နေထိုင်ရေးမင်္ဂလာ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၂) နေထိုင်ရေးမင်္ဂလာ (ကျောင်းသားကိုင်သို့)
339304ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁၂) နေထိုင်ရေးမင်္ဂလာ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၂)

နေထိုင်ရေးမင်္ဂလာ

သင်ယူမှုဦးတည်ချက် ။ ။ နေထိုင်ရေးမင်္ဂလာများကို သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်လာစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ နေထိုင်ရေးမင်္ဂလာကဗျာနှင့် ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရှေ့ယခင်တစ်ပတ်က သင်ကြားပေးခဲ့သော မင်္ဂလာသုံးပါးကို ပြန်မေးပြီး “ပေါင်းသင်း ဆက်ဆံရေးမင်္ဂလာ” ကဗျာကို ပြန်လည်ရွတ်ဆိုပါ။

֍ကဗျာရွတ်ဆိုပြီးပါက “မင်္ဂလာတရား ဘယ်နှပါးရှိသလဲ၊ အဲဒီထဲက နံပါတ် (၁) မင်္ဂလာက ဘာလဲ၊ နံပါတ် (၂) မင်္ဂလာက ဘာလဲ၊ နံပါတ် (၃) မင်္ဂလာက ဘာလဲ”ဟု မေးပါ။

֍ကလေးများ ဖြေပြီးပါက “နောက်ထပ် မင်္ဂလာတရားသုံးပါးကို ဒီနေ့ ထပ်သင်ပေးမယ်။ အဲဒီမင်္ဂလာကတော့ နေထိုင်ရေးမင်္ဂလာပဲ ဖြစ်တယ်”ဟု ပြောပြီး အောက်ပါ “နေထိုင်ရေး မင်္ဂလာကဗျာ”ကို ရွတ်ဆိုကြပါစေ။

နေထိုင်ရေးမင်္ဂလာ

ကုသိုလ်-ပညာ-ဥစ္စာရဖို့
သင့်ရာဒေသ အမြဲနေ၊
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်
ကောင်းမှုအထူးရှိပါစေ၊
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့
မတိမ်းစေနဲ့ ဆောက်တည်လေ၊
ဥစ္စာကိုပေး နေထိုင်ရေး
မျှော်တွေး သုံးချက်ပေ၊
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့မင်္ဂလာတွေ။

֍ကဗျာရွတ်ဆိုပြီးသောအခါ ကဗျာအဓိပ္ပာယ်နှင့် ကဗျာပါ အကြောင်းအရာဖြစ်သော နေထိုင်ရေးမင်္ဂလာများကို ရှင်းပြပါ။

နေထိုင်ရေးမင်္ဂလာသုံးပါး

၁။ သင့်တော် ကောင်းမွန်သောအရပ်မှာ နေထိုင်ရခြင်း
၂။ ရှေးကပြုဖူးသော ကုသိုလ်ကောင်းမှု ရှိခြင်း
၃။ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာ ထားခြင်း။

֍ရှင်းပြပြီးပါက ကလေးများကို သင့်လျော်သလို အုပ်စုသုံးစုဖွဲ့ပါ။

֍အုပ်စုတစ်စုစီကို နေထိုင်ရေးမင်္ဂလာနှင့်ပတ်သက်သည့် ရုပ်ပုံတစ်ပုံစီပေးပြီး ရုပ်ပုံထဲတွင် ပါဝင်သော အကြောင်းအရာများကို စဉ်းစား၍ပြောပါစေ။ ကလေးများဖြေဆိုရာတွင် အဆင်ပြေချောမွေ့ စေရန် ဆရာက လမ်းကြောင်းပေးပါ။

ဥပမာ
-ဒီပုံထဲမှာ ဘာတွေတွေ့လဲ။
-ဒီပုံက ဘာဖြစ်နေတဲ့ပုံလို့ ထင်သလဲ။
-ဘာတွေလုပ်နေကြတယ်လို့ ထင်သလဲ စသည့်မေးခွန်းများကို ဆရာက မေး၍ ကလေးများကို စကားပြောချိန်၊ ဆွေးနွေးချိန်ပေးပါ။

[သတိပြုရန် 1]

֍အုပ်စုတစ်ခုချင်းစီမှ ရလာသောအဖြေများကို အုပ်စုချင်းအပြန်အလှန် ဖလှယ်ပြောပါစေ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မဲလိပ်၊ ဘောလုံး သို့မဟုတ် ပါဆယ်ထုပ်။

သင်ယူမှုလုပ်ငန်းစဉ်

֍သင်ခဲ့ပြီးသော မင်္ဂလာများကို အစဉ်အတိုင်း ပြောပြပြီး စာသင်ချိန်ကို စတင်ပါ။

֍ကလေးများဖြေပြီးပါက “ကုသိုလ်၊ ပညာ၊ ဥစ္စာရဖို့ သင့်ရာဒေသ အမြဲနေဆိုတဲ့ မင်္ဂလာ အကြောင်းကို ပြောကြရအောင်”ဟု ဆိုပြီး

-“ကုသိုလ်ရမယ့် နေရာတွေက ဘယ်နေရာတွေဖြစ်မလဲ”
-“ပညာရမယ့် နေရာတွေက ဘယ်နေရာတွေဖြစ်မလဲ”
-“ဥစ္စာရမယ့် နေရာတွေက ဘယ်နေရာတွေဖြစ်မလဲ”စသည်ဖြင့် မေးမြန်း ဆွေးနွေးပါ။

֍အကြောင်းအရာတစ်ခုချင်းစီ၌ ကလေးများကို စဉ်းစားချိန် ပေးပါ။ ကလေးများ ဖြေဆိုသည့် အဖြေများအားလုံးကို လက်ခံပေးပါ။

֍ထို့နောက် အောက်ပါစက်ဝိုင်းပုံ ဘောလုံးပစ်ကစားနည်းကို ကစားကြပါ။

֍ဆရာက “ကုသိုလ်”၊ “ပညာ”၊ “ဥစ္စာ” မဲလိပ်သုံးလိပ်ကို ကြိုတင်ပြုလုပ်ထားရမည်။

[သတိပြုရန် 2]

֍ကလေးများကို စက်ဝိုင်းပုံဝိုင်း၍ ဘောလုံး သို့မဟုတ် ပါဆယ်ထုပ်.လက်ခံရရှိသူကို မဲလိပ် နှိုက်စေ၍ မဲလိပ်ပါ (ကုသိုလ်၊ ပညာ၊ ဥစ္စာထဲမှ တစ်ခုခုကို) ရရှိနိုင်မည့် နေရာတစ်ခုကို ပြောပြရမည်။

֍ထို့နောက် ဘောလုံးရထားသူက နှစ်သက်ရာတစ်ယောက်ယောက်ဆီသို့ ထပ်မံပစ်ပေး ခြင်းဖြင့် ဆက်လက်ကစားပါ။

֍ကလေးများအားလုံးပါဝင်ပြီးပါက ကစားခြင်းကို ရပ်၍ ဆရာက သင်ခန်းစာကို အနှစ်ချုပ်ပေးပါ။

“ကလေးများအတွက် ကုသိုလ်၊ ပညာ၊ ဥစ္စာရတဲ့ သင့်တော်ကောင်းမွန်တဲ့ နေရာများမှာ နေထိုင်ခြင်းဟာ မင်္ဂလာတရားကို ဖြစ်ပေါ်စေတယ်။ ဒါကြောင့် ကုသိုလ်၊ ပညာ၊ ဥစ္စာရ နိုင်မယ့် ကောင်းမွန်တဲ့နေရာများ (ဥပမာ ဘုရား၊ စေတီ၊ စာသင်ကျောင်း၊ အိမ်၊ စာကြည့် တိုက် စသည်) မှာနေထိုင်ကြတဲ့ ကလေးတွေဟာ မင်္ဂလာတရားနဲ့ ပြည့်စုံတဲ့ကလေးတွေ၊ မင်္ဂလာရှိတဲ့ ကလေးတွေဖြစ်တယ်”

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ သူဆင်းရဲမလေးရဲ့ ကုသိုလ်ထူး ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှုအထူးရှိပါစေ”ဟူသော စာပိုဒ်ကို ရှင်းပြပါ။

֍ထို့နောက် “ရှေးကကြိုတင်၍ ကောင်းမှုပြုဖူးခြင်းမင်္ဂလာနဲ့ ပတ်သက်တဲ့ ဇာတ်လမ်း တစ်ပုဒ်ကို ပြောပြမယ်နော်” ဟုအစချီ၍ အောက်ပါဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖြစ် အောင်ပြောပါ။

သူဆင်းရဲမလေးရဲ့ ကုသိုလ်ထူး

ဟိုးရှေးရှေးတုန်းက သူဌေးကြီးအိမ်မှာ အိမ်အကူလုပ်ပြီး ဝမ်းစာရှာရတဲ့ မိန်းကလေး တစ်ဦး ရှိခဲ့တယ်။ တစ်နေ့မှာ ဆွမ်းခံကြွလာတဲ့ ရဟန်းတစ်ပါးကို မြင်ပြီး ကြည်ညိုသွားတော့ သူစားဖို့ ယူလာတဲ့မုန့်ကို လှူဒါန်းလိုက်တယ်။ မုန့်လှူပြီးနောက်ပိုင်း လှူချင်စိတ် ပိုထက်သန် လာပြီး ခမ်းခမ်းနားနား လှူဒါန်းဖို့ အကြံဖြစ်လာပေမဲ့ သူကိုယ်တိုင်က သူတစ်ပါးအိမ်မှာ အစေခံဖြစ်နေတဲ့အတွက် လှူဒါန်းဖို့ ငွေမရှိဘူး။

သူဆင်းရဲမလေးဟာ သူတစ်ပါးအိမ်မှာ အစေခံလုပ်နေပေမဲ့ သူရဲ့ ဆံပင်က နက်မှောင် ရှည်လျားပြီး အရမ်းလှတယ်။ သူရဲ့ ဆံပင်ကို မြင်ကြတဲ့မိန်းကလေးတိုင်း အဲဒီဆံပင်ကို လိုချင် ကြတယ်။ သူကိုယ်တိုင်လည်း ဆံပင်ကို အရမ်းမြတ်နိုးတယ်။ ဘယ်လောက်ပဲ ဆင်းရဲပြီး သူတစ်ပါးအိမ်မှာ ကျွန်ဖြစ်နေပေမဲ့ ဆံပင်ကိုဖြတ်ပြီး ရောင်းဖို့ အရင်က စိတ်ကူးတောင် မရှိခဲ့ ဘူး။ အခုတော့ ဖြစ်ပေါ်လာတဲ့ လှူချင်စိတ်ကြောင့် “ငါဟာ ရှေးဘဝက ကုသိုလ်နည်းခဲ့တဲ့ အတွက် အခုဘဝမှာ ဆင်းရဲရတယ်။ ငါရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ဆံပင်ကို ဖြတ်ရောင်းပြီး ကုသိုလ် ကောင်းမှုပြုရရင် အခုဘဝ၊ နောင်ဘဝ သံသရာမှာ အကျိုးကျေးဇူးများမှာပဲ”လို့ စဉ်းစားမိတယ်။

သူရဲ့ဆန္ဒကို မိဘတွေနဲ့ တိုင်ပင်တဲ့အခါ မိဘတွေကလည်း ဝမ်းမြောက်ဝမ်းသာ ခွင့်ပြုခဲ့ကြတယ်။ အဲဒီအခါ သူရဲ့ ဆံပင်ကို လိုချင်ကြတဲ့ မိန်းကလေးတွေကလည်း အပြိုင် အဆိုင် လာဝယ်ကြတယ်။ သူက တန်ဖိုးအများဆုံးပေးတဲ့သူကို ဖြတ်ပြီးရောင်းလိုက်တယ်။ ဆံပင်ရောင်းပြီးရတဲ့ ပိုက်ဆံတွေနဲ့ ဆွမ်း၊ သင်္ကန်းနဲ့ လှူဖွယ်တို့ကိုစီစဉ်ပြီး ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ဝမ်းမြောက်ဝမ်းသာ လှူဒါန်းပြီး အခုလို ဆုတောင်းလိုက်တယ်။ “ဘုန်း တော်ကြီးလှသော မြတ်စွာဘုရား တပည့်တော်မသည် ဆံပင်ကို အရင်းအနှီးပြု၍ ဤအလှူ ဒါနကို ပြုလုပ်ရသောကြောင့် ဖြစ်လေရာဘဝတိုင်းမှာ ဉာဏ်ပညာကြီးမားသူ ဖြစ်ရပါလို၏”လို့ ဆုတောင်းခဲ့တယ်။

အဲဒီလို ဆုတောင်းခဲ့တဲ့အတွက် သူဆင်းရဲမလေးဟာ ဘဝတိုင်း ဘဝတိုင်း ဉာဏ် ပညာ ကြီးမားပြီး ရုပ်အဆင်းကလည်း အလွန်လှပတယ်။ ဘုရားရှင်လက်ထက် ရောက်လာတဲ့ အခါ သာဂလပည့်ရှင် ဘုရင်ကြီးရဲ့ သမီးတော်အဖြစ် မွေးဖွားခဲ့တယ်။ သူမွေးလာကတည်းက တိုင်းပြည်တစ်ခုလုံး အေးချမ်းသာယာပြီး ဘေးအမျိုးမျိုးက လွတ်မြောက်တဲ့အတွက် ဘုရင် ကြီးက မင်းသမီးလေးကို ခေမာလို့ ခေါ်စေတယ်။ အရွယ်ရောက်လာတဲ့အခါ ခေမာဆိုတဲ့ နာမည်နဲ့ ဉာဏ်ပညာကြီးမားပြီး ရုပ်ရည်ချောမောတဲ့ မိန်းကလေးတစ်ဦး ဖြစ်လာခဲ့တယ်။

မှီငြမ်း ။ ။ ခေမာထေရီအပဒါန်ဝတ္ထု၊ ထေရီအပဒါန်ဝတ္ထုတော်ကြီး။ ၄၅။ ထေရီဂါထာ၊ ဋ္ဌ၊ ၁၃၀၊

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။

-သူဆင်းရဲမလေး ဘာကြောင့် ဆင်းရဲသလဲ။
-ရဟန်းတော်ကို တွေ့တဲ့အခါ ပထမဆုံး ဘာလှူလိုက်သလဲ။
-ရဟန်းတော်ကို လှူပြီးတဲ့အခါ ဘယ်လိုစိတ် ထပ်ဖြစ်ပေါ်လာသလဲ။
-သူဆင်းရဲမလေးဟာ ရဟန်းတော်များကို ဘယ်လို လှူဒါန်းခဲ့သလဲ။
-လှူဒါန်းပြီးတဲ့အခါ သူဆင်းရဲမလေးဟာ ဘယ်လို ဆုတောင်းသလဲ။
-သူဆင်းရဲမလေးဟာ ဘဝတိုင်းဘဝတိုင်း ဘယ်လို အကျိုးကျေးဇူး ခံစားရသလဲ။
-ဘုရင်ကြီးက မင်းသမီးလေးကို ဘာကြောင့် ခေမာလို့ နာမည်ပေးသလဲ။
-သူဆင်းရဲမလေးလို သားတို့၊ သမီးတို့ လှူဒါန်းဖူးပါသလား။
-သူဆင်းရဲမလေးလိုပဲ ပိုက်ဆံမရှိရင် သားတို့၊ သမီးတို့ ဘယ်လို လှူမလဲ။

֍ကလေးများဖြေဆိုပြီးပါက “သူဆင်းရဲမလေးဟာ ရှေးဘဝက လှူခဲ့ဖူးတဲ့ အကျိုးကြောင့် “ခေမာ”ဆိုတဲ့ မင်းသမီးလေးဘဝမှာ ဉာဏ်ပညာနဲ့ပြည့်စုံပြီး ရုပ်ရည်ချောမောလှပတဲ့ မိန်းကလေးဖြစ်ခဲ့တာပေါ့” စသည်ဖြင့် ပြောကြားပြီး ဇာတ်လမ်းထဲက အကြောင်းအရာဖြင့် အနှစ်ချုပ်ပါ။

֍ထို့နောက် ကလေးများနှင့် အမေးအဖြေပြုလုပ်ပါ။

-“သားတို့၊ သမီးတို့ နေကောင်းကြလား”

(အခုလို နေကောင်းပြီး ကျန်းမာရေးကောင်းတယ်ဆိုတာက ရှေးကပြုခဲ့ဖူးတဲ့ ကောင်းမှု တွေကြောင့်ပဲ။ ဒါဆိုရင် သားတို့၊ သမီးတို့မှာ မင်္ဂလာတရားတွေ ရှိနေလို့ပဲ။)

-“သားတို့၊ သမီးတို့ မုန့်တွေ၊ ထမင်းတွေကို နေ့တိုင်းစားရလား”

(အဲဒီလို မုန့်တွေ၊ ထမင်းတွေ နေ့တိုင်းစားရတာကလည်း ရှေးကပြုခဲ့ဖူးတဲ့ ကောင်းမှု ကုသိုလ်တွေကြောင့် မဟုတ်လား။ ဒါဟာလည်း ကလေးတို့မှာ မင်္ဂလာ ရှိနေလို့ပဲ။)

֍အထက်ပါအတိုင်း “စာသင်ကျောင်းမှာ စာသင်ခွင့်ရတာ၊ ဘုန်းကြီးကျောင်းမှာ စာသင်ခွင့် ရတာ” စသည်ဖြင့်ရှင်းပြပြီး ကလေးများကိုယ်တိုင် မင်္ဂလာတရားနှင့် ပြည့်စုံသူများဖြစ် ကြောင်း ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ နေထိုင်ရေးမင်္ဂလာ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ဒီအချိန်မှာတော့ မိမိကိုယ်စိတ်နှစ်ပါးကို ကောင်းစွာထားခြင်းမင်္ဂလာနှင့်ပတ်သက်ပြီး ဆွေးနွေးကြရအောင်ဟု ပြောပြီး စာသင်ချိန်ကို စတင်ပါ။

֍“မိမိကိုယ်စိတ်နှစ်ပါးကို ကောင်းစွာထားခြင်းဆိုတာက မိမိရဲ့ ကိုယ်၊ နှုတ်၊ စိတ်သုံးပါးကို ကောင်းတဲ့အလုပ်တွေမှာ အသုံးပြုခြင်း ဖြစ်တယ်။ တစ်နည်းပြောရမယ်ဆိုရင် မိမိကိုယ်ကို ကျန်းမာသန်စွမ်းတဲ့ လူတော်လူကောင်းဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်တာ၊ ကြိုးစား အားထုတ်တာဖြစ်တယ်။”

֍“ဒါဆိုရင် ယဉ်ကျေးသိမ်မွေ့တဲ့ လူလိမ္မာတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစား ထိန်းသိမ်းရမလဲဆိုတာကို အုပ်စုဖွဲ့ပြီး စဉ်းစားရအောင်ဟု ပြော၍ ကလေးများကို သင့်လျော် သလို အုပ်စုဖွဲ့ပါ။

֍“ယဉ်ကျေးသိမ်မွေ့တဲ့ လူလိမ္မာတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစား ထိန်းသိမ်းရ မလဲဟူသော မေးခွန်းကို အုပ်စုလိုက် စဉ်းစားကြပါစေ။

[သတိပြုရန် 3]

֍အုပ်စုတစ်စုချင်းစီ၏ စဉ်းစားထားသော အဖြေများကို အုပ်စုကိုယ်စားလှယ်များက ပြန်လည်ပြောပြရမည်။

֍အချက်အများဆုံး စဉ်းစားနိုင်သောအုပ်စုက အနိုင်ရရှိမည်။

֍အုပ်စုတိုင်းပြောပြီးပါက “စာကြိုးစားသင်ယူခြင်း၊ အစားအသောက်ကို မှန်မှန်ကန်ကန် သောက်ခြင်း၊ မိဘစကားကို နားထောင်ခြင်း၊ ဆရာ့စကားကို နားထောင်ခြင်း၊ ကျောင်း မှန်မှန်တက်ခြင်း၊ ဘုန်းကြီးကျောင်းသို့ မှန်မှန်သွားခြင်း၊ ကျန်းမာရေးဂရုစိုက်ခြင်း စသည် များကို လုပ်ဆောင်နေသော ကလေးများသည် မင်္ဂလာတရားနှင့် ပြည့်စုံသော၊ မင်္ဂလာရှိ သော ကလေးများဖြစ်ကြသည်”စသည်ဖြင့် ပြော၍ အနှစ်ချုပ်ပါ။

֍သင်ပြီးခဲ့သော မင်္ဂလာတွေကို ပြန်နွေး၍ ဆရာကအနှစ်ချုပ်ပေးပါ။

֍“နေထိုင်ရေးမင်္ဂလာ” ကဗျာကို ရွတ်ဆို၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကလေးများအား တစ်ဦးချင်း ပြောပါစေ။ ကလေးများအားလုံး ပြောနိုင်ရန် အချိန်ပေးပါ။
  2. ကလေးများ မေ့နေပါက ဆရာက ကဗျာကို ပြန်လည် ချွတ်ဆိုပေးပါ။
  3. ကလေးများကို စဉ်းစား ချိန် လုံလောက်စွာ ပေးပါ။ ကလေးများပိုမို၍ စဉ်းစားဉာဏ် ပွင့်လာစေရန် ဆရာ က ကူညီပေးရမည်။