ဝါဆိုလပြည့်နေ့ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၄၀။ ဝါဆိုလပြည့်နေ့(ကျောင်းသားကိုင်သို့)

သင်ခန်းစာ (၄၀)

သင်ခန်းစာခေါင်းစဉ်။ ။ ဝါဆိုလပြည့်နေ့

သင်ယူမှုဦးတည်ချက်။ ။ ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များကို သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ဆယ့်နှစ်လရာသီ ကဗျာနှင့် ဝါဆိုပွဲ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

-မြန်မာနိုင်ငံမှာ ရာသီဥတု ဘယ်နှခု ရှိသလဲ။ တစ်နှစ်မှာ ဘယ်နှလ ရှိသလဲ။ ဘာတွေလဲ။

֍ ထို့နောက် “ဆယ့်နှစ်လရာသီ ကဗျာကိုရော မှတ်မိကြသေးလား” ဟုမေး၍ အောက်ပါ ဆယ့်နှစ်လရာသီ ကဗျာကို ကလေးများ ရွတ်ဆိုကြပါစေ။

ဆယ့်နှစ်လရာသီ

တန်ခူး ကဆုန် နယုန်လ
အဖူး အငုံ အစုံပြ။
ဝါဆို ဝါခေါင်တော်သလင်း
မြစ်နဒီတွင်း သင်ဖြူးခင်း။
သီတင်းကျွတ် တန်ဆောင်မုန်း လနတ်တော်
ကောက်ဦးပေါ်လို့ မုန့်ဆန်းလှော်။
ပြာသို့ တပို့တွဲ လတပေါင်း
အားသစ် မာန်သစ် ရွက်သစ်လောင်း။
နှစ်သစ်ကူးလို့ပြောင်း။

֍ ပြီးနောက် “အဲဒီ ၁၂ လ ထဲက ဝါဆိုလအကြောင်းကို ပထမတန်းတုန်းက သားတို့သမီးတို့ အကျဉ်း လေ့လာခဲ့ကြပြီး ဖြစ်တယ်။ အဲဒီဝါဆိုလအကြောင်းကို သားတို့သမီးတို့ ဘယ်လောက်မှတ်မိသလဲ။ ဘာတွေမှတ်မိ သလဲ”ဟု မေးကာ ကလေးများ ဝါဆိုလနှင့် ပတ်သက်၍ မှတ်မိသလောက် ပြောပြကြပါစေ။

֍ ကလေးများ၏ အဖြေကို ဆရာက မှတ်သားထားပြီး အနှစ်ချုပ် ပြောပေးပါ။

֍ “ဝါဆိုလဆိုတာ ကျောင်းတွေဖွင့်တဲ့လ ဖြစ်တယ်။ ဝါဆိုလမှာ မိုးတွေဖြိုင်ဖြိုင် ရွာတယ်လေ။ သားတို့ သမီးတို့က မိုးကာလှလှလေးတွေ၊ ထီးလှလှလေးတွေနဲ့ ကျောင်းကိုလာတဲ့အချိန်ပေါ့” စသည်ဖြင့် ကလေးများ ဝါဆိုလ မြင်ကွင်းကို မြင်သာအောင် ပြောပြပေးပါ။

֍ နောက်ဆုံးတွင် အောက်ပါ “ဝါဆိုပွဲ” ကဗျာကို ပြန်လည်ရွတ်ဆိုစေကာ “နောက်စာသင်ချိန်မှာ ဝါဆိုလပြည့်နေ့ အကြောင်းကို ဆရာတို့ ဆက်လက်ဆွေးနွေးကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

ဝါဆိုပွဲ

လမြတ်ဝါဆို သည်ကာလမို့၊
ပန်းခူးကြစို့ ကပ်လှူရန်။
မလေးအသံ ညံညံပေးတော့၊
မြန်မြန်ပြေးပေါ့ မထွေးဇံ။
စေတီမြတ်ထံ ပန်းကပ်ပြီးသော်၊
ဘုန်းကြီးကျောင်းပေါ် သွားမယ့်ဟန်။
သင်္ကန်းလှူရန် အတူနွဲလို့၊
အလှူပွဲမို့ ပျော်ကြပြန် ...။
ပျော်ကြပြန် ...ပျော်ကြပြန် ။ ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ဝါဆိုလပြည့်နေ့ အကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါ ဝါဆိုလပြည့်နေ့အကြောင်းကို တစ်ပိုဒ်စီ အလှည့်ကျဖြင့် ကလေးအချို့ က ဖတ်ကြပါစေ။

ဝါဆိုလပြည့်နေ့

ဝါဆိုလပြည့်နေ့ရဲ့ ထူးခြားချက်ကို “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ”လို့ ဆိုးရိုးပြုခဲ့ကြပါတယ်။ “သန္ဓေ” ဆိုတာက ဘုရားအလောင်းတော် ဝါဆိုလပြည့်နေ့မှာ ပဋိသန္ဓေယူခဲ့တာကို ရည်ညွှန်းခြင်း ဖြစ်တယ်။ “တောထွက်” ဆိုတာက ဘုရားအလောင်းတော် ဝါဆိုလပြည့်နေ့မှာ တောထွက်တော်မူခြင်းကို ရည်ညွန်း ခြင်းဖြစ်တယ်။ “ဓမ္မစက်” ဆိုတာက ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိဆိုတဲ့ ပဉ္စဝဂ္ဂီငါးဦးကို မြတ်စွာဘုရားရှင် ဓမ္မစကြာတရားဦး ဟောတော်မူခြင်းကို ရည်ညွှန်းခြင်းဖြစ်တယ်။ ဒါ့ကြောင့် ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့လို့ ခေါ်ပြီး ဓမ္မစကြာသုတ္တန်ဒေသနာတော်ကို အဲဒီနေ့မှာ အထူးရွတ်ဖတ် ပူဇော်ကြတာ ဖြစ်ပါတယ်။

“ပြာဋိဟာ” ဆိုတာကတော့ ရေမီးအစုံစုံဖြင့် မြတ်စွာဘုရားရှင် တန်ခိုးပြာဋိဟာ ပြတော်မူခြင်းကို ရည်ညွှန်း ခြင်းဖြစ်တယ်။ တစ်နေ့မှာ ကောသလမင်းကြီးက မြတ်စွာဘုရားရှင်ကို “အဘယ်အရပ်မှာ တိတ္ထိတွေနဲ့ပြိုင်ပြီး တန်ခိုး ပြာဋိဟာ ပြတော်မူမှာလဲဘုရား” လို့ လျှောက်ထားရာ မြတ်စွာဘုရားရှင်က “မင်းကြီး ... ကဏ္ဍမ္ဗသရက်ပင် အနီးမှာ ပြတော်မူမယ်” လို့ ပြန်လည်မိန့်ကြားတော်ပါတယ်။ အဲဒီအကြောင်းကို ကြားတဲ့အခါ တိတ္ထိတွေဟာ သာဝတ္ထိ ပြည်နဲ့ တစ်ယူဇနာဝန်းကျင်မှာရှိတဲ့ သရက်ပင်မှန်သမျှကို ပေါက်သစ်စ အပင်ပါမကျန် ခုတ်လှဲနုတ်ပယ် ရှင်းလင်း ပစ်ကြတယ်။

ဝါဆိုလပြည့်နေ့နံနက်မှာ မြတ်စွာဘုရားရှင်ဟာ သာဝတ္ထိမြို့ တွင်းသို့ ဆွမ်းခံဝင်တော်မူဖို့ ဇေတဝန်ကျောင်းတော်ကနေ ထွက်တော်မူတယ်။ လမ်းခရီးမှာ ကောသလမင်းကြီးရဲ့ ဥယျာဉ်မှူး ကဏ္ဍက မြတ်စွာဘုရားရှင်အား သရက်သီးမှည့်တစ်လုံးကို ဆက်ကပ်လှူဒါန်းတယ်။ မြတ်စွာဘုရားရှင်ဟာ အဲဒီသရက်သီးကို ဘုန်းပေးတော်မူပြီးတော့ သရက်စေ့ကို အဲဒီနေရာမှာပဲ ကဏ္ဍအား စိုက်ပျိုးခိုင်းလိုက်တယ်။ မြတ်စွာဘုရားရှင်ဟာ အဲဒီသရက်စေ့ရဲ့ အထက်မှာ လက်တော်ကို ဆေးကြောတော်မူတယ်။ ဆေးပြီးလျှင်ပြီးခြင်းပဲ သရက်ပင်ဟာ ခက်မငါးဖြာနဲ့ တရိပ်ရိပ် ကြီးထွားလာပြီး အမြင့် အတောင်ငါးဆယ်၊ အဝန်းအဝိုင်း အတောင်ငါးဆယ်ရှိတဲ့ အပင်ကြီး ဖြစ်လာခဲ့တယ်။

အဲဒီနောက် မြတ်စွာဘုရားရှင်ဟာ သရက်ပင်ကြီးရဲ့ အနီးမှာ အလွန်ကြီးမားကျယ်ပြန့်တဲ့ ရတနာစင်္ကြံကြီးကို ဖန်ဆင်းတော်မူပြီး အဲဒီရတနာစင်္ကြံမှာပဲ လူပရိသတ်၊ နတ်၊ ဗြဟ္မာပရိသတ်တို့ကို ရေမီးအစုံစုံနဲ့ တန်ခိုး ပြာဋိဟာ ပြတော်မူတယ်။ အဲဒီလိုတန်ခိုးပြာဋိဟာအမျိုးမျိုး ပြတော်မူပြီးနောက် အဘိဓမ္မာတရား ဟောတော်မူဖို့ တာဝတိံသာနတ်ပြည်သို့ ကြွတော်မူပါတယ်။

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတွေမှာတော့ ဝါဆိုလပြည့်နေ့မှာ ရဟန်းတော်များကို ဝါဆိုသင်္ကန်း လှူဒါန်းတဲ့ပွဲ တွေ ပြုလုပ်လေ့ရှိကြတယ်။ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှာတော့ ရဟန်းတော်များဟာ ဝါဆိုတော်မူကြရတယ်။ ရဟန်းတော်တွေဟာ “ဘုရားတပည့်တော်သည် ဤဝါတွင်းသုံးလပတ်လုံး ဤကျောင်း၌ နေပါမည်”လို့ ရွတ်ဆိုပြီး မိမိတို့ ကျောင်းတိုက်မှာပဲ နေတာကို ဝါဆိုတယ်လို့ ခေါ်တာဖြစ်တယ်။ ရဟန်းတော်များ ဝါဆိုတဲ့အလေ့အထနဲ့ ဝါဆိုတဲ့ကာလကို ဘုရားရှင်ကိုယ်တော်တိုင်က သတ်မှတ်ပေးတော်မူခဲ့ကာ ဖြစ်ပါတယ်။

အဲဒီလိုသတ်မှတ်မပေးမီက ရဟန်းတော်တွေဟာ တစ်နှစ်ပတ်လုံး ခရီးသွားလေ့ရှိကြပါတယ်။ မိုးတွင်း ကာလခရီးသွားတဲ့အခါ လူတို့ရဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးကုန်ကြလို့ လူတွေက ရဟန်းတော်တွေကို ပြစ်တင်ပြောဆိုကြတယ်။ အဲဒီအကြောင်းကို မြတ်စွာဘုရားရှင် သိတော်မူတဲ့အခါ ဝါဆိုလ ပြည့်ကျော် တစ်ရက်နေ့မှ သီတင်း ကျွတ်လပြည့်နေ့အထိ သုံးလပတ်လုံး ညအိပ်ညနေ ခရီးမသွားကြဘဲ မိမိတို့ကျောင်းတိုက်အတွင်းမှာသာ သီတင်း သုံးနေထိုင်ကြဖို့ သတ်မှတ်ပေးတော်မူခဲ့တယ်။ အဲဒီအချိန်ကစပြီး ဒီကနေ့တိုင်အောင် ထေရဝါဒနိုင်ငံများမှာ ရဟန်းတော်များ ဝါဆိုတဲ့ အလေ့အထ ဆက်လက်တည်မြဲ နေပါတယ်။

ဗုဒ္ဓဘာသာဝင်တွေဟာ ဝါဆိုလပြည့်နေ့မှာ အလှူဒါနပြုခြင်း၊ သီလဆောက်တည်ခြင်းစတဲ့ ကုသိုလ် ကောင်းမှုတွေကို အထူးပြုလုပ်လေ့ရှိကြတယ်။ ဝါဆိုလမှာ ဖူးပွင့်တဲ့ သပြေပန်း၊ ပုန်းညက်ပန်း စတဲ့ ပန်းတွေနဲ့ စေတီပုထိုးတွေကို လှူဒါန်းလေ့ရှိကြတယ်။ အဲဒီလိုထူးခြားချက်တွေကြောင့် ရှေးမြန်မာမင်းတွေ လက်ထက်ကစပြီးတော့ ဒီနေ့အထိ ဝါဆိုလပြည့်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် အစဉ်အလာ သတ်မှတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။

မှီငြမ်း။ ။ မဟာဗုဒ္ဓဝင်၊ တတိယတွဲ၊ ၅၀၄-၅၃၅။

֍ ထို့နောက် အောက်ပါမေးခွန်းများကို မေး၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

-ဝါဆိုလပြည့်နေ့ရဲ့ ထူးခြားချက်က ဘာတွေလဲ။
-ဝါဆိုလပြည့်နေ့ကို ဘယ်လို ခေါ်သေးသလဲ။ ဘာကြောင့်လဲ။
-ဝါဆိုလမှာ ဘာပွဲတွေ ပြုလုပ်ကျင်းပကြသလဲ။
-ဝါဆိုလပြည့်နေ့ကို ဘာကြောင့် အလေးအမြတ်ထားသင့်တာလဲ။
-ဝါဆိုတယ်ဆိုတာ ဘာလဲ။
-ဝါဆိုကာလဟာ ဘယ်လကနေ ဘယ်လအထိလဲ။ ဘယ်သူသတ်မှတ်ပေးခဲ့တာလဲ။
-ကလေးတို့ရော ဝါဆိုလပြည့်နေ့မှာ ဘာတွေလုပ်ကြမလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ ဝါဆိုလပြည့် တေးကဗျာ၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ဟာ ဝါဆိုလပြည့်နေ့အကြောင်းကို လေ့လာပြီးကြပြီဆိုတော့ ဆရာတို့ အခု ဝါဆိုလပြည့်နဲ့ ပတ်သက်တဲ့ တေးကဗျာလေးကို ဆိုကြည့်ကြရအောင်”ဟု ပြောပြီး စာသင်ချိန်ကို စတင်ပါ။

ဝါဆိုလပြည့်

ဘုရားအလောင်းတော်သည် အမိဝမ်းကြာတိုက်ဆီ
ပဋိသန္ဓေတည်တဲ့နေ့ ဝါဆိုလပြည့်။
သစ္စာလေးပါး အသိတရားတွေ
တွေ့ မြင်နိုင်အောင် တောထွက်တော်မူသောနေ့ ဝါဆိုလပြည့်။
ထိုးထွင်းအသိဉာဏ် နိဗ္ဗာန်လမ်းမှန်
သိမြင်ပြန့်ပွား တရားဦးဓမ္မစကြာ
ဝါဆိုလပြည့် ရက်မြတ်ချိန်ခါ
ပဉ္စဝဂ္ဂီ ငါးဦးစုံညီ မြတ်ဗုဒ္ဓ ဟောကြားခဲ့လေသည်။
တန်ခိုးတော်အနန္တ ပြာဋိဟာ
အမျိုးစုံပြ ဝါဆိုလပြည့် အခါသမယ။

֍ တေးကဗျာ သီဆိုပြီးသောအခါ ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။ ကဗျာတွင် ပါဝင်သော အကြောင်းအရာများကို အုပ်စုလိုက် ဆွေးနွေးရေးသားစေပြီး ရရှိထားသော အချက်များကို အုပ်စုအချင်းချင်း လဲလှယ်၍ ဖတ်ကြပါစေ။ ဖတ်ပြီးသောအခါ လိုအပ်သည် ထင်သောအချက်များကို ဖြည့်စွက်ကြပါစေ။ ထို့နောက် ဖြည့်စွက် ပြီးသော စာရွက်များကို စာသင်ခန်းအတွင်း ကပ်စေပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်များ၊ ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့၍ စာရွက်များ ဝေပေးပါ။

֍ ထို့နောက် “ဝါဆိုလပြည့်နေ့မှာ ဘာတွေ လုပ်ဆောင်ကြတယ်၊ ဘာပွဲတွေ ကျင်းပကြတယ်ဆိုတာကို ပြောပြပြီး သွားပြီ ဆိုတော့ သားတို့သမီးတို့ကိုယ်တိုင်ရော ဝါဆိုလပြည့်နေ့ကို ရောက်တဲ့အခါ ဘာတွေလုပ်မယ်ဆိုတာကို အုပ်စုလိုက် စဉ်းစားပြီး ရေးထားရမယ်။ ပြီးရင် ဝါဆိုပွဲအတွက် ဘာပန်းတွေခူးပြီး ဘယ်လိုကပ်လှူပူဇော်မယ် ဆိုတာကို ပုံဖော် ရေးဆွဲကြမယ်”ဟု ဆိုကာ ကလေးများစိတ်ကြိုက် လွတ်လပ်စွာ စဉ်းစားပုံဖော် ရေးဆွဲကြ ပါစေ။ (အုပ်စုအလိုက် ပုံရေးဆွဲနေစဉ် ဆရာက လှည့်လည်ကြီးကြပ် ကြည့်ရှုပါ။)

֍ ထို့နောက် အုပ်စုကိုယ်စားလှယ်တစ်ဦးစီက အတန်းရှေ့သို့ ထွက်ပြောပြီးလျှင်၎င်းတို့အုပ်စု ဆွဲထားသော ပုံများကို သင်ပုန်းတွင် ကပ်ပါစေ။

֍ နောက်ဆုံးတွင် ဆရာက အုပ်စုကိုယ်စားလှယ်များ တင်ပြသွားသော အကြောင်းအရာများနှင့် သင်ပုန်းပေါ်ရှိ ပုံများအပေါ် မူတည်၍ လိုအပ်သလို အနှစ်ချုပ်ပါ။