သူများ မကောင်းကြံ ကိုယ့်ဘေးရန် (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၇။ သူများ မကောင်းကြံ ကိုယ့်ဘေးရန်(ကျောင်းသားကိုင်သို့)
348335ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၃၇။ သူများ မကောင်းကြံ ကိုယ့်ဘေးရန်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၇)

သင်ခန်းစာခေါင်းစဉ်။ ။ သူများမကောင်းကြံ ကိုယ့်ဘေးရန်

သင်ယူမှုဦးတည်ချက်။ ။ သူတစ်ပါးအား နစ်နာအောင်ပြုလုပ်လိုက်သော မကောင်းမှုသည် မိမိထံသို့ ပြန်လာတတ်ကြောင်းကို သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ပိုင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို စာရွက်ပိုင်းများ ဝေပေးပါ။ စာရွက်ပေါ်တွင် အခြားသူတစ်ဦးအား ပေးလိုသည့် မိမိမကြိုက်သော ပစ္စည်းတစ်ခုကို ရေးပါစေ။ မိမိရေးထားသော ပစ္စည်း၏အမည်ကို မှတ်သားစေကာ အတန်းရှေ့တွင် ချထားသော ပုံးတစ်ပုံးထဲသို့ ထည့်ကြပါစေ။ ထိုစာရွက်များကို ဆရာက ရောမွှေ၍ ကလေးတစ်ဦးလျှင် တစ်ရွက်စီ ယူပါစေ။

֍ ကလေးများအား မိမိရသည့် စာရွက်ပိုင်းကို ဖတ်စေပြီး ဆရာက “မကြိုက်ဘူးလား၊ လဲချင်တာရှိလား”ဟု မေး ပါ။ မကြိုက်လျှင် ပိုင်ရှင်ကိုရှာ၍ ပြန်ပေးပါစေ။ (ဤနည်းအတိုင်း မကြိုက်လျှင် ထပ်ခါထပ်ခါ လဲခြင်းဖြင့် ကစား သွားရမည် ဖြစ်သည်။ အချိန်ပေါ်မူတည်၍ ကစားကြပါစေ။)

֍ ကစားပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။

-ကိုယ်မလိုချင်တဲ့ပစ္စည်း သူများကိုပေးတဲ့အခါ အဲ့ဒီပစ္စည်းဟာ ကိုယ့်ဆီ ပြန်ရောက်လာတတ်တယ် ဆိုတာ လက်ခံပါသလား။ လက်ခံတယ်ဆိုရင် ဘာကြောင့်လဲ။
-ဒီကစားနည်းကနေ ဘယ်လိုသင်ခန်းစာ ရလိုက်သလဲ။

֍ မိမိလုပ်ရပ်သည် မိမိထံသို့ပင် ပြန်ရောက်လာတတ်ကြောင်း ဇာတ်တော်လာအကြောင်းအရာတစ်ခုကို နောက်စာ သင်ချိန်တွင် ဆက်လက်ဆွေးနွေးကြမည်ဟု ပြောကာ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကျောင်းသားကိုင်စာအုပ်ပါ သရုပ်ဖော်ပုံများကို ကြည့်စေပြီး အောက်ပါမေးခွန်းများ မေးမြန်းခြင်းဖြင့် စာသင်ချိန်ကို စတင်ပါ။

-ဒီပုံထဲကလူတွေက ဘယ်သူတွေလို့ ထင်သလဲ။ ဘာလုပ်နေကြတာလို့ ထင်သလဲ။
-ဘာ့ကြောင့်အဲဒီလို လုပ်တယ်လို့ထင်သလဲ။
-ကလေးတို့ ထင်ထားတဲ့အတိုင်း ဟုတ်မဟုတ်သိရအောင် ဇာတ်လမ်းလေး တစ်ပုဒ်ကို ဖတ်ကြည့်ကြပါစို့။

သူများမကောင်းကြံ ကိုယ့်ဘေးရန်

ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ရဲ့ ရွာတစ်ရွာမှာနေထိုင်တဲ့ သူဌေးကြီးမှာ “မောင်သာ”လို့ ခေါ်တဲ့ သားလေးတစ်ယောက် ရှိတယ်။ တစ်နေ့မှာ မောင်သာလေးက ကစားဖော်သူငယ်ချင်းတွေနဲ့အတူ အရိပ်ကောင်းတဲ့ ညောင်ပင်ကြီးအောက်မှာ ပျော်ပျော်ရွှင်ရွှင် ကစားနေတယ်။

အဲဒီရွာအနီးအနားက တခြားရွာတစ်ရွာမှာနေတဲ့ ဆေးဆရာတစ်ယောက်ဟာ ဆေးမကုရတာ ကြာပြီဖြစ်လို့ ဆေးကုဖို့လူနာ တွေ့လိုတွေ့ငြား ရွာစဉ်တစ်လျှောက် ထွက်လာတယ်။ အဲဒီလို ထွက်လာရင်း မောင်သာတို့ ကစား နေကြတဲ့ ညောင်ပင်ရိပ်ကို ရောက်လာတယ်။ ညောင်ပင်ခွကြားမှာ အိပ်နေတဲ့မြွေကို မြင်တဲ့အခါ “ငါဆေးမကုရတာ ကြာပြီ၊ အခုထွက်လာတဲ့ ရွာမှာလည်း ဆေးမကုခဲ့ရလို့ ငွေလည်းမရခဲ့ဘူး၊ အခု ဒီသူငယ်တွေကို လိမ်ညာပြီး မြွေ ကိုက်အောင် လုပ်ရမယ်၊ မြွေကိုက်တဲ့အခါမှ ငါဆေးကုရမယ်၊ ဆေးကုပေးကာမှ ငွေရမယ်”လို့ တွေးမိတယ်။

အဲဒီလိုအကြံရပြီး မောင်သာတို့ကို “ဒီသစ်ပင်ခွကြားမှာ ဆက်ရက်ငှက်လေး တစ်ကောင်ရှိတယ်။ တက်ဖမ်း ကြပါလား”လို့ ပြောလိုက်တယ်။ မောင်သာလည်း တကယ်ထင်ပြီး သစ်ပင်ပေါ်တက်ကာ ဆက်ရက်ငှက်ကို ဖမ်းပါတယ်။ အဲဒီလို ဖမ်းလိုက်တဲ့အချိန် သစ်ပင်ခွကြားမှာအိပ်နေတဲ့ မြွေရဲ့ လည်ပင်းကို ဆုပ်ကိုင်မိတယ်။ မောင်သာဟာ မြွေကို ကိုင်မိမှန်းလည်းသိရော . ကြောက်လန့်ပြီး အလျင်အမြန် အောက်ကို ပစ်ချလိုက်တယ်... အဲဒီမြွေက ဆေးဆရာရဲ့ လည်ပင်းပေါ် ကျသွားတယ်။ မြွေက လည်ပင်းကို ရစ်ပတ်ကာ ကိုက်ပြီးပြေးသွားတယ်။ အနီးအနား ပတ်ဝန်းကျင်က လူတွေ ဝိုင်းအုံလာတယ်။ ဆေးဆရာကတော့ ပြင်းထန်တဲ့ မြွေဆိပ်ကြောင့် နေရာမှာပဲ သေဆုံး သွားတယ်။ ဆေးဆရာဟာ ကလေးသူငယ်တွေကို မကောင်းကြံခဲ့မိတဲ့ မကောင်းကျိုးကို သူပြန်ခံခဲ့ရခြင်း ဖြစ်ပါတယ်။

မှီငြမ်း။ ။ သာဠိယဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ တတိယတွဲ၊ ၇၅-၇၈။ ဇာ၊ဋ္ဌ၊၃၊၁၈၈။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဆေးဆရာက မောင်သာကို ဘာကြောင့် သစ်ပင်ပေါ် တက်ခိုင်းရတာလဲ။
-မောင်သာက သစ်ပင်ပေါ်မှာ ဘာကိုတွေ့သလဲ။ အဲဒါနဲ့ မောင်သာ ဘာလုပ်လိုက်သလဲ။
-ဆေးဆရာ ဘာဖြစ်သွားသလဲ။
-ဆေးဆရာ အဲဒီလိုဖြစ်ရတာ ဘာကြောင့်လဲ။
-ဒီဇာတ်လမ်းကနေ ဘာသင်ခန်းစာ ရရှိလိုက်သလဲ။
-သားတို့သမီးတို့သာ ဆေးဆရာနေရာမှာဆိုရင် ဘာလုပ်မလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သူတစ်ပါး ဒုက္ခရောက်အောင် ပြုလုပ်လို့ ပြုလုပ်သူကိုယ်တိုင်ရော၊ ပြုလုပ်ခံရသူရော ဘယ်လိုမကောင်းကျိုး တွေ ခံစားခဲ့ရတယ်ဆိုတာကို ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ဖူးလား”ဟု မေး၍ ကလေး ၂/၃-ဦးခန့်အား ပြောပါစေ။

֍ ထို့နောက် “သူတစ်ပါး ဒုက္ခရောက်စေ၊ ထိခိုက်စေနိုင်တဲ့ အလုပ်တွေက ဘာတွေလဲ”ဟု မေးမြန်းပြီး ကလေး များဖြေဆိုသော အချက်များကို ဆရာက သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ထားပါ။

֍ ကလေးများကို အုပ်စု (၅) စုဖွဲ့၍ သင်ပုန်းပေါ်တွင် ရေးထားသော အချက်များပေါ်မူတည်ပြီး ပြုလုပ်သူရော၊ အပြုခံရသူပါ မည်ကဲ့သို့သော ဆိုးကျိုးများရနိုင်သနည်း ဆိုသည်ကို ဆွေးနွေးစေကာ ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။ ထို့နောက် ဆရာက ဆွေးနွေးချက်များကို မှတ်သားထားပြီး လိုအပ်ချက်များရှိပါက ဖြည့်စွက်ပေးကာ အောက်ပါအတိုင်း အနှစ်ချုပ်ပြောဆို၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

“သူတစ်ပါး နစ်နာအောင်၊ ဒုက္ခရောက်အောင် ပြုလုပ်ခြင်းဟာ မကောင်းတဲ့အလုပ် ဖြစ်တယ်။ အဲဒီလို သူတစ်ပါးပျက်စီးအောင် ပြုလုပ်ရင် ပြုလုပ်သူကိုယ်တိုင်လည်း ပျက်စီးတတ်တယ်။”

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ အမြဲကိုယ်ချင်းစာ တေးကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါ တေးကဗျာကို ဟန်ပန်အမူအရာများနှင့်တကွ သင်ပေးပါ။

အမြဲကိုယ်ချင်းစာ

ချစ်ချစ်ခင်ခင် သူငယ်ချင်းများနဲ့ လိမ္မာသူတွေပါ ...
စနောက်တာတွေ အရမ်းကြီးတော့ ... မလွန်စေနဲ့ကွာ ...
သူများမကောင်းကြံရင် ကိုယ်လည်းတစ်နေ့တော့...အလှည့်ရောက်မှာသေချာ...
စိတ်ဓာတ်ဖြူစင် သူငယ်ချင်းကောင်းတို့ ... အမြဲပဲ ကိုယ်ချင်းစာ ...။ ။

֍ တေးကဗျာကို ရွတ်ဆိုပြီးနောက် ကဗျာပါ အကြောင်းအရာများကို အောက်ပါအတိုင်း ဆွေးနွေးမေးမြန်းပြီး သင်ခန်းစာကို အဆုံးသတ်ပါ။

-ဒီကဗျာထဲမှာ ကလေးတို့ကို သူငယ်ချင်း အချင်းချင်း ဘယ်လိုနေထိုင်ရမယ်လို့ ပြောထားသလဲ။
-သူတစ်ပါးကို ထိခိုက်အောင်လုပ်ရင် ဘယ်လိုဆိုးကျိုးတွေ ရနိုင်သလဲ။
-ကလေးတို့ကိုယ်တိုင် သူငယ်ချင်းကောင်းဖြစ်အောင် ဘယ်လိုနေထိုင်သင့်သလဲ။