ်ကြသည်။

     ဖုဿမြတ်စွာဘုရားသည် အရပ်တော် (၅၈) ငါးဆယ့်ရှစ်တောင်မြင့်လျက် နေမင်းကဲ့သို့ တင့်တယ်လျက် လမင်းကဲ့သို့ နှစ်သက်ဖွယ်သော ဂုဏ်ကျေးဇူးတို့ဖြင့် ပြည့်ဝတော်မူပေ၏။

     ဖုဿမြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ် (၉၀၀၀၀) ကိုးသောင်းတမ်းဖြစ်၍ ထိုမျှလောက် (အသက်တမ်း၏ ငါးပုံ့ လေးပုံ) ကာလပတ်လုံး တည်နေတော်မူလျက် များစွာသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာတည်းဟူသော ရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့၏။

     လူနတ်ဗြဟ္မာ များစွာသော သတ္တဝါတို့ကို ဆုံးမတော်မူကာ များစွာသော နတ်လူတို့ကို သံသရာရေအယဉ်မှ ထုတ်ဆယ် ကယ်တင်တော်မူပြီးလျှင် အတုမရှိသော အခြံအရံ အကျော်အစောနှင့် ပြည့်စုံတော်မူသည့် ထိုဖုဿမြတ်စွာဘုရားသည် တပည့်များစွာ ရဟန္တာအရှင်မြတ်တို့နှင့်တကွ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းတော်မူလေပြီ။

စေတီတော်

     ဤသို့လျှင် မာရ်ငါးပါးကို အောင်တော်မူပြီးသော ဖုဿမြတ်စွာဘုရားသည် ကုသိနာရာပြည်၏အနီး သေနာအမည်ရှိသော အရာမ်ကြီးအတွင်း၌ ပရိနိဗ္ဗာန် စံတော်မူ၏၊ ဓာတ်တော်များမှာ ရှေး၌ ဆိုအပ်ပြီးသည့်နည်းအတူ အဓိဋ္ဌာန်တော်မူချက်အရ အစိတ်စိတ် အမြွာမြွာ ကွဲပြားကြပြီးလျှင် ဇမ္ဗူဒိပ်ကျွန်းတခွင် အနှံ့အပြား တည်ရှိကြ၍ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အပူဇော်ကို ခံယူတော်မူကြလေကုန်သတည်း။

ဖုဿဗုဒ္ဓဝင် ပြီး၏။

**********