နေမိရာဇစရိယခဏ်း

From Wikisource
Jump to navigation Jump to search
မဟာသုတကာရီ မဃဒေဝလင်္ကာသစ် by မာန်လည်ဆရာတော်
၂။ နေမိရာဇစရိယခဏ်း


(၄၉၇) ဤသို့ လောင်းလှ၊ *စောဒေဝလျှင်၊ ဗြဟ္မာ့ နန်းဦး၊ ဘုံ*ကွန်းဖူးက၊ ကြံထူး ဆုံးဖြတ်၊ စိတ်တော်မှတ်၍့၊ အမြတ်ကိစ္စ၊ စရိယဖြင့်၊ နိက္ခမ္မမျိုး၊ နွယ်ရိုး စဉ်ကောင်း၊ မင့်းအပေါင်းနှိုက်၊ ရှစ်သောင်းကျော်လှည့်၊ လေးထောင် ပြည့်အောင်၊ ဆက်ပြည့် စရိယာ၊ ကျင့်လိုငှာဟု၊ ဗြဟ္မာတို့ဘုန်း၊ နေ*နှုန်း ထောင်မျှ၊ သာမကသား၊ မဂဓတိုင်းဖြစ်၊ ဂါမခေတ်ဖြင့်၊ နှစ်နှင့် သုံးဆ၊ ပမာဏသို့၊ ကာယ ကြီးကျယ်၊ တင့်တယ် ဥပပတ်၊ ရွှေကိုယ်မြတ်လျှင်၊ ပြသာဒ်ဘုံတွင်း၊ ပျော်ခင်း စံရာ၊ ကမလာသန်၊ ငွေဗိတာန်နှင့်၊ ဝေယန် ဥကင်၊ ကြာပလ္လင်ထက်၊ နေ့သွင် ထွန်းလျက်၊ စံ ငြိမ်သက်မှ၊ ဝန်းရှက် တင်†ပျဉ်၊ သမ္ပဇဉ်တိ၊ †ပညာ ရှေးယှိ၊ သတိ ပြဌာန်း၊ ဖြောင့်တန်းတန်းဖြင့်၊ ရွှေနန်း တည်ရာ၊ မိထိလာဝယ်၊ တောင်ညာ မကိုဋ်၊ ဝမ်းကြာတိုက်သို့၊ မျှော်စိုက် စိတ်သန်၊ နိမိတ် ဘန်၍့၊ မလွန်သည့်ထက်၊ ငါ့အသက်ဟု၊ ရွှေမျက်တောင် မှိတ်၊ အောင့်သည့်စိတ်ဖြင့်၊ အဓိဋ္ဌာန်မှု၊ ဆောက်တည်ပြုလျက်၊ အာယု ကမ္ဘာ၊ ကပ် ငါးရာလုံး၊ ဗြဟ္မာသက်ကြွင်း၊ များဘိခြင်းကို၊ အလျှင်း မတပ်၊ ဘုံ ဝေဟပ်မှ၊ မြေရပ် လူ့ရွာ၊ စုတိလာသည်။။ လျင်စွာ *ချက်ဖြုတ် မဆိုင်းတည်း။ (၁)

(၄၉၈) ဗောဓိသတ္တ၊ ဗျာဒိတ်ရတို့၊ ဒေဝ ဗြဟ္မာ၊ သက်ရှည်ရာနှိုက်၊ ဖြစ်ပါတုံလည်း၊ ဤသို့ချည်းပင်၊ *ပေါပည်း များထူ၊ ဒိဋ္ဌိဟူသည်၊ စွဲးယူ လွန်†ပြင်း၊ လူပြိန်း†ပျင်းသို့၊ *စင်းလျင်း မရွေ့၊ မေ့ကြီးမေ့လျက်၊ ရိုးတွေ့ ခွေးငတ်၊ *ခြေချွတ်ခဲးစွာ၊ ယူ မိစ္ဆာဖြင့်၊ ဗြဟ္မာနတ်စစ်၊ စည်းစိမ်ယစ်၍့၊ သက်ဆစ် သက်ပိုင်း၊ ရှည်တိုင်း စိမ်တွယ်၊ မစံပယ်ဘူး၊ အတန်ငယ်†ရွေ့၊ ခံစား†၍့တိ၊ စုတေ့ လူ့ရပ်၊ ကပ်ကြ မှန်စွာ၊ ဓမ္မတာတိုင်း၊ ဤကမ္ဘာတွင်း ဖြစ်ခြင်း များစွာ၊ ဗြဟ္မာ့တို့ရွာနှိုက်၊ မဟာသတ္တ၊ ဘုရာ့းဆုတောင်း၊ *လျာပွင့်လောင်းတို့၊ အသောင်း အသိန်း၊ ကိန်းမျှ မမြင်၊ ဖြစ်ပါကျင်လျက်၊ လူ့ခွင် လူ့ရွာ၊ သက်လာကုန်ကြ၊ စရိယနှင့်၊ ပဉ္စပရိစ္စာ၊ ကျင့်လိုငှာဖြင့်၊ ငါးရာ မက၊ ဇာတ်တော်ရအောင်၊ ဘဝ ယုတ်-မြတ်၊ ဖြစ်လတ်သည်လည်း၊ ဤသို့နည်းတည့်၊ နှုတ်ချည်း ပြေ†ရုံ၊ ဆိုပါတုံလည်း၊ မ†ယုံတို့+ချေ၊ ရှင့်နှုတ်ဖြေဟု၊ ဆင်+ခြေ ထပ်လောင်း၊ သက်သေ တောင်း၍့၊ အကြောင်း စုစီ၊ စုဒ်-စော မှီသော်၊ ဒဠှီ ဉာပက၊ တေနာဟနှင့်၊ တေန ဝုတ္တံ၊ ပိုဒ်ခံ *ခိုင်ကျန်း၊ လက်ရုံးတန်းဖြင့်၊ ရိုက်မွှန်း*သံပ၊ မောင်းချီကြွလျက်၊ အတ္ထသမ္ဗန်၊ ပြညွှန် ထင်စွာ၊ ထုတ်လေပါတည့်၊ ငါသာ မဟုတ်၊ *မှုတ်လော့ ထို့ကြောင့်၊ သိကြောင်း ဖြောင့်ပိမ့်၊ မထောင့် ပါဠိ၊ ပါဌ် စုဏ္ဏိဖြင့်၊ ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ၊ သေချာ ကမ္ပည်း၊ နှုတ်တော် တည်း၏၊ သိမ်းဆည်း ကိုယ်-နှုတ်၊ သိက္ခာပုဒ်နှင့်၊ မယုတ် မလွန်၊ အကျင့် *မွန်သား၊ သီလဝ†န္တ၊ ဟူသမျှတို့၊ တောင့်†တ လိုရာ၊ ပြည့်မြဲးသာဟု၊ မြတ်စွာ ရှင်*စော၊ မိန့်ဟော ထင်ရှား၊ မြွက်ဘော်ကြားသည်။။ တရား ရွှေစာ ကသိုဏ်းတည်း။ (၂)

(၄၉၉) လောင်းတော် မဃ၊ ဒေဝ မဟာ၊ သူမြတ်စွာလည်း၊ ဗြဟ္မာနတ်စစ်၊ အဖြစ် ဝင်းဝင်း၊ ဘုံက ဆင်းမှ၊ မိမင်း ကြာခန်း၊ စံမြန်း သိမ်မွေ့၊ လ,စေ့ သန့်စင်၊ *မီးရှူးမြင်သော်၊ ဘခင် လူမှူး၊ သားတော်ဦးအား၊ အထူးသဖြင့်၊ ရွှေဉာဏ် ချင့်လျက်၊ “ရပ်မြင့် ဒီဃ၊ ဣတ္ထိယတို့၊ တိုက်ထ ရင်နို့၊ သောက်စို့ သူငယ်၊ မော့ကယ်ကယ်နှင့်၊ လည်သွယ် ရှည်မျော၊ အပြစ်*ပြော၏၊ ပုသောသူမှာ၊ လည်တိုရာလျက်၊ လွန်စွာ ကြုံလည်း၊ နာကျည်း ငယ်သူ၊ *ဆူသော် ဆွံ့တတ်၊ သားမြတ်ရှည်မိ၊ နှာခေါင်းပိရှင့်၊ မည်းဘိမိန်းမ၊ ဧးစွ နို့ဟူ၊ အလွန်ဖြူက၊ ပူ၏့ မှတ်ရိုး၊ ချောင်းဆိုး နို့ရည်၊ ချဉ်သည် တသီး၊ ကုတ်ဟီး စပ်ရှား၊ အပြစ်များကို၊ ပယ်ရှားပြီးလျှင်၊ တော်မဝင်ဘဲး၊ ပြစ်စင် လေးငြိမ့်၊ နို့ ချိုဆိမ့်သား၊ နှစ်သိမ့်ဘွယ်စု၊ ရွှေချိုးဥသို့၊ စတုသဋ္ဌိ၊ ဂုဏိ သင်္ချာ၊ လက္ခဏာဖြင့်၊”ကလျာ ယဉ်အိ၊ မျိုးဇာတိနှင့်၊ ဣတ္ထိဟူထ၊ ဓာတိ†ယတို့၊ နှစ်†ရာ့လေးကျိပ်၊ ရွှေနန်းရိပ်ဝယ်၊ ပြည့်သိပ် များစွာ၊ လက် မကွာလျှင်၊ မချာ ည-နေ့၊ မငြီးငွေ့ဘဲး၊ ပိုက်ပွေ့ ကိုယ်စီ၊ တနာရီတွင်၊ လေးလီ ပါဒ်†ရ၊ လေးယောက်ကျတိ၊ *ယု†ယ သိမ်းမွေး၊ နို့ထိန်း ရွေးသည်။။ နတ်သွေး ရောင်လှ ရွယ်ကျိုင်းတည်း။ (၃)

(၅၀၀) ဤသို့ မနှေး၊ နို့ထိန်း ရွေးမှ၊ တရေး ထို့ပြင်၊ မီးရှူး မြင်ပြီး၊ ရက်လျှင် သတ္တ၊ လည်က မရွေ့၊ နန္ဒာနေ့နှိုက်၊ ကောင်းမြေ့ ငြာ†ကြော်၊ ဇမ္ဗူ†ကျော်အောင်၊ အဟော်ဝတ၊ ပုညနိသင်၊ ဘုန်းကျိုးအင်ဖြင့်၊ ရွှေစင် မြသား၊ ပတ္တ†မြားက၊ ဘိုး†များ ရတနာ၊ ပရိဝါနှင့်၊ ဇာနည် ဆင်-မြင်း၊ ကျွန်သင်း ကျေးမက်၊ ရွှေယွန်းထက်တွင်၊ ရွှေအက္ခရာ၊ တင်ကာ *ပြဲ့ပြဲ့၊ လက်တော် †ဖွဲ့သား၊ ပေါင်း†ဘွဲ့ သိမ်းကျုံး၊ ရေ မဆုံးတိ၊ ရှေးထုံး ရှေးစံ၊ နန်းကြီးယံဝယ်၊ စီမံ ကျင်းပ၊ မိုးကြယ် ကျသို့၊ *ဖြင်မျှ အုတ်အော်၊ ဆွေတော် မျိုးစုံ၊ မှူးပုံ မတ်ပေါင်း၊ ခဝပ်*ညောင်း၍့၊ ရှစ်သောင်း လွန်ကျော်၊ ကတော် မောင်းမ၊ *ရံ ဖြဖြနှင့်၊ အလှ နတ်တူ၊ ရွရွဦသည်၊ နန်းသူ ရွယ်နု၊ ရွေတစုတို့၊ *ရတု သံညင်း၊ နားတော်သွင်းက၊ *ဧးချင်း *လူးတား၊ တင်လျှောက်ကြားလျက်၊ ကိုးပါး နဝရတ်၊ မျက်ခတ် ပြိုးပြောင်၊ မီ့းနှယ် လောင်မျှ၊ ကိုးရောင် ထိန်လက်၊ စိန်ပုခက်နှိုက်၊ တင်ဆက် ကြည်နူး၊ ဖျော်ကြ ကျူးသည်။။ ရှေးဦးမင်္ဂလာ ကရိုဏ်းတည်း။ (၄)

(၅၀၁) ရှေးဦး အစ၊ ပထမတိ၊ နတ်သဘန် †ရင်၊ စိန်ဧး†ယင်ထက်၊ ဆက်တင် မြှောက်ခြီး၊ နန်းစဉ် မှီးလျက်၊ မျှို့ကြီးကိစ္စ၊ ဒေါသမင်္ဂလာ၊ ပြုပြီးစွာမှ၊ တရာ ရက်ပေါင်း၊ စေ့ပြန်ရှောင်း၍့၊ နေ့ကောင်း ရက်သာ၊ ဓမ္မတာဖြင့်၊ ဘဒြာ တိထီ၊ ခါညီ ထုံးစံ၊ *အနှုန်း ခံလျက်၊ နာမံ ကရဏ၊ မည်တော်သသည့်၊ နေ့ကျလတ်သော်၊ ခမည်းတော်လျှင်၊ အကျော် ပဏ္ဍိတ်၊ ပုရောဟိတ်†များ၊ ဂုဏ်*မြောက်†မြားသည့်၊ ပုဏ္ဏားတို့ကို၊ မေးမိန့်ဆိုက၊ ထိုပုရောဟိတ်၊ ပဏ္ဍိတ် ထင်ရှား၊ ဗြဟ္မာ့သားတို့၊ ပိုင်းခြား ကုန်စင်၊ ရှုဆင်ခြင်၍့၊ သိမြင် ဉာဏ၊ တင်ကြောင်း စ,ကား၊ *မဆွ ကမ္ဘာ၊ တည်ဦးစွာနှိုက်၊ ဗြဟ္မာဘုရား၊ ရုံးက ဘွား၍့၊ လေးပါး မျိုးတွင်၊ တန်းခိုး ထင်သည်၊ ဘုရင် ထွတ်ဖျား၊ ကျင့်ဆယ်ပါးနှင့်၊ တရားမင်းမြတ်၊ လောကနတ်၏့၊ သည်းပွတ်တော်ဦး၊ သားတော်ထူးကား၊ ထွတ်ဖူး ဗြဟ္မာ၊ ဘုံက လာ၍့၊ မဟာမဃ၊ ဒေဝ မင်းကျော်၊ ဘေးလောင်းတော်သည်၊ ရှုမြော် အဖြောင့်၊ နွယ်တော် စောင့်လျက်၊ ရှစ်သောင့်းလေးထောင်၊ မပြည့်ယောင်ဟု၊ ပြည့်အောင် ဆက်လက်၊ အကွပ် ပတ်သို့၊ အမြတ်ကိစ္စ၊ ဝိသိဋ္ဌဖြင့်၊ နိက္ခမ္မမျိုး၊ မင်းစိုး ကျင့်ဟောင်း၊ အကျင့်ကောင်းကို၊ ပြည့်ကြောင်း လုံးစုံ၊ ရှေး-နှောင်း ခြုံ၍့၊ ဗြဟ္မာစရိယာ၊ ကျင့်လိုငှာလျှင်၊ မှန်စွာ မချွတ်၊ ဖြစ်သတတ်တည့်၊ ပြတ်၏့ နောက်ဆက်၊ တောမထွက်ပြီ၊ သည့်ထက် မလွန်၊ ရှင့်သား*မွန်သာ၊ ဆုံးစွန် ဆတ်ဆတ်၊ တောထွက်လတ်လိမ့်၊ မင်းမြတ် ဘုန်းလူ၊ မှတ်တော်မူဟု၊ အယူ မ†ပြောင်း၊ ရိုညွတ်†ပျောင်းလျက်၊ တချောင်း လက်ညှိုး၊ ထိုး၍့ မုချ၊ တင်ကုန်ကြသည်။။ ဒိဗ္ဗနတ်စက် တနှိုင်းတည်း။ (၅)

(၅၀၂) ဟုတ်တိုင်း အမြင်၊ ဉာဏ် ဆင်ခြင်၍့၊ အထင် အရှား၊ ပုဏ္ဏား ပုရောဟိတ်၊ ပဏ္ဍိတ် ဗြဟ္မာ၊ မင်းဆရာတို့၊ ပညာခေါင်ထိ၊ နတ်မျက်စိသို့၊ သိသည့်အရ၊ တင်လျှောက်ကြသော်၊ မွေးဘ မဟာ၊ မင်းရာဇာကား၊ လွန်စွာ ကဲးမောက်၊ ဝမ်းတော် မြောက်၍့၊ *လင်းပြောက် *ပြည့်လျှမ်း၊ နန်းပြင် †ကြမ်းဝယ်၊ တင်း†ကျမ်း ထွေထွေ၊ တခဲးတွေအောင်၊ မရေတွက်အား၊ ဆင်ဝတ်စားနှင့်၊ ဘိုးများ တန်းဆာ၊ ခါသာ ပိတ်အုပ်၊ အထုပ် အထက်၊ *ရွှေလျှက် ငွေလျှက်၊ တလက်လက်တိ၊ အခွက် အထည်၊ အခြည် အကွင်း၊ ကျွန်သင်းပင်းက၊ ဆင်-မြင်း မြို့-ရွာ၊ ဆောက်နှင်းကာလျှင်၊ ခြင်းရာ ကြောင်းလျား၊ သို့ဖြစ်ငြားမူ၊ ငါ့သား မင်းလှ၊ ကုမာရအား၊ နွတ္ထဟူသည်၊ နာမ်ထူးလည်ဖြင့်၊ အမည်ကို ဆန်၊ နေရပ်ပြန်ဟု၊ ဝေဒန္တဂူ၊ ကဝိလူတို့၊ †မှတ်ယူ ပိုင်းခြား၊ ဆိုးစကားတိုင်း၊ ရထား မင်းစီး၊ ရွှေလှည်းဘီး၏့၊ ညီးညီး ရောင်တောက်၊ ရွှေကန့်ထောက်ကို၊ မချောက် မ†ချား၊ ထိန်းသော့အားဖြင့်၊ အ†ခြား မထင်၊ ဝန်းကျင် ဘွဲ့ဆိုင်း၊ ဝိုင်း၍့ စေ့စပ်၊ ရွှေအကွပ်နှင့်၊ နှိုင်းအပ်တုံဘိ၊ ပဝတ္တိကြောင့်၊ နိမိကုမာ၊ ရွှေနန်း*လျာဟု၊ လူ့ရွာ နတ်မြေ၊ ထင်ရှားစေအောင်၊ *နှုတ်ရွေမင်္ဂလာ၊ မိန့် သြဘာဖြင့်၊ သညာ ပျံ့မွှေး၊ မည်တော်ပေး၏၊ ရွှေသွေး ဆင်းဝါ၊ ကြီးပညာနှင့်၊ သမ္ဘာ ဖွံ့ထွား၊ လောင်းမင်းသားလည်း၊ တရား မခွ၊ ငယ်စဉ်ကပင်၊ ဒါန သီ†လ၊ အဋ္ဌင်္ဂကို၊ လုံ့†လ မွေ့လျော်၊ ရွှေစိတ်ပျော်၍့၊ ဘုန်းတော် တန်းခိုး၊ ရွေ့ရွေ့ တိုးသည်။။ လူမျိုး ကြည်ညို ညွတ်ကိုင်းတည်း။ (၆)

(၅၀၃) လူမျိုး ကြည်ညို၊ လောင်းမင်းပျိုလည်း၊ ရွှေကိုယ် နုနယ်၊ မင်းသားရွယ်ဖြင့်၊ စလွယ် ရွှေစစ်၊ ဆဲ့နှစ် ဆဲ့ငါး၊ ဆင် ပျော်ပါး၍့၊ ကစား မြူးယစ်၊ ရွှေဦးသစ်သို့၊ ရှစ်သောင့်းလေးထောင်၊ စံပြီး နောင်မှ၊ ဘုန်းရောင် *ကွန့်ဖြာ၊ ဥပရာဟု၊ နန်း*လျာ အစစ်၊ *အိမ်ရှေ့ဖြစ်လည်း၊ ရှစ်သောင့်းလေးထောင်၊ လွန်အောင် နှစ်ပေါင်း၊ ကြာခဲ့ရှောင်းပြီး၊ ရှစ်သောင်းကျော်ဆောင်၊ မင်းမျာ့း နောင်တွင်၊ *ရွှေတောင် *ဖြိုးမောက်၊ ရွှေ*ကွန်း†ပြောက်ထက်၊ မ†ပျောက် မင်းကျင့်၊ စိုးစံတင့်လျက်၊ ပယ်လွှင့် ရန်မျိုး၊ ဘုန်းရှိန်မိုးသား၊ တန်းခိုး ဝှန်†ခြောင်း၊ ဘ,မင်းကောင်းလျှင်၊ တ†ချောင်း ဆံဖြူ၊ မြင်တော်မူ၍့၊ အယူ မပျက်၊ ရွှေနန်းထက်က၊ တောထွက်သမှု၊ ရဟန်းပြုသော်၊ ကြီးထု ရိပ်ငြိမ်၊ နန်းရွှေအိမ်နှင့်၊ စည်းစိမ် နတ်စစ်၊ မင်းလျှင်ဖြစ်၍့၊ အနှစ် ရှည်ဝေး၊ လွန်လေ ရှေးက၊ ရှစ် လေးထောင် †မြှောက်၊ အာဒိ†မြောက်သား၊ ဘုန်းတောက် မင်းကျော်၊ ရွှေနန်းပျော်သည့်၊ ဘေးတော် မဃ၊ လောင်းဒေဝထက်၊ နှစ်ဆ ဂုဏ်သာ၊ များစွာ ဆက်ဆက်၊ မင်းတို့ထက်ကား၊ မရေတွက်ကောင်း၊ ဂုဏ်ပေါင်း အ†များ၊ လွန်*မြောက်†မြား၏၊ တံခါး လေးသွယ်၊ မြို့လယ် ချက်မ၊ ငါးဌာနနှိုက်၊ ဧရာ့မဏ္ဍပ်၊ ရွှေထွတ်တပ်၍့၊ ရပ်ရှစ်မျက်နှာ၊ လူ*တကာအား၊ လိုရာ လိုရာ၊ စား အစာနှင့်၊ ရတနာ ခုနစ်မျိုး၊ *ရှောက်ရွာမိုးလျှင်၊ သွန်ကြိုး သည်းစွာ၊ ဖြိုးဖြိုး ရွာသို့၊ ရောက်လာသရွေ့၊ မကျန်စေ့အောင်၊ စွန့်လေ့ ခန့်ကျိန်း၊ ဂဏာန်းကိန်းသည်။။ ငါးသိန်း သပြာ၊ နေ့တိုင်းတည်း။ (၇)

(၅၀၄) ဗောဓိဉာဏ်ခိုင်၊ တပင်တိုင်ဖြင့်၊ လက်ကိုင် မလွဲး၊ အာဂုံ မြဲးလျက်၊ ရဲးရဲး ထွန်း*စည့်၊ ရွှမ်းရွှမ်းပြည့်သည့်၊ ရွမ်းမှည့် သမ္ဘာ၊ လောင်းရာဇာကား၊ ဒယာ မေတ္တာ၊ ကရုဏာဖြင့်၊ သတ္တဝါအများ၊ ပြည်သူ့အားလျှင်၊ ယူမှား သန့်ရှင်း၊ ပါယ်ရွာ ကင်း၍့၊ အဆင်း စသည်၊ ငါးမည် အာရုံ၊ ပြည့်စုံ အချိ၊ ပျော်ဘွယ် ယှိသား၊ ဟရိ ဟရာ၊ ဗြဟ္မာမည်ငြား၊ နတ်သုံးပါးတို့၊ ပျော်ပါး စံကြ၊ တိဒိဝဟု၊ သဂ္ဂလောကာ၊ ဝတိံ†သာဝယ်၊ ချမ်း†သာ တုကင်း၊ ရံရွေသင်းနှင့်၊ ကြီးမင်း ရိပ်ငြိမ်၊ နတ်စည်းစိမ်နှိုက်၊ မွေ့သိမ် နောင်လာ၊ စံစိမ့်ငှာလျှင်၊ သာယာ နှုတ်ချို၊ ဆုံးမ ဆို၏၊ ထိုထိုဌာန၊ ဒေသ ရပ်ရွာ၊ ရှစ်မျက်နှာက၊ သွား-လာ *ပုံယင်၊ များ လူ-ရှင်တို့၊ ခိုဝင် နေ-နား၊ သုံးစား ချို-ချဉ်၊ ဥယျာဉ်ရိပ်ကြီး၊ *ကြောင်းပါးနီးဝယ်၊ သစ်သီးအရာမ်၊ ပန်းအရာမ်နှင့်၊ တင့်စံ သာမော၊ သီး-ပွင့်တောကို၊ မနော ရွှင်ဖြိုး၊ သဒ္ဓါ နှိုး၍့၊ စိုက်ပျိုးကုန်မင်း၊ ပေါ့မပျင်းလင့်၊ သွားခင်း လာတာ၊ သာယာ လမ်းပန်း၊ ဘို့-ညှိဖျန်းလျက်၊ *စောင်းရန်း လုလင်၊ မစင် ညစ်ကြေး၊ ရွှံ့-ညွန်စေးကို၊ ပယ်ဝေး သန့်ရှင်း၊ သုတ်သင် လျှင်းလော့၊ ရေတွင်း ရေကန်၊ သောက်ရန် လမ်းတွင်၊ ရေအိုးစင်က၊ ထို့ပြင် တခြား၊ *တံတား မဏ္ဍပ်၊ စရပ် တန်ဆောင်း၊ ကျောင်း အာဝါသာ၊ ကိန်းဝပ်ရာတည့်၊ သဒါ ဝဎ္ဍန၊ ထာဝရဟု၊ ပုညခေါ်ရိုး၊ ကုသိုလ်မျိုးလည်း၊ အားကြိုးကြရာ၊ ဝေးရပ်ရွာက၊ ရောက်လာ ဧည့်သည်၊ အတည်တည်နှင့်၊ မထေရ် ရဟန်း၊ သင်္ကန်း ခြုံဝတ်၊ သူမြတ်တို့ကို၊ ခရီး *ဆို၍့၊ ဆီးကြို ဆောင်-ပင့်၊ အသင့် ဌာန၊ နေရာ ချလျက်၊ ဖြဖြ ညီညွတ်၊ ပြုဝတ် ပျူငှာ၊ မြဲး မကွာသည်။။ လိမ္မာ ကိုယ်ဘို့ မရိုင်းတည်း။ (၈)

(၅၀၅) “လိမ္မာအလို၊ ကိုယ်ဘို့ကိုတိ၊ ကုသိုလ်အမျိုး၊ နောင်အ†ကျိုးဟု၊ အား†ကြိုးအပ်စွာ၊ မပျင်း+ရာဘူး၊ ဓမ္မိ+ယာလဒ္ဓ၊ ပစ္စယဖြင့်၊ အန္န ပါန၊ စသည် ရေ-စာ၊ ရခဲးရာသား၊ ချိန်ခါ ကာလ၊ ရပ်ဒေသနှိုက်၊ အဂ္ဂ ပရမတ်၊ ပုဂ္ဂိုလ်မြတ်အား၊ စွန့်*လွှတ် သဒ္ဓါ၊ လှူရပါသော်၊ ဝမ်းသာ သောမနသ်၊ ဖြစ်တုံလတ်၍့၊ ဥက္ကဌ် ဖလ၊ ကျိုးထူး ရ၏၊” “အပ္ပဝတ္ထု၊ မရှုတို့†ရာ၊ နည်းမျှသာလည်း၊ တ†ယာ ကွမ်း-ဆေး၊ ရေဧး တခွက်၊ ဆီ တစက်နှင့်၊ လဘက် တရိုး၊ ကြံ တချိုးမျှ၊ မြတ်နိုး ကြည်ဖြူ၊ ဒါသဟူသည်၊ အလှူ ကောင်းမှု၊ ရရာ ပြုလော့၊”*လှုလှု ရွှင်လန်း၊ ဆွမ်း-ပန်း ဘောဇဉ်၊ ချို-ချဉ် ထူးကွဲး၊ *စမဲး ဟင်းလျာ၊ ယမကာ အဖျော်၊ တရော် ဖက်သက်၊ သရက် တလုံး၊ ပန်းကုံး တခွေ၊ မလွတ်စေနှင့်၊” “သပြေ နှရွဲး၊ ပိန္နဲး သစ်သီး၊ ဆေးမျိုးပြီးသား၊ ချင်းဖီး ငရုတ်၊ တိကဋုက်တိ၊ လက်ထုတ် ကရ†ဝေး၊ ဘယဆေးပါ၊ တောင်†ဝှေး လက်ကိုင်၊ တတိုင် ဖယောင်း၊ နံ့သာ+ပျောင်းက၊ လူး+ပြောင်းနှင့် ဆပ်၊ ပိစပ် ပဲးမျိုး၊ အင်အိုး အိမ်ဗူး၊ မီးမယ်†ဖျူးနှင့်၊ သင်†ဖြူး သင်+ဖျာ၊ အဖြာ+ဖြာတည့်၊ အာဝါသထ၊ ချမ်းမြ ရိပ်ကြည်၊ ဧည့်သည် တင်ကုပ်၊ ဆောက်လုပ်သော့အား၊ ပြင်ထား နေ့စပ်၊ ကွမ်းကလပ်နှင့်၊ ကွမ်းကပ် ကွမ်းသို၊ ရေချို ရေဧး၊ ရေနွေး ရေကျက်၊ သောက်ခွက် *ကျည်-တဲး၊ တင့်ကဲး ရောင်လျှံ၊ ထွေးခံ *ပြတို့၊ အစို့စို့လည်း၊ မချို့စေမှု၊ ဝတ်တည်ပြုလော့၊” “ဝတ္ထု နည်း-များ၊ မဟူငြားနှင့်၊ *ဒေါမား *ဘောင်းကန်၊ *ဖျဉ်းအိုးတန်ကို၊ ဘွင့်လှန်ထားမြောက်၊ ဆီးရေပေါက်သို့၊ ကျရောက်များကာ၊ ပြည့်တတ်စွာ၏၊”တဖြာ ထိုမှ၊ “မနုဿဟု၊ ဘဝ အိမ်ထောင်၊ လူတို့ဘောင်တွင်၊ ညောင်ဗုဒ္ဓဟေ၊ စိုက်လေ တမာ၊ တပင်သာနှင့်၊ မွှေးစွာ ပျံ့ရှား၊ စကားနှစ်ပင်၊ ထို့ပြင် ကံ့ကော်၊ စိုက်သော် မခွ၊ သုံးပင်မျှရှင့်၊ ထိုမှ တချက်၊ သရက် ပဉ္စ၊ သတ္တ ဥ†သျှစ်၊ ထန်း-ပေ †ရှစ်တည့်၊ စင်စစ် မှန်လှ၊ †ဤရွေ့မျှဖြင့်၊ စိုက်ရသသူ၊ ထိုသည့်လူကား၊ နောက်မူ အမြဲး၊ ဘဝ လွဲးသော်၊ ငရဲး မုချ၊ မကျနိုင်ရာ၊ မချွတ်စွာဟု၊ ကျမ်းလာ အမှန်၊ ဟောပြညွှန်သည်။။ ပူရာဏ်ဇောတိ သံပိုင်းတည်း။”(၉)

(၅၀၆) ရှေးခါ ကတိ၊ ကဿပမြတ်စွာ၊ သာသနာဝယ်၊ သင်္ဃာတပါး၊ ထေရ် ဘုရားကို၊ ပိုင်းခြား မှတ်ရည်၊ တထည် သင်္ကန်း၊ လှူဒါန်းခဲ့ရ၊ မိမယ်လှနှင့်၊ ထိုမှ ရောင်ညီး၊ သဖန်းသီးမှည့်၊ အင်ပြည့် နှစ်သက်၊ ကြံရွက် တထမ်း၊ နို့ဓမ်း တမြူ၊ ကပ်လှူရစွာ၊ စေတီသာဝယ်၊ ဂန္ဓာထုံလှောင်း၊ နံ့သာပျောင်းကို၊ ငါးချောင်း လက်ျာ၊ ရိုက်ကာ ပူဇော်၊ ရှစ်ဘော် မယုတ်၊ ဥပုသ် စောင့်သီး၊ နေနီး ချိန်ခါ၊ ကြွလာ ရောက်ငြား၊ ရှင်တပါးအား၊ စိတ်ထား ရွှင်လန်း၊ ဆွမ်းပန်း လှူထ၊ ယောက္ခမအိမ့်ရှင်၊ မိမိလင်ကို၊ ဦးတင် မြတ်လေး၊ လုပ်ကျွေး တုပ်ကွ၊ သူ့ကျွန်မလျက်၊ ဒါန ချို့-ယုတ်၊ ကိုယ်နှုတ် နှလုံး၊ စောင့်သုံး သိမ်မွေ့၊ အိမ်ရှေ့ တရံ၊ ဆွမ်းခံ ကြွသွား၊ အရှင့်အားလျှင်၊ နွားနို့ဆွမ်းလှူ၊ နေပူကျဲး†ကျဲး၊ ရည်တင်လဲးကို၊ စွန့်†ကြဲး စာဂ၊ သောမနနှင့်၊ ကပ်ရတုံရှောင်း၊ တချောင်း ကြံပင်၊ ထို့ပြင် တုံပြီး၊ တည်သီး မှည့်ရွှန်း၊ သင်္ကန်းဆိုးအပ်၊ တောက်ရပ် တစည်း၊ အနည်းမျှသာ၊ လွန်စွာ မများ၊ သခွါး ချိုမြက်၊ ဖက်သက် ချိုမွှန်း၊ နွယ်ငန်း ချိုမော၊ ရရာ သြဟု၊ သဘော ကြည်နူး၊ ကပ်လှူဖူးနှင့်၊ မယ်ဖျူး မီးဖို၊ ထိုပြီ တချက်၊ ဟင်းရွက် တမြှုပ်၊ ပန်း တဆုပ်မျှ၊ ပူချုပ်ရောဂါ၊ ထေရ်မြတ်စွာအား၊ ပဒုမ္မာကြာစွယ်၊ တစည်းငယ်ဖြင့်၊ အကယ် လှူခြင်း၊ ခံတွင်း နှုတ်သာ၊ တမာ တခက်၊ တခွက် ဟင်းချို၊ ကြည်ညို ရွှင်နှစ်၊ လုပ် ပြေ†ပြစ်သား၊ နှမ်း†ပျစ် ကြိုင်သင်း၊ ကောင်းညှင်းပေါင်းဟူ၊ တမူ တင့်ဆန်း၊ သက်တင်ရန်းသို့၊ ခါးဗန်းကြိုးသွယ်၊ ရုံသွယ် တသီး၊ ချွေးနှီး အံသကိုဋ်၊ ကိုယ်နှိုက် ဘွဲ့နှောင်၊ သွယ်မြောင် ရှည်မျော၊ အာယောဂပတ်၊ တာလပတ်နှင့်၊ ခပ်သည့် ယင်ယပ်၊ ဒေါင်းမြီးယပ်က၊ ဘိနပ် ထီးပါ၊ ရသာအ†ကျော်၊ ကြိုင်သင်းလှော်သား၊ မုံ့†ကြော် မုံ့ပေါင်း၊ ချိုတောင်း သကာ၊ နည်းမျှသာလည်း၊ ရရာ ရရာ၊ တန်ရုံသာမျှ၊ စေတနာ လွန်ကြီး၊ ကုသိုလ် *ဖြီး၍့၊ နတ်သမီးစစ်၊ ဖြစ်ကြ မိုး†ယံ၊ သိကြာ့းထံဝယ်၊ ခြံ†ရံ ရှေ့-နောက်၊ သုံးကျိပ်မြောက်သည့်၊ တယောက် တထောင်၊ ခြွေရွေ ဆောင်လျက်၊ ခုတောင် စံယှိ၊ ကိုယ်တိုင် သိ၍့၊ ဂုတ္တိဆရာ၊ နတ်တို့ရွာက၊ ပြန်လာ ဟောထား၊ ထင်ရှား ဌုပ္ပတ်၊ ထိုသည့်ဇာတ်ကို၊ ယူမှတ် အထူး၊ မကြားဘူးလော့၊ ကျေးဇူး လွန်*ဖြိုး၊ ကုသိုလ်မျိုးသည်။။ ထက်မိုး နတ်ရွာ ပြည့်လှိုင်းတည်း။ (၁၀)

(၅၀၇) “ယေ ဂဟဋ္ဌာ၊ ပုညကရာ၊ အစဖြာသား၊ ဂါထာအရ၊ သင်္ကန်း စသည်၊ ဒါနကောင်းမှု၊ လှူဝတ္ထုကို၊ ပေးပြု တဖြာ၊ သရဏာဂုံ၊ မြတ်သုံးစုံကို၊ ထုံသည် တဝ၊ ပဉ္စ အဋ္ဌ၊ ဒသင်္ဂဟု၊ နိစ္စ ဒိဝသ၊ နိယမဖြင့်၊ သီလစောင့်ခြင်း၊ မကင်း တပါး၊ တရားညီစွာ၊ ဓမ္မိ†ယာဖြင့်၊ အိမ်†ရာထောင်ငြား၊ သားမယားမှု၊ မွေးပြု ဖြောင့်မှန်၊ ဤလေးတန်နှင့်၊ ဘောက်ပြန်မသွေ၊ လူ့ဘုံနေကို၊ မဟေသက္က၊ ဒေဝထွတ်ဖျား၊ သိကြားနတ်ကျော်၊ မြင်းမိုရ်ပေါ်က၊ *ကော်ရော် ဦးခိုက်၊ ပူဇော်ထိုက်ဟု၊ ကျမ်းနှိုက် ထင်ရှား၊ ဟောမိန့်ထား၏၊”တပါး လှူမျှ၊ ဝိသေသတည့်၊ “အန္နဒါန၊ ဟာရကြည်ဖြူ၊ ဆွမ်းအလှူဖြင့်၊ သက်ထို အာယု၊ မန္ဓာတုသို့၊ ရှည်မှု *လွှံ့ပေါ်၊ သက်တမ်း ကျော်၏၊”တဘော် ဆင်မြန်း၊ “ဝတ်သင်္ကန်းကို၊ လှူဒါန်းသည့်သူ၊ အဆင်း†လှူတည့်၊ နတ်†လူတို့ဘောင်၊ ဖြစ်တိုင်း နောင်ဝယ်၊ အခေါင် ဦးစွန်း၊ ကိုယ်ရောင် ထွန်း၍့၊ *တုကျွန်း လွတ်ကွာ၊ မယ်ဥမ္မာနှင့်၊ ပဘာဝတီ၊ နတ်*တပြီသို့၊ အညီ *နှိုင်းရှိ၊ လှခေါင်ထိလိမ့်၊” “ဆီမီ့းအလှူ၊ မျက်စိဟူရှင့်၊ ယာဉ်မူ လှူသီး၊ ချမ်းသာ ကြီး၏၊ ခိုမှီး အာဝါ၊ သာယာ ရိမ်ချမ်း၊ ကျောင်း*သ†င်္ခမ်းကား၊ ဆုံး†ကမ်း မယှိ၊ ကြီးဘိ ကျိုးရပ်၊ နိဗ္ဗာန်ခပ်အောင်၊ မဟပ္ဖလံ၊ *ရှပ်ရဗံတည့်၊ *နက်တံ သာရ၊ နုသာသဖြင့်၊ ဓမ္မတရား၊ သူတပါးအား၊ ဟောကြား ပြသ၊ ဆုံးမတတ်သူ၊ အမြိုက်ဟူသည်၊ အလှူ မျာ့းမင်း၊ အခေါင် ချင်းဟု၊ ကျမ်းရင်း ဓမ္မစက်၊ မိန့်တော် ထွက်သည်။။ တုဘက်မစံ၊ မခိုင်းတည်း။ (၁၁)

(၅၀၈) “လူ့ရွာနှိုက်ပေ၊ သက် မသေခင်၊ အမွေ ယာ-လယ်၊ ချ ကြွေးဆယ်နှင့်၊ ရောင်း-ဝယ် ရင်းနှီး၊ လွန် ပွားစီးအောင်၊ ရှာမှီးသမှု၊ လုံ့လပြု၍့၊ ရစု ဆောင်သယ်၊ ခြသဖွယ်သို့၊ *တိုက်စယ် *ကျီကြ၊ *ပုတ်ကတ် စသား၊ ထိုမျှ *ခပင်း၊ သိမ်းဆည်းခြင်းဖြင့်၊ မြေတွင်း မြှုပ်†ထွေ၊ တခဲး†တွေလျက်၊ ကုဋေ ကုဋာ၊ ရတနာလျင်၊ ဥစ္စာ*အကျိ၊ များစွာယှိလည်း၊ ယှိလှည့်စေကာ၊ *ကြမ္မာတရား၊ ကံကို ထား၍့၊ လက်ဝါး ဖွေးဖွေး၊ အမွေး မကပ်၊ မစပ် ကိုယ်မှာ၊ ရွေးသ†ပြာနှင့်၊ ခပ်†ပြာ ဆပ်ပြာ၊ စဖို†ပြာမျှ၊ သေခါ မပါ၊ လက်ချည်းသာတည့်၊” “သံသရာခရီး၊ ကိုယ် ထီးထီးဖြင့်၊ ခါးဆီး ကိုယ်ဝတ်၊ ချွတ်၍့ ယူကာ၊ ထည့်တုံပါလည်း၊ မပါသွားရ၊ အပါယ်ကျ၍့၊ ဘဝ ယုတ်မာ၊ ဆင်းရဲးစွာလိမ့်၊” “လှူဒါ သီ†လ၊ ကိုယ်နှင့် မျှအောင်၊ လုံ့†လ မယုတ်၊ *အားသွန်ထုတ်ဟု၊ အဟုတ် နောင်လာ၊ ခန္ဓာကိုယ်ဟောင်း၊ ဘဝပြောင်းသော်၊ သောင်းသောင်း ဝန်းအုံ၊ လူ-နတ်ဘုံဝယ်၊ အာရုံ ငါးဖြာ၊ များပဏ္ဏာနှင့်၊ ခံကာ ဆီးကြို၊ ရှေးက *ဆိုသို့၊ ကုသိုလ်အကျိုး၊ ဆွေမျိုးကောင်းမည်၊ စွဲးမှတ်တည်ဟု၊ သာကြည် ရွှေနှုတ်၊ *သွင်းမှုတ် နား-ပါး၊ လောင်းမင်းဖျားလျှင်၊ တရားဓမ္မ၊ နေ့-ည အစဉ်၊ ဟောပြ ယှဉ်၍့၊ *ပိုက်ယဉ် နယ၊ သြဝါဒဖြင့်၊ ဆုံးမ မပျင်း၊ ဆင်ရိုင်း သွင်းသို့၊ *ယိုင်းပင်း ဆော်ညွှန်း၊ တိုက်တွန်း မိန့်ဆို၊ မကြည်ညိုလည်း၊ ကြည်ညိုစေမှု၊ မပြုလိုအား၊ ပြုစေ†ငြားလျက်၊ ခံ့†ညား လိုက်+နာ၊ လိုဘော်ပါအောင်၊ အာ+ဏာ ဓမ္မစက်၊ နှစ်ပါး ဘက်ပြီး၊ ရွှေလက်တော်ငင်၊ ဆွဲကာတင်သို့၊ အရှင် တဝ၊ မိ,ဘ တဖြာ၊ ဆရာ တမျိုး၊ ပြည်သူ့†ကျိုးကို၊ အား†ကြိုး ကြည်ဖြူ၊ ဆောင်တော်မူ၍့၊ ဇမ္ဗူ ပတ်ကုံး၊ သောင်းရပ် ဆုံးတိ၊ ကျွန်းလုံး မကြွင်း၊ အာဏာ ချင်းလျက်၊ ရာစင်း *ဦးကိုင်၊ ထွတ်ဖူးတိုင်သည်။။ မဏ္ဍိုင် ဥက္ကဌ် *ဓိမိုင်းတည်း။”(၁၂)

(၅၀၉) ဥက္ကဌ် မဏ္ဍိုင်၊ ထွတ်ဖူးတိုင်လျက်၊ *ဦးကိုင် ရာစင်း၊ ပြည်ပြည်မင်းတို့၊ မာန်တင်းမစောင်၊ ဘုန်းတော် အောင်၍့၊ လက်ဆောင် ရတ†နာ၊ သက်ပ†ဏ္ဏာနှင့်၊ ကညာ ဆင်-မြင်း၊ ထံတော်ရင်းနှိုက်၊ နှံသွင်း မပျက်၊ ရွှေပန်း ဆက်ပြီး၊ ရွှေစက်တော်စုံ၊ ခ, ခိုလှုံ၏၊ စိုးခြုံ သိမ်းပိုက်၊ ပြည်ထောင်တိုက်အား၊ အမြိုက်ဒေသနာ၊ မိန့် သြဝါဖြင့်၊ နတ်ရွာ ရောက်ဘို့၊ အကြောင်းတို့သာ၊ ကုသိုလ့်အရေး၊ ဆုံးမပေး၍့၊ ချမ်းအေး ကြည်လင်၊ လှူသဘင်နှင့်၊ ပျော်ရွှင် စံစား၊ လောင်းမင်းဖျားလည်း၊ လေးပါး ဗြဟ္မစိုရ်၊ မြတ်အလိုဖြင့်၊ သင်္ဂြီုဟ် လေးဆင့်၊ မင်းကျင့် ဆယ်မျိုး၊ တရား†ရိုးကို၊ *ယိုး†ယိုး ယံ+ယံ၊ အသက် နှံ၍့၊ တ+ရံ မပြတ်၊ မချွတ် ဘယ်ခါ၊ ကျန်ရာ မယှိ၊ ကျင့်နိုင်ဘိကြောင့်၊ ဓမ္မိကနှင့်၊ ဓမ္မရာဇာ၊ မင်းမြတ်စွာဟု၊ ကြေညာသမိုက်၊ တသောင်း*တိုက်က၊ မကိုဋ်ရတနာ၊ မင်း*တကာနှင့်၊ လေးဖြာ နွယ်မျိုး၊ ရိုညွတ်ကျိုးလျက်၊ ကွယ်ကိုး လေးမြတ်၊ နတ်နှယ် †မှတ်သည်။။ မှူး†မတ် ခြွေရံ *သဇိုင်းတည်း။ (၁၃)

(၅၁၀) တလအတွင်း၊ ရှစ် *သီတင်းဟု၊ မကင်းခေါ်လေ့၊ ဥပုသ်နေ့တိုင်း၊ မမေ့ ကြွေးကျော်၊ ရွှေစည်တော်နှင့်၊ ပြည်ပေါ်အဝန်း၊ ဆော် တိုက်တွန်းလျက်၊ မယွန်း စဉ်လာ၊ ထိုနေ့ခါတွင်၊ အင်္ဂါ ရှစ်ပါး၊ သီလအားဖြင့်၊ ပိုင်းခြား အဟုတ်၊ ဥပုသ် မယူ၊ ထိုသည့်လူအား၊ မည်သူမဆို၊ တံခါးဗိုလ်က၊ မင်းကို မပြ၊ မဝင်ရအောင်၊ ပြင်က နေစေ၊ တားမြစ်လေ၏၊ ရှစ်ထွေ ဥပုသ်၊ မယုတ် ကြည်ဖြူ၊ စောင့်ယူကုန်ငြား၊ သူတို့အားသာ၊ တံခါး *ဥဒဲး၊ ဘွင့်မြဲး ဘွင့်ထ၊ မင်းကို ပြ၏၊ ဒေသအလိုက်၊ ရိုင်းစရိုက်တိ၊ ဇနပုဒ် တောသား၊ ခေါင်းပါး စာ-ရေ၊ အခြေ မယှိ၊ ဒုက္ခိ ဒုက္ခ၊ မလှ ကိုယ်-စိတ်၊ *ကြမ္မာဟိတ်နှင့်၊ *ဒလိဒ္ဒလာ၊ *ကပဏာဟု၊ ကောင်းစာ ကောင်း†ကြန်၊ ဘုန်း မသန်သည့်၊ *ထီး†ကျန်လူစား၊ ဖြစ်တုံငြားလည်း၊ တို့ကား ခုဝယ်၊ မ*ကုံကယ်၍့၊ ဝတ်ဘွယ် စားရာ၊ မယှိပါဟု၊ ဘယ်ခါကိုမျှ၊ မဆိုရတည့်၊ လေးဝ တံခါး၊ ထင်ရှား ဝန်းကျင်၊ မင်းရင်ပြင်နှင့်၊ ငါးခွင်ရပ်နှိုက်၊ မဏ္ဍပ်တော်တွင်း၊ ထမင်း ဟင်းက၊ မကြွင်း စုံလင်၊ ကောင်းစွာ ပြင်၍့၊ ဆင်ယင်စရာ၊ တန်ဆာ ဝတ်စား၊ အသင့် ထား၏၊ ပျံ့ရှား ဂန္ဓာ၊ နံ့သာ မွှေးမျိုး၊ *စရည်းအိုးက၊ *ဖျဉ်းအိုး *ဒေါမား၊ ဖလား *သန္ဓေး၊ ဓား ကတ်†ကျေးဖြင့်၊ ညစ်†ကြေး ပယ်ငှာ၊ နှုတ် *ပျူဟာနှင့်၊ ဆေတ္တာသမား၊ ခေါ်လင့် †ကြား၏၊ ယော†က်ျား မိန်းမ၊ ပုရွ ပျို-အို၊ ထိုထို နွယ်ရိုး၊ အမျိုးမျိုးတို့၊ ရေချိုး သုတ်သင်၊ တန်းဆာဆင်လျက်၊ မွှေးမျှင် မုစ္ဆိတ်၊ ပယ်ရိတ် သန့်ရှင်း၊ စားသောက် လျှင်းပြီး၊ *သီတင်း ရှစ်ဖြာ၊ ဆောက်တည်ကာလျှင်၊ လိုရာ မကြွင်း၊ လှည့်လည်ခြင်းဖြင့်၊ နန်းတွင်း နန်းပြင်၊ ရှေ့တော်ဝင်၍့၊ ဖူးမြင်လွယ်ကူ၊ ဆုတော် ယူသည်။။ ဗိုလ်လူ ထိုမျှ၊ တဂိုဏ်းတည်း။ (၁၄)

(၅၁၁) ဤသို့ ဒါန၊ သီလဟူငြား၊ ဂုဏ် နှစ်ပါးဖြင့်၊ ရှေးဖျားလွန်ထ၊ မင်းထိုမျှထက်၊ ဆဆ လွန်သာ၊ လောင်းရာဇာကား၊ ကရုဏာဉာဏ်တော်၊ မြော်ခေါ် အားလှိုင်း၊ လူအ†ရိုင်းကို၊ *ယိုင်း†ယိုင်း ပင်းပင်း၊ *ပိုက်ဖြားခြင်းဖြင့်၊ သံညင်း နှုတ်တော်၊ အလုပ် ဘော်၍့၊ ဆော်လှော် တိုက်တွန်း၊ မပြတ် ညွှန်း၏၊ တဝန်း အောင်ချာ၊ မိထိလာနှိုက်၊ များစွာ *ဗိုလ်လူ၊ ရွှေပြည်သူလည်း၊ မပူ မညှိုး၊ ရေ*ခမိုးသို့၊ ကောင်းကျိုး ရှာရှာ၊ ကောင်းရာ ကျင့်-ပြု၊ နတ်ရွာဆုနှင့်၊ ကောင်းမှု လိုလို၊ *ဥဒါဟိုတိ၊ ကုသိုလ် မဆိတ်၊ ကိုယ်-စိတ် သုခ၊ ချမ်းမြေ့ကြလျက်၊ ဒါန သီလ၊ အဋ္ဌင်္ဂကို၊ လုံ့လ ကြည်ဖြူ၊ အားထုတ်မူ၍့၊ အယူ အမှား၊ ဘဝ လားသော်၊ ထက်ဖျား နတ်ရွာ၊ ဝတိံသာနှိုက်၊ ဣန္ဒာ*သနင်း၊ နတ်မျာ့းမင်း၏့၊ ထံရင်းအနီး၊ ဝင်းဝင်း ညီးဖြင့်၊ နတ်သမီး နတ်သား၊ ဖြစ်ကြငြား၍့၊ ကြီးမား ရိပ်ငြိမ်၊ ဤစည်းစိမ်ကို၊ မွေ့သိမ် ငါတို့၊ နှစ်လို့ ရွှင်ကြည်၊ စံရသည်ကား၊ လူ့ပြည် သာယာ၊ မိထိလာဝယ်၊ နတ်ရွာ ကယ်တင်၊ ညွှန် ပဲ့ပြင်လျက်၊ *သွန်သင် *ပိုက်†ဖြား၊ ကျင့် ဆယ်ပါးနှင့်၊ မင်း†ဖျား ဘုန်းမော်၊ တရား ပျော်သည့်၊ လောင်းတော် ဗောဓိ၊ သိရီ့ပဝရ၊ ငါ့တို့ဘကြောင့်၊ မုချမသွေ၊ စံရပေဟု၊ *သံခြေ သံ†ညင်း၊ နှုတ်ပြိုင် †ငြင်းသို့၊ ကောင်းတင်း ကောင်းသံ၊ မိုးလုံး ညံအောင်၊ မိုးယံ နတ်ရပ်၊ နှံ့စပ် အုတ်အော်၊ သတင်း ကျော်လျက်၊ မြေပေါ် တသောင်း၊ လူအပေါင်းလည်း၊ ဆိုး-ကောင်း စုရာ၊ လောင်းမြတ်စွာအား၊ အံ့အာ မ*ကုံ၊ ကျေးဇူးပုံကို၊ ကြည်ယုံ ရွှင်†ပျော၊ စိတ်မနောဖြင့်၊ မ†ပြော မနေ၊ ရသော့ထွေသို့၊ မသွေ မကွင်း၊ ပွဲးနှယ် ကျင်း၍့၊ လောင်းမင်း မြတ်စွာ၊ မဟာဓမ္မရာဇ်၊ နေမြစ် ဘုန်းပွင့်၊ ရန်မျိုး လွင့်သား၊ တို့ရှင့် လက်ရုံး၊ ဇမ္ဗူလုံးကို၊ သိမ်းကျုံးရုံနှင့်၊ ဘယ်ခြီး သင့်လိမ့်၊ *ယခင့် ရှေးသော်၊ ထိုခါရော်က၊ ဘေးတော် မန္ဓာတ်၊ လောင်းမြတ် သာဓိ၊ ဘုန်းယှိ *လွှံ့ကျော်၊ မင်း နှစ်ဘော်သို့၊ မိုးပေါ် သိကြား၊ နတ်ရထားနှင့်၊ လျင်လျား မကြာ၊ ပင့်ဆောင်လာလိမ့်၊ မှန်စွာ မယွင်း၊ မှတ်ကုန်မင်းဟု၊ ခံတွင်း မပိတ်၊ နှုတ် မဆိတ်အောင်၊ ထိတ်ထိတ် မွမ်းမျှ၊ ခြီးမွမ်းကြသည်။။ ပြောပ တစု၊ တဝိုင်းတည်း။ (၁၅)

('ဗျာဇဝဏ္ဏနာ အတ္ထာလင်္ကာရဝင်္ကဝုတ္တိ'ရှိသောပိုဒ်။)

(၅၁၂) တရံခါသော်၊ လောင်းမင်းကျော်လည်း၊ ဥပုသ်တော်ယူ၊ ကြည်ဖြူ နှစ်သက်၊ ရွှေနန်းထက်ဝယ်၊ နံနက်ကတည်း၊ ကိုယ်စောင့်စည်းလျက်၊ *ရထည်း ဖြူစင်၊ စမ္ပယ်တင်၍့၊ မဆင် တန်းဆာ၊ နေ့လုံး ခွါမှ၊ ညဉ့်ခါမသွေ၊ ရောက်ပြန်လေသော်၊ ကြက်သရေဆောင်၊ *ရဝေချောင်နှိုက်၊ ရွှေညောင် ညီးညီး၊ ထွန်း ဆီမီးနှင့်၊ *ပတီး ပိတ်ပါး၊ ခင်းထား သင့်လျော်၊ သလွန်ပေါ်တွင်၊ စက်တော် နှစ်†ယံ၊ ဘော်မ†ရံဘဲး၊ ပျော်စံ လုံးလုံး၊ မင်းတို့ထုံးဖြင့်၊ အဆုံးယာမ်ကျ၊ ပစ္ဆိမနှိုက်၊ ထ၍့လည်းစံ၊ ပဟိုရ်သံကို၊ နာခံ စဉ်တိ၊ ဆင်ခြင်မိ၏၊ မယှိ ဆုံးဆ၊ လှူဒါနနှင့်၊ ကာလ မယုတ်၊ ဥပုသ် ဗြဟ္မ၊ စရိယဟု၊ သီလတရား၊ ဤနှစ်ပါးတွင်၊ ငါ့အား မှန်စွာ၊ ဘယ် မြတ်ရာဟု၊ သင်္ကာမကင်း၊ ယှိတုံလျှင်းသော်၊ နတ်မင်း မာဃ၊ ဝါသဝလျှင်၊ ဌာနနေရာ၊ ဝတိံသာက၊ ကမ္ဗလာ မွေ့ညက်၊ မာတင်းချက်ကြောင့်၊ နတ်မျက်စိမြင်၊ ထိုခါပင်တည့်၊ ကိုယ်ထင်ပြကာ၊ သက်ဆင်းလာ၍့၊ ဒါနမည်ငြား၊ ထိုတရားထက်၊ ကြိုးစား *အားသံ၊ ကျင့် *ခြိုးခြံသည်၊ ဗြဟ္မစရိယ၊ ဤကိစ္စကို။။ လင်းပြ ထုတ်ဘော် *သမိုင်းတည်း။ (၁၆)

(၅၁၃) “ဗြဟ္မစရိယ၊ ဤကိစ္စကား၊ ဂါမ လေ့လာ၊ ညစ်ညူးစွာသား၊ ယုတ်မာ *ဖျင်းသုန်၊ ကာမ†ဂုဏ်ဟု၊ မေ†ထုန် ပျော်ခြင်း၊ ကြဉ် ကင်းရုံမျှ၊ ကျင့် ဟီနဖြင့်၊ ခတ္တိယဇာစ်၊ လူမင်း ဖြစ်၏၊ ပွားလစ် ပရိကံ၊ နိယံ မဆိတ်၊ နိမိတ် ပဋိဘာ၊ ထင်ရုံသာတိ၊ ဥပစာမျှ၊ မဇ္ဈိမဖြင့်၊ ဒေဝ နတ်စစ်၊ ဖြစ်၏့ အမှန်၊ စျာန် အပ္ပနာ၊ ရအောင်သာလျှင်၊ လွန်စွာ ကျင့်လတ်၊ အမြတ် စရိယ၊ ဥတ္တမကား၊ လောဘ အာသာ၊ ငတ်မွတ်စွာဖြင့်၊ တဏှာ တောင့်တ၊ ဆာ မဝသည့်၊ ကာမဒေဝ၊ ပေတမည်တုံ၊ နတ် ခြောက်ဘုံထက်၊ လုံးစုံ ကျော်ထ၊ ငါးကာမ၏့၊ ဟီနစာရ၊ ယုတ်မာစွသား၊ အာမဂန္ဓော်၊ နံ မစော်ဘဲး၊ မိုးပေါ် ထိပ်စွန်၊ ပြည်နိဗ္ဗာန်နှိုက်၊ အ*မွန် ဗြဟ္မာ၊ စင်ကြယ်စွာ၏၊”သေချာ မုချ၊ မှတ်အပ်စွာဟု၊ သီလဂုဏ်ပေါင်း၊ သာလွန်†ကြောင်းဖြင့်၊ ထိန်း†ကျောင်း ကိုယ်-နှုတ်၊ ကျင့်အား တုတ်လျက်၊ မယုတ် ဝသီ၊ စျာန် ယှဉ်မှီသား၊ ယောဂီ မုနေ့၊ ရသေ့ ဗြဟ္မ၊ စရိယနှင့်၊ ဒါနပတိ၊ လှူကျိုး သိသား၊ မိမိကိုယ်ပင်၊ သက်သေတင်၍့၊ ထင်ထင်*၄င်း၊ ရှေးအကြောင်းကို၊ ထုံးဟောင်း ထုတ်ဘော်၊ ကြားလတ်သော်မှ၊ မင်းကျော် သင်္ကာ၊ ရှင်းရှင်း ကွာလျက်၊ ဝမ်းသာ အားရ၊ ထိုက စ၍့၊ ဒါနမျှတည်း၊ ရွှင်*ကြည်း†ကြည်းဖြင့်၊ *ကျော့†ကျည်း ပျင်း-ပေါ့၊ လူသွမ်းသော့သို့၊ အားလျော့ စိတ်အီ၊ တန်လောက်ပြီဟု၊ သွေဖီ ဝမ်းထဲး၊ မ*ရောင့်ရဲးဘဲး၊ လွန်ကဲး ဗြဟ္မ၊ စရိယတိ၊ သီလ ဥပုသ်၊ *အားသွန်ထုတ်သည်။။ မယုတ် လစဉ် ရက်ပိုင်းတည်း။ (၁၇)

(ဤကား နေမိမင်းကြီး ရှေးဦးစွာ 'စရိယကိစ္စ'တည်း။)

(၅၁၄) မိုးနတ် မာဃ၊ ဝါသဝလည်း၊ ထိုက ပြန်မြောက်၊ နတ်ပြည် ရောက်က၊ ရှေ့-နောက် ဝဲး-ယာ၊ ဝေယန္တာဝယ်၊ သူဇာ ဓမ္မာ၊ နန္ဒာ စိတ္တ၊ စသည် ရံပတ်၊ ကြီး-ငယ်-လတ်တိ၊ နတ် မဟေသီ၊ နတ်ဒေဝီတို့၊ ရွေညီ သောင်း†ပြောင်း၊ ရိုညွတ်†ပျောင်း၍့၊ နတ်ဟောင်း နတ်သစ်၊ ထွေးရစ် ဝန်းအုံ၊ သောသောရုံလျက်၊ ရွှေဘုံ အယုဇ္ဈ၊ စိုးပိုင်သသည့်၊ သက္က မဟိန်၊ မြတ်ဒေဝိန်လျှင်၊ အချိန်မတော်၊ ဝတိံပေါ်က၊ ဘော်လှော် *မဲ့ဆန်း၊ ကိုယ်တော် မြန်း၍့၊ ဘယ်နန်း ပြည်နှိုက်၊ စိတ်တော် လိုက်ဖြင့်၊ ပျော်ပိုက် လိုရာ၊ ဘယ်သက်*လျာနှင့်၊ မေတ္တာ နှောင်†ချည်၊ ဘွဲ့ပြန်သည်ဟု၊ ရိပ်†ခြည် သွေးတို့၊ တင်ကြမျှို့သော်၊ မခို့သရို့၊ အလို့လို့ဖြင့်၊ ထင်ဘို့ယှိတိုင်း၊ အထင်လှိုင်းပြီး၊ ချင့်နှိုင်း မမျှော်၊ အထင် ချော်နှင့်၊ ကရော် *ကမည်၊ နှုတ်ပြယ်ပြည်၍့၊ ထွေလည် ဝိုးဝါး၊ စိတ် ယုံမှားလျက်၊ အများ မယ်တို့၊ မည်သို့ တွေးဆ၊ မထင်ကြလင့်၊ ဝိဒေဟရဌ်၊ တိုင်းမြတ် အောင်†ချာ၊ စိုးချုပ်†ခြာသည့်၊ မဟာဗောဓိ၊ နေမိ မင်းဖျား၊ မင်းတရား၏့၊ ယုံမှား *ဒွဟ၊ သံသယဖြင့်၊ ကြံဆသည့်တွက်၊ စည်ကြီး ကြက်သို့၊ မာခက် ပဏ္ဍု၊ သည်အမှုကြောင့်၊ ယခု ချက်ချင်း၊ ကိုယ်တိုင် ဆင်း၍့၊ ဖျောက်ရှင်း သင်္ကာ၊ ပြုအံ့ငှာလျှင်၊ လူ့ရွာ ရပ်မြေ၊ ကြွမြန်းလေဟု၊ ဒေဝိန္ဒရာဇ်၊ မိန့်တော် လှစ်က၊ ကြွေးဟစ် နတ်ပေါင်း၊ သာဓု *ညောင်းသည်။။ သောင်းသောင်း ပဲ့တင် ရိုက်အောင်တည်း။ (၁၈)

(၅၁၅) ပဲ့တင် ရိုက်နွဲး၊ သောင်းသောင်း သဲးဖြင့်၊ နတ်ပွဲး စည်ရာ၊ ဝတိံသာနှိုက်၊ ဒေဝါအများ၊ လောင်းမင်းဖျားကို၊ မျက်ဝါးထင်ထင်၊ ဖူးလိုချင်၍့၊ နတ်သျှင် ဣန္ဒာ၊ တို့ထွတ်ချာလျှင်၊ ဆရာလည်း ရ၊ မိဘ ရာတည်၊ မင်းလည်း မည်၍့၊ နတ်ပြည် ရပ်ခွင်၊ ပို့ပေး တင်သည့်၊ ဘုရင်*သနင်း၊ ထိုလူမင်းကို၊ ချက်ချင်း ဆောင်ယူ၊ ပင့်တော်မူဟု၊ မိုးသူ မိုးသား၊ မိုးသိကြားအား၊ လျှောက်ထား ညီ†ညာ၊ တင်ကြရာတွင်၊ ကြော်†ငြာ နှံ့သိ၊ မှု*ကုံချိသား၊ မာတလိနတ်၊ ယုံ ကျွန်မတ်ကို၊ စေလတ်သော့အား၊ ထိုနတ်သားလည်း၊ ရထား ဗိမာန်၊ ဝေဇယန်တွင်၊ ရောင်*ဝှန် ထိန်လျှမ်း၊ ကျောက်စုံ ပြွမ်းသား၊ ရင်လွှမ်း ကွန်ယက်၊ ဦးခက် တန်းဆာ၊ ဆန်းကြယ်စွာဖြင့်၊ ရတနာမျိုးခြယ်၊ ဆင်ပေါက်ငယ်မျှ၊ ရှုဘွယ် မရဲး၊ လွန် တင့်ကဲးလျက်၊ မစွဲး နှင်တံ၊ ဟိန်း မခံဘဲး၊ အသံဖြင့်သာ၊ လိုရာရာတိုင်း၊ မှန်စွာ ဆောင်တတ်၊ ဝလာနတ်တိ၊ မျိုးမြတ် တိမ်*ကွန်၊ စိတ်ထက် လွန်သည့်၊ လျင်မြန် *ဖြန်းတော၊ ထောင်သိန္ဓောကို၊ အ*ဆောတလျင်၊ က,ပြီးကျင်မှ၊ ကောင်းကင်ခရီး၊ ယာဉ်ပျံ စီး၍့၊ ညီးညီး ထိန်ရဲး၊ တိမ်ထဲး လှစ်ခွင်း၊ ထွက်ပြောင် ဝင်းသည်။။ နှစ်စင်း လ,၏့ အရောင်တည်း။ (၁၉)

(၅၁၆) နှစ်စင်း လရောင်၊ ပြိုင်ကျင်းဆောင်သို့၊ ပြောင်ပြောင် ဝင်းဝင်း၊ မိုးလုံး လင်းမျှ၊ နတ်မင်း *လုင်၊ ထောင်မြင်းရှင်လည်း၊ ကောင်းကင်ခရီး၊ ယာဉ်ပျံ စီး၍့၊ ကျွန်းကြီး လက်ျာ၊ ဇမ္ဗူညာဝယ်၊ ပုဏ္ဏမာသီ၊ တိထီ ရက်စေ့၊ ပြည့်သည့်နေ့နှိုက်၊ ချမ်းမြေ့ ကြည်လင်၊ နေမင်း ဝင်လျက်၊ ရှေ့ခွင် ဝိဒေ၊ *ဥဒည်းဗွေက၊ *ကျူငွေ အပ၊ မြကား အတွင်း၊ ဧးကြည်လင်းသား၊ လမင်း စန္ဒြ၊ ပြည့်ဝန်းပ၍့၊ တက်စ စွာစွာ၊ ည *ဆည်းဆာတွင်၊ မိထိလာပြည်သူ၊ မျိုး လေးဆူတို့၊ ကြည်ဖြူ ရွှင်မြူး၊ မေးခေါ် ထူးလျက်၊ အိမ်ဦး ဧည့်ခံ၊ မိုးရံ *ပလာ၊ ဆောင်လေသာနှင့်၊ မျက်နှာ ဆိုင်†ကြည်၊ ပျော်ကြတည်သား၊ အ†ကျည် ကြမ်းပြင်၊ ဆင်ဝင် ဝဲးလင်း၊ ပြူတင်း ပြူပေါက်၊ လေသောက် ခံ၍့၊ ချမ်းမြေ့ သာယာ၊ နေစဉ့်ခါတိ၊ ပြိုင်ကာ ယှဉ်မှီး၊ လနှင့် နီးအောင်၊ ညီးညီး ထွက်ကာ၊ ဆောင်ယူလာ၍့၊ လိမ္မာ *ကြေပွန်၊ ဉာဏ်ရည် *မွန်သည်၊ တမန် သာရထိ၊ မာတလိလျှင်၊ ခွင့်သိ မျှော်ဆ၊ နိရယနှင့်၊ ဒေဝလမ်းစဉ်၊ ပြခဲ့ ယှဉ်သော်၊ ဓမ္မ ဉ္စရ၊ လောက ထွတ်ချာ၊ မဟာဗောဓိ၊ နေမိ ဘုန်းတောက်၊ *စော*ရွှေမှောက်လည်း၊ လူ့အောက် မြေထဲး၊ ငရဲး ထပ်ထပ်၊ ဆဲ့ငါးရပ်က၊ တိမ်စပ် မိုးဖျား၊ ကောင်းကင်ကြားနှိုက်၊ ပတ္တမြားဘုံ၊ ရွှေဘုံ ဖလ်ဘုံ၊ မြတ်ဘုံ ကိုယ်စီ၊ ဗီရဏီ သောဏ၊ စသည် ထူးဆန်း၊ ဘုံဆယ်ခန်းနှင့်၊ တောင်တန်း သတ္တရဗ္ဘဏ်၊ ခုနစ်တန်ပါ၊ မကျန် စေ့စိပ်၊ မြင်းမိုရ့်ထိပ်ဝယ်၊ သုံးကျိပ် သုံးပါး၊ သိကြားက စ၊ နတ် ထိုမျှကို၊ ခဏ မျက်ဝါး၊ ရှုခဲ့ငြား၍့၊ တရားဟောကာ၊ ပြန်ခဲ့လာသည်။။ ရက်ကြာ ခုနစ် လူ့ဘောင်တည်း။ (၂၀)

(၅၁၇) တာဝတိံသာ၊ ဘုံသိင်္ဂါတိ၊ ဣန္ဒာ စံခန်း၊ ဝေယန်နန်းက၊ ကြွမြန်း ပြန်မြောက်၊ နန်းသို့ ရောက်သော်၊ ဘုန်းတောက် မင်း*မွန်၊ လူ့ပြည်လွန်အောင်၊ ကျော်*ဝှန် ပေါက်ပြ၊ တန်းခိုး ရှသည့်၊ လူမျာ့း *ဥ†သျှောင်၊ စောရန်†ရှောင်ကား၊ နတ်ဘောင် ဒိဋ္ဌ၊ မြင်ခဲ့ရ၍့၊ ဘဝ ဝတ္တမာန်၊ လူတို့ဌာန်ဝယ်၊ လှူဟန် စွန့်ခြင်း၊ စောင့် *သီတင်းနှင့်၊ မကင်း ကြိုးကုတ်၊ ခါ မယုတ်အောင်၊ အားထုတ် ပြည့်သစ်၊ နန်းစံခေတ်လျှင်၊ အနှစ် ရှစ်သောင်း၊ လေးထောင် *ညောင်းက၊ ဥက္ခောင်းတော်ထက်၊ တခက် ဆံပင်၊ ဖြူရောက်†ကျင်၍့၊ အ†ကြင် ရှေးက၊ မာဃဒေဝေါ်၊ ထိုမင်းကျော်သည်၊ မြွက်ဘော် ရွှေနှုတ်၊ မိန့်ခဲ့ထုတ်သား၊ ဥတ္တမင်္ဂရုဟာ မယှံ၊ *နတ်စံ သာရ၊ လေးပါဒတိ၊ ဧကဂါထာ၊ နန်းစဉ်စာကို၊ ရွတ်ကာ ဟောကြား၊ သားတော် ဥပရာ၊ ကာလာဇနက်၊ ရွှေနန်းဆက်အား၊ နန်းထက် တင်ကာ၊ ဘ,ရာ ကုန်စင်၊ အပ်ပြီး ကျင်မှ၊ နန်းပြင် ဘုံပေါ်၊ မင်းဖြစ် လျော်၍့၊ ကိုယ်တော် *လှုလှု၊ ရဟန်းပြုသည်။။ နှိုင်းတု ဗြဟ္မာ့ ရုပ်ယောင်တည်း။ (၂၁)

(၅၁၈) ဗြဟ္မာနှိုင်းတု၊ ရဟန်း ပြုလျက်၊ ပျို-နု သာစွ၊ မဃဒေဝ၊ လောင်းမင်းလှ၏့၊ အမ္ဗဝနံ၊ နာမံ သိဒ္ဓိ၊ ကျော် ကိတ္တိနှင့်၊ ပါဠိအရ၊ မာဂဓဖြင့်၊ ဝနသဒ္ဒေ၊ ဘော်ထွေ ဓာတ်နက်၊ အဟောထွက်တိုင်း၊ ကျေးငှက် ထိုထို၊ များ လူ*ဗိုလ်တို့၊ ပျော်လို လာ†ခဲ့၊ ခေါ်သ†ကဲ့သို့၊ ဆဲ့နှစ်ရာသီ၊ ခါညီ ပွင့်သီး၊ ပန်းစုံ ညီးလျက်၊ ငယ်-ကြီး အုန်းအုန်း၊ တရှုန်းရှုန်းနှင့်၊ ပိတုန်း *ပိလူ၊ ပျားတူ ပျားမွဲး၊ ရစ်ဝဲး ခိုမှီ၊ ဒုန်းချင်းသီသို့၊ ပန်းဆီ ပန်း†ရက်၊ ပျံ လု†ယက်၍့၊ နှစ်သက် ယူဆောင်၊ မပြတ်အောင်တည့်၊ ဘိုးခေါင် ဥသြ၊ ကြက်တော တမာ၊ သာရကာတို့၊ သံသာ ရင့်-ကျူး၊ တွန်-မြူး ထက်ခွင်၊ အောက်မြေပြင်လည်း၊ သမင် ဧဏီ၊ စာမြီ တိုး-အောင်း၊ သားပေါင်း သင်းဘွဲ့၊ ဘေး*မဲ့ ပျော်နေ၊ စုံမြိုင်†ခြေသို့၊ ဆက်†ချေ ဒရယ်၊ ချစ်ခင်ဘွယ်တည့်၊ ငယ်ငယ် ကြီးကြီး၊ ရှုမငြီးနှင့်၊ မြို့နီး မကွာ၊ နောက်မျက်နှာတွင်၊ ရသာ ချို-မြက်၊ သရက် *ဖြင်ပေါ၊ စည်ပင်*ပြောသား၊ မင်းတော ဥယျာဉ်၊ ထိုမြေ*သေဉ်နှိုက်၊ လေးစဉ် ဗြဟ္မ၊ ဝိဟာရကို၊ ရှေးကအလား၊ စီးဖြန်း ပွား၍့၊ ရှည်လျား အနှစ်၊ ရှစ်သောင့်းလေးထောင်၊ လွန်အောင် အထူး၊ စျာန်ပျော်မြူးမှ၊ ပြောင်းကူး ထက်ရပ်၊ ဘုံ ဝေဟပ်သို့၊ တထပ်*၄င်း၊ ရောက်ပြန်ရှောင်းသည်။။ စံအောင်း ဗြဟ္မာ့ဘုံဆောင်တည်း။ (၂၂)

(ဤကား နေမိမင်းကြီး အဆုံး စရိယကိစ္စတည်း။)

(ဤတို့ဖြင့် စဉ်အလာနှင့်ဟူသော ဥဒ္ဒေသ၏့ နိဒ္ဒေသတည်း။)

နေမိရာဇစရိယခဏ်း (၂၂)ပိုဒ် ပြီး၏၊