ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၉။ ကဆုန်လပြည့် ဗုဒ္ဓနေ့(ကျောင်းသားကိုင်သို့)

သင်ခန်းစာ (၃၉)

သင်ခန်းစာခေါင်းစဉ်။ ။ ကဆုန်လပြည့် ဗုဒ္ဓနေ့

သင်ယူမှုဦးတည်ချက်။ ။ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်းကို သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ညောင်ရေသွန်းပွဲ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... ဒီကဗျာလေးကို ဆိုဖူးကြလား” ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

ညောင်ရေသွန်းပွဲ

ညောင်ရေလောင်းမယ် ဆုတောင်းမယ်၊
ထိုနေ့ရောက်ရင်ကွယ်။
ဘုရားမွေးတယ် ထိုရက်နေ့၊
တို့တွေဘယ်မမေ့။
လပြည့်နေ့ပေါ့ နွေကဆုန်၊
ပူလို့ဆွေ့ဆွေ့ ခုန်။
အေးချမ်းရုံ ဆင်ခါနွှဲ၊
ညောင်ရေသွန်းတဲ့ပွဲ။ ။

֍ ကဗျာရွတ်ဆိုပြီးပါက အောက်ပါမေးခွန်းများကို မေးပါ။

-ညောင်ရေသွန်းလောင်းတဲ့နေ့က ဘယ်နေ့လဲ။ ဘာကြောင့် မမေ့နိုင်တာလဲ။
-ဗောဓိညောင်ပင်ကိုမှ ဘာဖြစ်လို့ ရေလောင်းရတာလဲ။
-ကဆုန်လက ဘယ်ရာသီထဲမှာ ပါသလဲ။

֍ မေးခွန်းများကို ဆွေးနွေးဖြေဆိုပြီးနောက် မြတ်စွာဘုရား ဖွားမြင်တော်မူသည့် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲ ကျင်းပကြကြောင်း၊ မြတ်စွာဘုရားကိုယ်စား ဗောဓိညောင်ပင်ကို စိုက်ကြခြင်း ဖြစ်ကြောင်း၊ ထိုဗောဓိညောင်ပင် ရှင်သန်ရန်အတွက် ရေလောင်းကြခြင်းဖြစ်ကြောင်း ကလေးများအား ရှင်းပြခြင်းဖြင့် စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားအုပ်စာအုပ်ပါ ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်းကို ဆရာနဲ့အတူတူ ဖတ်ကြရအောင်”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့”ဟု သတ်မှတ်ကြတယ်။ “ဘာကြောင့် ဗုဒ္ဓနေ့ လို့သတ်မှတ်ကြသလဲ”ဆိုလျှင် ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ထူးခြားတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့တာကြောင့်ပဲ ဖြစ်တယ်။ ကဆုန်လပြည့် နေ့မှာ ဘုရားရှင်နဲ့ ပတ်သက်ပြီး ထူးခြားဖြစ်စဉ် လေးခုရှိတယ်။ အဲဒီဖြစ်စဉ်တွေက...

၁။ ဗျာဒိတ်ခံတော်မူခြင်း
၂။ ဖွားတော်မူခြင်း
၃။ ဘုရားဖြစ်တော်မူခြင်း
၄။ ပရိနိဗ္ဗာန်စံတော်မူခြင်းတို့ ဖြစ်တယ်။

(၁) ဗျာဒိတ်ခံတော်မူခြင်း

ဂေါတမမြတ်စွာဘုရားအလောင်းတော်ဟာ ဒီပင်္ကရာမြတ်စွာဘုရားရှင် လက်ထက်တော်အခါက သုမေဓာ ရသေ့ ဖြစ်ခဲ့တယ်။ သုမေဓာရသေ့ဘဝမှာ ဒီပင်္ကရာမြတ်စွာဘုရားရှင်နဲ့ သံဃာတော်တွေ ကြွချီလာတဲ့ အချိန်မှာ သူပြင်နေတဲ့ လမ်း မပြီးသေးလို့ ခန္ဓာကိုယ်ကို တံတားအဖြစ်ခင်းပြီး လှူခဲ့တယ်။ အဲဒီလို လှူနေတဲ့အချိန်မှာ “ဒီလို ခန္ဓာကိုယ်ကို တံတားအဖြစ်ခင်းပြီး လှူရတဲ့အကျိုးကြောင့် ဘုရားဖြစ်ရပါလို၏”လို့ ဆုတောင်းလိုက်တယ်။ ဒီပင်္ကရာ မြတ်စွာဘုရားက ဉာဏ်မျက်စိနဲ့ ဆင်ခြင်ကြည့်လိုက်တော့ နောက်လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ ဘုရားဖြစ်တော်မူမယ်ဆိုတာ သိတော်မူတဲ့အတွက် ဗျာဒိတ်ပေးတော်မူခဲ့တယ်။ “ဗျာဒိတ်ပေးတယ်” ဆိုတာ နောင်အခါ မလွဲ မသွေဖြစ်လာမယ့်အရာကို မြတ်စွာဘုရားကိုယ်တိုင် နှုတ်က ထုတ်ဖော်ပြောကြားတဲ့စကား ဖြစ်ပါတယ်။

(၂) ဖွားမြင်တော်မူခြင်း

မြတ်စွာဘုရားရှင်ဖြစ်မယ့် သိဒ္ဓတ္ထမင်းသားကို အင်ကြင်းတောမှာ ဖွားမြင်တော်မူခဲ့တဲ့နေ့ဟာ ကဆုန် လပြည့်နေ့ပဲ ဖြစ်တယ်။

(၃) ဘုရားဖြစ်တော်မူခြင်း

မာရ်နတ်နဲ့ စစ်သည်အပေါင်းအား အောင်မြင်ပြီး ဉာဏ်အမျိုးမျိုးကို တစ်ဆင့်ချင်းရရှိခဲ့ကာ မိုးလင်းခါနီး နံနက် အရုဏ်တက်ချိန် ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ်ကို ရောက်ခဲ့တယ်။

(၄) ပရိနိဗ္ဗာန်စံတော်မူခြင်း

မြတ်စွာဘုရားရှင်ဟာ ကဆုန်လပြည့်နေမှာပဲ ပရိနိဗ္ဗာန်စံတော်မူခဲ့ပါတယ်။ ကဆုန်လပြည့်နေ့မှာ အဲဒီလို ထူးခြားတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ကဆုန်လပြည့် ဗုဒ္ဓနေ့လို့ ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ လူမျိုးတွေဟာ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဘုရားရှင်ကို အောက်မေ့အမှတ်ရတဲ့အနေနဲ့ ဘုရားရှင်ပွင့်တော်မူခဲ့တဲ့ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းပူဇော်ကြခြင်း ဖြစ်ပါတယ်။ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းပူဇော်တဲ့ အစဉ်အလာဟာ မြတ်စွာဘုရားသက်တော် ထင်ရှားရှိစဉ်ကတည်းက အစပြုခဲ့တယ်လို့ ဆိုနိုင်တယ်။

မြတ်စွာဘုရားလက်ထက်တော်က သာဝတ္ထိပြည်ရှိ ဒါယကာ ဒါယိကာမတို့ဟာ မြတ်စွာဘုရားရှင်ကို ဖူးမြော် ရန် ဇေတဝန်ကျောင်းတော်ကို နေ့စဉ်နေ့တိုင်း လာရောက်လေ့ရှိကြတယ်။ မြတ်စွာဘုရား ဒေသစာရီ ကြွချီတော် မူခိုက် ... မြတ်စွာဘုရားကို ဖူးမြော်ခွင့်မရရှိတဲ့အခါ စိတ်မကြည်မရွှင် ဖြစ်ကြတယ်။ . မြတ်စွာဘုရားကို ပူဇော်ဖို့ ယူဆောင်လာခဲ့ကြတဲ့ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတို့ကို မြတ်စွာဘုရားရှင်အား ရည်မှန်းကာ ဂန္ဓကုဋိတိုက်ရဲ့ ဝင်ပေါက်တံခါးမှာ ချထားလှူဒါန်းခဲ့ကြတယ်။

အဲဒီအဖြစ်ကို အနာထပိဏ်သူဌေးကြီးတွေ့ မြင်တော့ မြတ်စွာဘုရားမရှိခိုက် မြတ်စွာဘုရားကိုယ်စား ပူဇော် စရာ တစ်ခုရှိနေရင် ကောင်းမှာပဲလို့ အကြံဖြစ်တယ်။ အဲဒီအကြံကို အရှင်အာနန္ဒာအား လျှောက်ထားလိုက်တယ်။ အရှင်အာနန္ဒာက မြတ်စွာဘုရားရှင်အား ဆက်လက်လျှောက်ထားရာ မြတ်စွာဘုရားရှင်က မိမိကိုယ်စား ဗောဓိပင် စိုက်ပျိုးစေကာ ပူဇော်ခွင့်ပြုခဲ့တယ်။ အရှင်အာနန္ဒာ ဦးဆောင်စိုက်ပျိုးခဲ့လို့ အဲဒီဗောဓိပင်ကို အာနန္ဒာဗောဓိပင်လို့ ခေါ်တယ်။ အဲဒီအချိန်ကစပြီး သာဝတ္ထိပြည် ဒါယကာ ဒါယိကာမတို့ဟာ ဇေတဝန်ကျောင်းမှာ မြတ်စွာဘုရားမရှိခိုက် အာနန္ဒာဗောဓိပင်ကို ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတို့နဲ့ လှူဒါန်းပူဇော်ကြတယ်။ အဲဒီလို လှူဒါန်းပူဇော်မှုပြုတာကို အစွဲပြုလို့ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ ယနေ့တိုင် ကဆုန်လပြည့်နေ့ရောက်တိုင်း ဗောဓိညောင်ပင်ကို ရေသွန်းလောင်း ကာ ပူဇော်လေ့ ရှိကြတယ်။

မှီငြမ်း။ ။ ဆယ့်နှစ်ရာသီ မြန်မာ့ရိုးရာ ရာသီပွဲတော်များ၊ ဦးအေးနိုင်၊ ၄၉-၅၀။ ဇာ၊ဋ္ဌ၊၄၊၂၂၈။

֍ အောက်ပါမေးခွန်းများကို မေးမြန်းဆွေးနွေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

-သားတို့သမီးတို့ ကဆုန်လပြည့်နေ့မှာ မိဘတွေနဲ့အတူ ဘုရားသွားဖူးကြလား။ ဘာတွေလုပ်ကြသလဲ။
-ကဆုန်လပြည့်နေ့မှာ ပြုလုပ်တဲ့ပွဲက ဘာပွဲလဲ။ ဘာကြောင့် ပြုလုပ်တယ်လို့ ထင်သလဲ။
-ကဆုန်လပြည့်နေ့ကို ဘာကြောင့်ဗုဒ္ဓနေ့လို့ ခေါ်သလဲ။
-ကဆုန်လပြည့်နေ့ရဲ့ ထူးခြားဖြစ်စဉ်တွေက ဘာတွေလဲ။
-ဗောဓိညောင်ပင်ကို ဘယ်အချိန်က စတင်ပူဇော်ခဲ့တာလဲ။ ဘာကြောင့်လဲ။
-အာနန္ဒာဗောဓိလို့ ဘာကြောင့်ခေါ်တာလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ ဗုဒ္ဓနေ့ ကဗျာ ရေးထားသော စာရွက်ကြီး။

သင်ယူမှုလုပ်ငန်းစဉ်

֍ စာရွက်ကြီး/သင်ပုန်းပေါ်တွင် ရေးထားသော ဗုဒ္ဓနေ့ကဗျာကို ကလေးများနှင့် အတူတူရွတ်ဆို၍ အောက်ပါ မေးခွန်းကို မေးပါ။

ဗုဒ္ဓနေ့

တံတားအဖြစ် လဲလျောင်းကာ၊
ဘုရားဆုပန်ကာ။
သုမေဓာ ရှင်ရသေ့၊
ဗျာဒိတ်ခံတဲ့နေ့။
ကဆုန်လပြည့် နေ့မြတ်တွင်၊
ဗုဒ္ဓ မွေးဖွားမြင်။
သဗ္ဗဉာဏ်စဉ် လင်းထိန်လက်၊
လပြည့်နေ့ ဤရက်။
ရုပ်နာမ်စဉ်ဆက် ချုပ်ငြိမ်းပြန်
ပရိနိဗ္ဗာန်စံ။
ထူးခြားအမှန် ဤနေ့မြတ်၊
ဗုဒ္ဓနေ့ သတ်မှတ်။
မပြတ်နှစ်စဉ် နှစ်တိုင်းပါ၊
ကဆုန်လပြည့်မှား
ဗုဒ္ဓမြတ်စွာ ဂုဏ်ရည်မွေ့၊
ညောင်ရေ သွန်းတဲ့နေ့။ ။

-ကဗျာထဲမှာပါတဲ့ ဗုဒ္ဓရဲ့ ထူးခြားဖြစ်စဉ်တွေက ဘာတွေလဲ။ သတိထားမိကြလား။

֍ ကလေးများပြောသော ထူးခြားဖြစ်စဉ်များကို ဆရာက ကဗျာပေါ်တွင် ထင်ရှားသော အမှတ်အသားဖြင့် မှတ်သားထားပါ။

֍ ထို့နောက် ကဗျာပေါ်တွင် မှတ်သားထားသော အချက်များကို ထောက်ပြကာ ကလေးများအား “ဘယ်ဖြစ်စဉ်က အရင်ဖြစ်တာလဲ၊ နောက်ဖြစ်စဉ်က ဘာဖြစ်မလဲ” စသည်ဖြင့် မေးမြန်းသဘောတူညီမှုယူ၍ အစဉ်အတိုင်း သတ်မှတ်ပါ။

֍ ဘုရားရှင်၏ ထူးခြားသောဖြစ်စဉ် လေးခုကို နံပါတ်အစဉ်အတိုင်း ကလေးများ မှတ်မိသည်အထိ အလှည့်ကျ ရွတ်ဆိုစေပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ ညောင်ပင်ပုံ စာရွက်ကြီးနှင့် စာရွက်ငယ်များ၊ ဗုဒ္ဓနေ့ ကဗျာရေးထားသော စာရွက်ကြီး။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဆရာက သင်ပုန်းပေါ်တွင် ညောင်ပင်ပုံတစ်ပုံကပ်ထားပြီး စာရွက်ငယ်များအား ညောင်ရွက်ပုံစံ ညှပ်ထားပါ။ ၎င်းစာရွက်များကို ကလေးတိုင်းအားဝေပေးပါ။ (ဆရာအနေဖြင့် မိမိကိုယ်တိုင်မလုပ်ဘဲ ကလေးများကိုယ်တိုင် စာရွက်များကို ညောင်ရွက်ပုံများဖြစ်အောင် ညှပ်ခိုင်းနိုင်ပါသည်။)

֍ ပြီးနောက် “ကဆုန်လပြည့်နေ့ဟာ ဘာကြောင့်ထူးခြားတာလဲ၊ ဗုဒ္ဓနေ့လို့ ဘာကြောင့်ခေါ်ရတာလဲ ဆိုတာကို သိသွားကြပြီဆိုတော့ အဲဒီလိုထူးခြားမွန်မြတ်တဲ့ ဗုဒ္ဓနေ့မှာ သားတို့သမီးတို့ ဘာတွေလုပ်ချင်လဲ။ ဘာလုပ်ရင် ကောင်းမယ်လို့ ထင်သလဲဆိုတာကို သားတို့သမီးတို့ကို ဝေထားတဲ့စာရွက်လေးတွေပေါ်မှာ တစ်ရွက်ကို တစ်ချက်စီ ချရေးကြရမယ်။ ပြီးရင် သင်ပုန်းပေါ်မှာ ကပ်ထားတဲ့ ညောင်ပင်ရဲ့ အရွက်နေရာမှာ လာကပ် ရမယ်”ဟု ပြောပါ။ (သင့်လျော်သလို အချိန်သတ်မှတ်ပေးပြီး ကလေးတစ်ဦးချင်းစီရေးပါစေ။)

ညောင်ရေ လောင်းမယ်

ပန်းလှူမယ်

֍ ထို့နောက် ဆရာက ကလေးများကပ်ထားသော စာရွက်ပါ အကြောင်းအရာများမှ ကလေးများ လုပ်ချင်သော အရာနှင့် လုပ်သင့်သောအရာများကို တူရာစုပြီး လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပါ။

֍ နောက်ဆုံးတွင် ဗုဒ္ဓနေ့ကဗျာကို ပြိုင်တူရွတ်ဆိုကြစေပြီး သင်ခန်းစာကို အဆုံးသတ်ပါ။