ကဆုန်လပြည့် ဗုဒ္ဓနေ့

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၉။ ကဆုန်လပြည့် ဗုဒ္ဓနေ့

သင်ခန်းစာ (၃၉)

ကဆုန်လပြည့် ဗုဒ္ဓနေ့[edit]

ဗုဒ္ဓနေ့

တံတားအဖြစ် လဲလျောင်းကာ။ ဘုရားဆုပန်ကာ။
သုမေဓာရှင်ရသေ့။ ဗျာဒိတ်ခံတဲ့နေ့။
ကဆုန်လပြည့် နေ့မြတ်တွင်။ ဗုဒ္ဓ မွေးဖွားမြင်။
သဗ္ဗဉာဏ်မြတ် လင်းထိန်လက်။ လပြည့်နေ့ ဤရက်။
ရုပ်နာမ်စဉ်ဆက် ချုပ်ငြိမ်းပြန်။ ပရိနိဗ္ဗာန်စံ။
ထူးခြားအမှန် ဤနေ့မြတ်။ ဗုဒ္ဓနေ့ သတ်မှတ်။
မပြတ်နှစ်စဉ် နှစ်တိုင်းပါ။ ကဆုန်လပြည့်မှာ။
ဗုဒ္ဓမြတ်စွာ ဂုဏ်ရည်မွေ့၊ ညောင်ရေသွန်းတဲ့နေ့ ... ။

ကဆုန်လပြည့် ဗုဒ္ဓနေ့[edit]

ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့ ဟု သတ်မှတ်ကြသည်။ အဘယ့်ကြောင့် ဗုဒ္ဓနေ့ဟုသတ်မှတ်ကြ သနည်း”ဟုဆိုလျှင် ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာဘုရား၏ ထူးခြားသောဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သော ကြောင့်ပင် ဖြစ်သည်။ ကဆုန်လပြည့်နေ့၌ ဘုရားရှင်နှင့်ပတ်သက်၍ ထူးခြားဖြစ်စဉ် လေးခုရှိသည်။ ထိုဖြစ်စဉ် တို့မှာ -

(၁) ဗျာဒိတ်ခံတော်မူခြင်း (၂) ဖွားတော်မူခြင်း ၊ (၃) ဘုရားဖြစ်တော်မူခြင်း နှင့် (၄) ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း တို့ဖြစ်သည်။

(၁) ဗျာဒိတ်ခံတော်မူခြင်း[edit]

ဂေါတမမြတ်စွာဘုရားလောင်းသည် ဒီပင်္ကရာမြတ်စွာဘုရားရှင် လက်ထက်တော်၌ သုမေဓာရှင် ရသေ့ ဖြစ်ခဲ့သည်။ သုမေဓာရသေ့ဘဝ၌ ဒီပင်္ကရာမြတ်စွာဘုရားရှင်နှင့် သံဃာတော်များ ကြွတော်မူလာသည့် အချိန်၌ သူပြင်နေသော လမ်းမပြီးသေး၍ ခန္ဓာကိုယ်ကို တံတားအဖြစ် ခင်းလှူခဲ့သည်။

ထိုသို့လှူနေချိန်၌ “ဤသို့ ခန္ဓာကိုယ်ကို တံတားအဖြစ် ခင်း၍ လှူရသည့်အကျိုးကြောင့် ဘုရား ဖြစ်ရပါလို၏”ဟု ဆုတောင်းလိုက်သည်။ ဒီပင်္ကရာမြတ်စွာဘုရားသည် ဉာဏ်တော်ဖြင့် ဆင်ခြင်ကြည့် လိုက်ရာ နောင်လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာလျှင် ဘုရားစင်စစ် ဧကန်ဖြစ်မည်ကို သိတော်မူသောကြောင့် ဗျာဒိတ်ပေးတော်မူသည်။ (နောင်သောအခါ မလွဲမသွေ ဖြစ်လာမည့်အရာကို မြတ်စွာဘုရားရှင် ကိုယ်တိုင် နှုတ်မှ ထုတ်ဖော်ပြောကြားခဲ့သော စကားတော်ကို ဗျာဒိတ်တော်ဟုခေါ်သည်။)

(၂) ဖွားမြင်တော်မူခြင်း[edit]

သိဒ္ဓတ္ထမင်းသားကို ကဆုန်လပြည့်နေ့တွင် ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်ကြားရှိ လုမ္ဗိနီအင် ကြင်းတော၌ ဖွားမြင်တော်မူခဲ့သည်။

(၃) ဘုရားဖြစ်တော်မူခြင်း[edit]

ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ နေမဝင်မီ မာရ်နတ် နှင့် စစ်သည်အပေါင်းကို အောင်မြင်တော်မူပြီး အရုဏ်တက်ခါနီး အချိန်တွင် ဘုရားအဖြစ်သို့ ရောက်ရှိခဲ့သည်။

(၄) ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း[edit]

မြတ်စွာဘုရားရှင်သည် ကဆုန်လပြည့်နေ့တွင် ကုသိနာရုံအင်ကြင်းတော၌ ပရိနိဗ္ဗာန်စံဝင်တော် မူခဲ့သည်။ ထိုကဲ့သို့ ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု ခေါ်ဆိုကြ ခြင်းဖြစ်သည်။ ထို့ကြောင့် မဟာဗောဓိညောင်ပင်အောက်၌ ဗုဒ္ဓဘုရားရှင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်ကို အောက်မေ့အမှတ်ရသည့်အနေဖြင့် ဗုဒ္ဓဘာသာဝင်တို့သည် ကဆုန်လပြည့်နေ့၌ ဗောဓိညောင်ပင်ကို ရေသွန်းလောင်း ပူဇော်ကြသည်။ ဗောဓိညောင်ပင်ကို ရေသွန်းလောင်း ပူဇော်သည့် အစဉ်အလာသည် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကပင် အစပြုခဲ့သည်ဟု ဆိုနိုင်သည်။

မြတ်စွာဘုရား လက်ထက်တော်က သာဝတ္ထိပြည်ရှိ ဒါယကာ၊ ဒါယိကာမတို့သည် မြတ်စွာဘုရား ရှင်ကို ဖူးမြော်ရန် ဇေတဝန်ကျောင်းတော်သို့ နေ့စဉ်နေ့တိုင်း လာရောက်လေ့ရှိကြသည်။ မြတ်စွာဘုရား ဒေသစာရီ ကြွတော်မူခိုက် မြတ်စွာဘုရားကို ဖူးမြော်ခွင့် မရကြသည့်အခါ စိတ်မကြည်မရွှင် ဖြစ်ကြသည်။ မြတ်စွာဘုရားရှင်အား ပူဇော်ရန် ယူဆောင်လာခဲ့ကြသော ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတို့ကို ဘုရားရှင်အား ရည်မှန်း၍ ဂန္ဓကုဋိတိုက် ဝင်ပေါက်၌ ချထားလှူဒါန်းခဲ့ကြသည်။

ထိုဖြစ်ပုံကို အနာထပိဏ်သူဌေးကြီး တွေ့မြင်လေလျှင် “မြတ်စွာဘုရားမရှိခိုက် မြတ်စွာဘုရား ကိုယ်စား ပူဇော်စရာတစ်ခုရှိလျှင် ကောင်းလေစွ”ဟု အကြံဖြစ်လေသည်။ ထိုအကြံကို အရှင်အာနန္ဒာအား လျှောက်ထားလေသည်။ အရှင်အာနန္ဒာက မြတ်စွာဘုရားရှင်အား ဆက်လက်လျှောက်ထားရာ မြတ်စွာဘုရားရှင်က မိမိကိုယ်စား ဗောဓိပင်စိုက်ပျိုး၍ ကိုးကွယ်ပူဇော်ခွင့်ပြုခဲ့သည်။ ထိုဗောဓိပင်ကို အရှင်အာနန္ဒာ ဦးဆောင်၍ စိုက်ပျိုးခဲ့သောကြောင့် “အာနန္ဒာဗောဓိ”ဟု ခေါ်သည်။ ထိုအချိန်မှစ၍ သာဝတ္ထိပြည်ရှိ ဒါယကာ၊ ဒါယိကာမတို့သည် ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရား မရှိခိုက်တွင် အာနန္ဒာဗောဓိပင်ကို ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတို့ဖြင့် လှူဒါန်းပူဇော်ကြသည်။ ထိုအစဉ်အလာကို လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ရာ ဗုဒ္ဓဘာသာနိုင်ငံတို့တွင် ယနေ့တိုင် ကဆုန်လပြည့်နေ့၌ ဗောဓိညောင်ပင်ကို ရေသွန်းလောင်း၍ ထူးထူးကဲကဲ ပူဇော်လေ့ရှိကြသည်။