ပျင်းရိစိတ်များ တို့ပယ်ရှား (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၈။ ပျင်းရိစိတ်များ တို့ပယ်ရှား(ကျောင်းသားကိုင်သို့)

သင်ခန်းစာ (၃၈)

သင်ခန်းစာခေါင်းစဉ်။ ။ ပျင်းရိစိတ်များ တို့ပယ်ရှား

သင်ယူမှုဦးတည်ချက်။ ။ ပျင်းရိသောစိတ် မရှိမှသာ အလုပ်များပြီးမြောက်အောင်မြင်နိုင်ကြောင်း သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ပျင်းရိခြင်းအကြောင်း ခြောက်ပါး သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဆရာက အောက်ပါအတိုင်းမေးပြီး စာသင်ချိန်ကို စတင်ပါ။

-မြတ်စွာဘုရားဟာ လူသားလား။ ဖန်ဆင်းရှင်လား။

֍ သင်ကြားခဲ့ပြီးသော ဘုရားရှင် ဒုက္ကရစရိယာ ကျင့်တော်မူခြင်း အကြောင်းကို ပြန်လည်ချိတ်ဆက်ပြောပြပြီး မြတ်စွာဘုရားသည် လူသားစင်စစ်ဖြစ်ပြီး ဘုရားအဖြစ်ကို ရရှိရန်အတွက် လွန်စွာကြီးမားသော လုံ့လဝီရိယကို စိုက်ထုတ်ကာ အချိန်ကြာမြင့်စွာ ကြိုးစားလုပ်ဆောင်ခဲ့ရကြောင်း၊ ပျင်းရိခြင်း၊ ငြီးငွေ့ခြင်း လုံးဝမရှိခဲ့ကြောင်း ပြောပြပါ။

֍ ပထမတန်းတွင် လေ့လာခဲ့ပြီးသော ဇနကမင်းသားလေး အကြောင်းကို ပြန်လည်ချိတ်ဆက်၍ ဇနကမင်းသား လေး၏ လုံ့လ၊ ဝီရိယနှင့် ပျင်းရိငြီးငွေ့ခြင်းမရှိ ကြိုးစားခဲ့သည်များကို ပေါ်လွင်အောင် ပြောပြပေးပါ။

֍ ထို့နောက် ပျင်းရိခြင်းအကြောင်း ခြောက်ပါးကိုဖော်ပြသောရုပ်ပုံများကို ပြ၍

-ဘာပုံတွေလဲ။
-ဒီပုံတွေကို ကြည့်ပြီး သားတို့သမီးတို့ ဘယ်လို နားလည်သလဲ... စသည်ဖြင့်မေးပါ။ (ပျင်းရိခြင်းအကြောင်း ခြောက်ပါးကို ဖော်ပြသောရုပ်ပုံများကို ဆရာက ကြိုတင်ရှာထားပါ။)

֍ ဆက်လက်၍ “ကလေးတို့ရော အလုပ်တစ်ခုလုပ်မယ်ဆိုရင် ဒီရုပ်ပုံတွေထဲကလို အကြောင်းပြချက်တွေ ပေးဖူး လား” စသည်ဖြင့် မေးမြန်းပါ။

֍ နောက်ဆုံးတွင် အချိန်သည် လွန်စွာတန်ဖိုးရှိကြောင်း၊ ဘယ်အရာနဲ့မှ ဝယ်လို့၊ လဲလို့ မရကြောင်း၊ မိမိလုပ်ရမည့် အလုပ်ကို မည်သည့်အကြောင်းပြချက် (ဆင်ခြေ) ကိုမှ မပေးဘဲ (သို့မဟုတ်) ပျင်းရိမနေဘဲ ကြိုးကြိုးစားစား လုပ်မှသာ ပြီးမြောက် အောင်မြင်နိုင်မည် ဖြစ်ကြောင်းနှင့် ယခုအချိန်မှစ၍ ပျင်းရိစိတ်များကို ဖယ်ရှားကြဖို့ လိုကြောင်း စသည်တို့ကို အနှစ်ချုပ်ပြောပြ၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကျောင်းသားကိုင်စာအုပ်ပါ မောင်ပျင်း ဇာတ်လမ်းကို ကလေးများ ဖတ်ကြပါစေ။

မောင်ပျင်း

ဟိုးရှေးရှေးတုန်းက တက္ကသိုလ်ပြည် ဆရာကြီးတစ်ဦးထံမှာ တပည့်ပေါင်းငါးရာ ပညာသင်ယူကြတယ်။ တပည့်တွေဟာ ဆရာကြီးကို ဝတ်ကြီးဝတ်ငယ် ပြုစုပေးကြတယ်။ ဒါ့အပြင် ဆရာကြီးရဲ့ အိမ်နဲ့ကျောင်းအတွက်လည်း ဝိုင်းဝန်းလုပ်ကိုင် ပေးကြတယ်။

တစ်နေ့မှာ တပည့်ငါးရာဟာ တောထဲသွားပြီး ထင်းခုတ်ကြတယ်။ အဲဒီတပည့်တွေထဲမှာ အလွန်ပျင်းတဲ့ မောင်ပျင်းဆိုသူ ရှိတယ်။ တခြားတပည့်တွေက တာဝန်ကျရာ ထင်းခုတ်နေကြပေမဲ့ မောင်ပျင်းကတော့ “အချိန်ရှိပါ သေးတယ်။ ခဏအိပ်လိုက်ဦးမယ်။ ဒီသစ်ပင်က ခြောက်သွေ့နေပြီပဲ။ အိပ်ရာကနိုးမှ သစ်ကိုင်းခြောက်တွေကို ချိုးယူပြီး ပြန်မယ်”လို့ ကြံစည်ပြီး အိပ်နေလိုက်တယ်။

တခြားတပည့်အားလုံး ထင်းခုတ်ပြီး ပြန်ခါနီးအချိန် အိပ်နေတဲ့ မောင်ပျင်းကိုတွေ့တော့ နှိုးကြတယ်။ အဲဒီအခါမှ မောင်ပျင်းက ထလာပြီး မျက်စိကိုပွတ်ကာ သစ်ပင်ပေါ်တက်တယ်။ အိပ်ချင်စိတ်မပြေသေးဘဲ သစ်ပင် ပေါ် အမြန်တက်လိုက်တာ သစ်ကိုင်းတစ်ကိုင်းက ကျိုးပြီး အဲဒီသစ်ကိုင်းစွန်းနဲ့ သူ့မျက်စိကို ထိုးဖောက်သွားလို့ မောင်ပျင်းလည်း မျက်စိတစ်ဖက်ကိုပိတ်ကာ ရရာသစ်ကိုင်းစိုကိုသာ ချိုးပြီးပြန်လာတယ်။ ကျောင်းကို ပြန်ရောက်တဲ့ အချိန် သစ်ကိုင်းစိုကို ထင်းပုံပေါ် ပစ်ထားလိုက်တယ်။

အဲဒီနေ့မှာပဲ တခြားရွာသားတစ်ဦးက ဗေဒင်ကျမ်းများကို ရွတ်ဖတ်သရဇ္ဈာယ်ဖို့ လာဖိတ်တယ်။ ဆရာကြီးက “တပည့်တို့ မနက်ဖြန်ကျရင် ဟိုဖက်ရွာကို သွားရမယ်။ အစာမစားဘဲ မသွားကြနဲ့။ မနက်စောစော ယာဂု (ဆန်ပြုတ်) ကျိုခိုင်းပြီးသောက်သွားကြ။ ဟိုရောက်လို့ လုပ်စရာရှိတာ လုပ်ပေးပြီးရင် ကိုယ်ရသင့်တာကိုယူပြီး ပြန်လာကြ”လို့ ပြောလိုက်တယ်။

ဒါနဲ့ တပည့်ငါးရာက ထမင်းချက်ကို မနက်စောစော ယာဂု (ဆန်ပြုတ်) ကျိုပေးဖို့ ပြောထားတယ်။ ထမင်း ချက်လည်း မနက်စောစောထပြီး မီးမွှေးတဲ့အခါ ထင်းပုံပေါ်က ထင်းအစိုကိုသာ ယူလိုက်မိပြီး မီးမတောက်နိုင် ဖြစ်နေတယ်။ ကြိုးစားပြီး မီးမွှေးပေမဲ့ ထင်းအစိုတွေကြောင့် မိုးလင်းတဲ့အထိ မီးက မတောက်ဘူး။ ဒါနဲ့ တပည့် တွေက အချိန်လွန်သွားတဲ့အတွက် ဗေဒင်ရွတ်သွားဖို့ အဆင်မပြေတော့ကြောင်း ဆရာကြီးကို လာပြောပြကြတယ်။

ဆရာကြီးက “ဘာကြောင့် အချိန်နောက်ကျပြီး မသွားဖြစ်ကြတော့တာလဲ”လို့ မေးလိုက်တော့ တပည့်တွေ အကြောင်းစုံ ရှင်းပြကြတယ်။ ဒါနဲ့ မောင်ပျင်းကို ဆရာကြီးက “သင်ဟာ မိုက်မဲတဲ့သူပဲ၊ အလုပ်တစ်ခုကို လုပ်ရ မယ့် အချိန်မှာမလုပ်ဘဲ အချိန်လွန်မှလုပ်တဲ့အတွက် ခုလိုဆုံးရှုံးရတာဖြစ်တယ်။ သင့်ရဲ့ ပျင်းရိမူကြောင့် အခုအားလုံး အခက်အခဲ တွေ့နေရပြီ။ နောင်ကို ဒီလိုမလုပ်ပါနဲ့”လို့ ဆုံးမစကား ပြောတယ်။ မောင်ပျင်းလည်း သူ့ရဲ့ အပြစ်ကို ဝန်ခံပြီး “နောင်ကို မပျင်းတော့ပါဘူး”လို့ ဆရာကြီးကို ကတိပေးလိုက်တယ်။

မှီငြမ်း။ ။ ဝရုဏဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ ပထမတွဲ၊ ၂၈၉၊ ဇာ၊ဋ္ဌ၊၁၊၃၃၄။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-တပည့်တွေက ဆရာကြီးကို ဘာတွေ လုပ်ပေးကြသလဲ။
-တခြားတပည့်တွေ ထင်းခုတ်နေတဲ့အချိန်မှာ ထင်းမခုတ်ဘဲ အိပ်နေတာ ဘယ်သူလဲ။ ဘာကြောင့်လဲ။
-မောင်ပျင်းက ထင်းစိုတွေကို ထင်းပုံပေါ်မှာ ပစ်ထားလိုက်တဲ့အတွက် ဘာတွေ ဆက်ဖြစ်သလဲ။
-ယာဂုချက်တဲ့သူကရော ထင်းအခြောက်တွေကို ဘာလို့ ယူမသုံးသလဲ။
-ဆရာကြီးက မောင်ပျင်းကို ဘယ်လို ဆုံးမလိုက်သလဲ။
-မောင်ပျင်းကရော ဘယ်လို ကတိပေးလိုက်သလဲ။
-မောင်ပျင်းနေရာမှာ သားတို့သမီးတို့သာဆိုရင် ဘယ်လိုလုပ်မလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စကားပုံ ဖြတ်ပိုင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အုပ်စု (၂) စုခွဲပါ။

֍ အောက်ပါစကားပုံများကို နှစ်ပိုင်းခွဲ၍ ကလေးတစ်ဦးလျှင် တစ်ပိုင်းစီပေးပါ။

֍ အားလုံးဝေပေးပြီးသောအခါ မိမိရထားသော စကားပုံ၏ ကျန်အပိုင်းကို ကလေးများအချင်းချင်း လှည့်လည် ရှာဖွေကြပါစေ။ တွေ့လျှင် အတန်းရှေ့ထွက်၍ ရပ်ကြပါစေ။

ဥပမာ-

နေပူတုန်း စပါးလှန်း လသာတုန်း ဗိုင်းငင်
မိုးရွာတုန်း ရေခံ စစ်ရောက်မှ မြားချွန်
အချိန်ရှိခိုက် လုံ့လစိုက် မိုးလွန်မှ ထွန်ချ

֍ အားလုံးစုံသောအခါ နေရာတွင် ပြန်ထိုင်စေပြီး စကားပုံတစ်ခုအတွက် သက်ဆိုင်ရာ အတွဲတစ်တွဲစီကို အတန်း ရှေ့သို့ ထွက်စေ၍၎င်းတို့၏ စကားပုံကတ်ပြားများကို အတန်းသားများအား ရွတ်ဆိုပြကြပါစေ။ ထို့နောက် စကားပုံ၏ အဓိပ္ပာယ် (ဆိုလိုရင်းအချက်)ကို၎င်းတို့ နားလည်သလို ပြောပြကြပါစေ။ (စကားပုံတစ်ခုချင်းစီကို အထက်ပါကဲ့သို့ ပြုလုပ်ပါ။ လိုအပ်လျှင် ဆရာက ဖြည့်စွက်ပြောပြပါ။)

֍ ထို့နောက် “ဒီစကားပုံတွေထဲမှာ ဘယ်စကားပုံတွေကို ဆောင်သင့်လဲ။ ဘယ်စကားပုံတွေကို ရှောင်သင့်လဲ။ ဘာကြောင့်လဲဆိုတာကို ပြောပြရမယ်”ဟု ဆိုကာ ဆရာက ကလေးများအားလုံးနှင့် အပြန်အလှန် စဉ်းစားဆွေး နွေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ နိုးကြားတက်ကြွ ကြိုးစားကြ တေးကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့... ပထမတန်းတုန်းက လေ့လာခဲ့ဖူးတဲ့ ပျင်းရိခြင်းအကြောင်း ခြောက်ပါးက ဘာတွေလဲ၊ သိကြသေးလား”ဟု ဆရာကမေးပြီး ကလေးများ၏ ပြောဆိုချက်များကို ဆရာက သင်ပုန်းပေါ်တွင် မှတ်တမ်း တင်ပေးပါ။

֍ ထို့နောက် ပျင်းရိခြင်းအကြောင်း ခြောက်ပါးကို ကလေးတို့ ပြန်မှတ်မိပြီနော်။ အခုအချိန်မှာ ပျင်းရိတာရဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ နိုးကြားတက်ကြွ ကြိုးစားကြဆိုတဲ့ သီချင်းကဗျာတစ်ပုဒ်ကို ဆိုကြည့်လိုက်ကြရအောင်” ဟု ဆို၍ ကလေးများ သီဆိုကြည့်ကြပါစေ။

နိုးကြားတက်ကြွ ကြိုးစားကြ

ပန်းဖူးလေးတွေ အချိန်မီစွာ
သူ့တာသူ့ထမ်း သူ့အလှပွင့်လန်း
မိုးလင်းခဲ့ပြီ သူငယ်ချင်းတို့ရေ ...
ကိုယ့်တာကိုယ်ထမ်း ကိုယ့်ရဲ့ လုပ်ငန်း
ပျင်းရိစိတ်တွေ ပယ်ရှားကာ
နိုးကြားတက်ကြွကြိုးစားကြမှ
အောင်မြင်ခြင်းရဲ့ ပန်းတိုင်ဆီ
ရာသီအချိန်မီ တို့ရောက်နိုင်မည်။ ။

֍ သီချင်းကဗျာကို သီဆိုပြီးသောအခါ “ပန်းကလေးတွေက ဘယ်လိုတာဝန် ထမ်းဆောင်သလဲ၊ ကိုယ်ကိုယ်တိုင် ကော ဘယ်လိုတာဝန် ထမ်းဆောင်သင့်သလဲ၊ အောင်မြင်ခြင်းပန်းတိုင်ကို ရောက်ဖို့ ဘယ်လိုကြိုးစားရမလဲ”ဟု မေးခွန်းများမေးပါ။

֍ နောက်ဆုံးတွင် အချိန်သည် လွန်စွာတန်ဖိုးရှိကြောင်း၊ ဘယ်အရာနဲ့မှ ဝယ်လို့လည်းမရကြောင်း၊ မိမိလုပ်ရမည့် အလုပ်ကို ပျင်းရိမနေဘဲ တက်တက်ကြွကြွ ကြိုးစားမှသာ ပန်းတိုင်ကို အချိန်မီရောက်မည်ဖြစ်ကြောင်း ရှင်းပြပြီး သီချင်းကဗျာကို စုပေါင်းရွတ်ဆို၍ သင်ခန်းစာကို အဆုံးသတ်ပါ။