ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၁) ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ (ကျောင်းသားကိုင်သို့)
339303ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁၁) ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၁)

ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ

သင်ယူမှုဦးတည်ချက် ။ ။ ပေါင်းသင်းဆက်ဆံရေးမင်္ဂလာကိုသိရှိစေရန်နှင့် လိုက်နာဆောင်ရွက် တတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ လူမိုက်ကို အဝေးကပင် ရှောင်ကြဉ်နေသော ကလေးပုံ၊ ပညာရှိလူလိမ္မာကို မှီဝဲဆည်းကပ်နေသော ကလေးပုံနှင့် ပူဇော်သင့်သူကို ပူဇော်နေသော ကလေးပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အခန်းတွင် ရုပ်ပုံသုံးခုကို နေရာဖွဲ့၍ ကလေးများမြင်သာအောင် ချိတ်ထားပါ။

֍ကလေးများအား ရုပ်ပုံတစ်ပုံစီကို ခေတ္တ အချိန်ပေး၍ ကြည့်စေပါ။

֍ရုပ်ပုံများကို လိုက်ကြည့်နေစဉ်တွင် ကလေးများကို မိမိတို့မြင်သမျှ စိတ်ထဲတွင် မှတ်သား ထားကြပါစေ။

֍ထို့နောက် ကလေးများအား အုပ်စု (၃) စု ဖွဲ့ပြီး အုပ်စုတစ်စုစီကို ပေါင်းသင်းဆက်ဆံရေး မင်္ဂလာဆိုင်ရာ ရုပ်ပုံတစ်ပုံစီ ပေးပြီး ရုပ်ပုံထဲတွင် ပါဝင်သော အကြောင်းအရာများကို စဉ်းစား၍ ပြောပါစေ။ ကလေးများ ပြောလာစေရန် ဆရာက မေးခွန်းများ မေး၍ လမ်း ကြောင်းပေးပါ။ ဥပမာ ဒီပုံထဲမှာ ဘာတွေတွေ့လဲ”၊ “ဒီပုံဟာ ဘာဖြစ်နေတဲ့ပုံလို့ ထင် သလဲ”၊ “ဘာတွေလုပ်နေကြတယ်လို့ ထင်သလဲ” “ဘာကြောင့် အဲဒီလိုလုပ်တယ်လို့ ထင်လဲ” စသည့် မေးခွန်းများကို ဆရာက တစ်ခုချင်း မေး၍ ကလေးများ စကားပြောချိန်၊ ဆွေးနွေးချိန်ပေးပါ။

[သတိပြုရန် 1]

֍အုပ်စုတစ်စုချင်းစီမှ ရလာသော အဖြေများကို အုပ်စုအချင်းချင်း အပြန်အလှန် ဖလှယ်ကြ ပါစေ။

֍ကလေးများဖြေပြီးပါက ဆရာက “မင်္ဂလာဆိုတာကို ကြားဖူးလား၊ မင်္ဂလာဆိုတာ ဘာလဲ” ဟုမေးပါ။ (ကလေးများ ဖြေတတ်သလိုဖြေပါစေ။)

֍ထို့နောက် “မင်္ဂလာဆိုတာ ကောင်းတဲ့အပြောအဆို၊ အပြုအမူ၊ အလုပ်တွေအကုန်လုံးကို မင်္ဂလာလို့ခေါ်တယ်၊ မင်္ဂလာတရား (၃၈) ပါးရှိတယ်။ အဲဒီထဲက ဒီနေ့မှာ ပေါင်းသင်း ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ မင်္ဂလာတရား (၃) ပါးကို အရင်ပြောပြမယ်”

“သားတို့၊ သမီးတို့ ခုနကကြည့်ခဲ့တဲ့ ရုပ်ပုံတွေထဲမှာ အဲဒီမင်္ဂလာတရားသုံးပါးကို တွေ့ခဲ့ ကြတယ်နော်။ အဲဒါ ဘာတွေလဲဆိုတော့ လူမိုက်ကို မပေါင်းသင်းရဘူး၊ ပညာရှိ လူလိမ္မာ ကို မှီဝဲဆည်းကပ်ရမယ်၊ ပူဇော်ထိုက်တဲ့သူတွေကို ပူဇော်ရမယ်၊ ဆရာက နောက်တစ် ချိန်မှာ အဲဒီမင်္ဂလာသုံးပါးနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြမယ်” ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ လူလိမ္မာနှင့် လူမိုက် ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ပထမစာသင်ချိန်ကို ပြန်လည်ချိတ်ဆက်ပြောဆို၍ အောက်ပါဇာတ်လမ်းကို စိတ်ဝင်စား ဖွယ်ဖြစ်အောင် ပြောပြပါ။

လူလိမ္မာနှင့် လူမိုက်

ရှေးရှေးတုန်းက လှည်းကုန်သည်မှူးနှစ်ယောက် ရှိကြတယ်။ သူတို့နှစ်ယောက်မှာ လှည်းသားငါးရာစီ အသီးသီး ရှိကြတယ်။ တစ်နေ့တော့ ကုန်အရောင်းအဝယ် ခရီးထွက် ရမယ့် ကိစ္စမှာ နှစ်ယောက်ပြိုင်တူ သွားရမလို ဖြစ်နေခဲ့တယ်။ ပြိုင်တူသွားရင် လှည်းအစီးရေ တစ်ထောင်ဆိုတော့ လမ်းခရီးနဲ့ စားရေးသောက်ရေး အခက်အခဲကြုံမှာ စိုးရိမ်ကြလို့ သူတို့ နှစ်ယောက်ဟာ ဘယ်သူအရင်သွားမလဲဆိုပြီး တိုင်ပင်ခဲ့ကြတယ်။ တစ်ယောက်က “အရင် သွားလို့ရှိရင် လမ်းခရီးလည်း သာယာဖြောင့်ဖြူးမယ်၊ နွားတွေလည်း မြက်ကောင်းကောင်း စားရမယ်၊ လူတွေလည်း ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ် စားရမယ်၊ ရေကောင်း ရေသန့်လည်း ရမယ်၊ ကုန်ပစ္စည်းတွေကိုလည်း စိတ်ကြိုက်ဈေးနဲ့ ရောင်းရမယ်” လို့ စဉ်းစား တယ်။

နောက်တစ်ယောက်ကတော့ ပြောင်းပြန်စဉ်းစားမိတယ်။ “ငါတို့ သွားရမယ့်လမ်း မကောင်းမှာကို ပူစရာမလိုလောက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လမ်းမကောင်းတဲ့ နေရာတွေမှာ ရှေ့ကသွားတဲ့သူတွေက ပြင်ပေးသွားလိမ့်မယ်။ ဟင်းသီးဟင်းရွက်ကြမ်းတွေ ကို ရှေ့ကလှည်းသမားတွေ စားသွားတဲ့အတွက် ငါတို့အလှည့်ကျရင် နုနုလေးတွေ စားရမှာ။ ငါတို့ နွားတွေလည်း မြက်နုနုလေးတွေ စားရမှာ။ ရေမရှိတဲ့နေရာမှာ သူတို့တွေ ရေတွင်းတူး သွားမှာပဲ။ ဒါဆို ရေအတွက်လည်း ပူစရာ မလိုတော့ဘူး။ ဈေးနှုန်းဆိုရင်လည်း ရှေ့က လှည်း သမားတွေ သတ်မှတ်ပြီးသား ဖြစ်တဲ့အတွက် ဈေးစကားပြောစရာလည်း မလိုလောက်တော့ ဘူးလို့ စဉ်းစားမိပြီး သဘောတူလိုက်ပါတယ်။

ဒီလိုနဲ့ ပထမကုန်သည်မှူးဟာ လှည်းသားငါးရာနဲ့အတူ ခရီးထွက်လာရာ ရေမရှိတဲ့ သဲကန္တာရကြီးတစ်ခုကို ရောက်လာကြတယ်။ သဲကန္တာရဆိုတော့ ရေမရှိဘူး။ ဒါကြောင့်လှည်း သမားတွေဟာ ခရီးမထွက်ခင် ရေအိုးတွေကို လှည်းပေါ်မှာတင်ပြီး သယ်လာခဲ့ရတယ်။ သဲကန္တာရကြီးမှာ လူသားစားတဲ့ ဘီလူးတွေလည်း ပေါများတယ်။ သဲကန္တာရကြီးထဲက တစ်နေရာကိုရောက်တော့ ဘီလူးတွေဟာ လူယောင်ဆောင်ပြီး လှည်းတွေနဲ့ ရောက်လာကြ တယ်။ သူတို့ ကိုယ်မှာလည်း ရေတွေ၊ ရွှံ့တွေ ပေကျံနေပြီး ကြာရိုးကြာစွယ်တွေကိုလည်း ကိုင်ထားကြတယ်။ လှည်းပေါ်က လူတွေကလည်း ပျော်ရွှင်မြူးထူးနေကြတယ်။ သူတို့ဟာ လှည်းသမားတွေကို တွေ့ တော့ “မိတ်ဆွေတို့ သင်တို့ လှည်းပေါ်မှာ ရေအိုးတွေကို အလေးခံ အပင်ပန်းခံပြီး တင်လာခဲ့ကြတယ်၊ ရှေ့မှာ ကြာပန်းတွေနဲ့ ပြည့်နေတဲ့ ရေကန်တွေ၊ ရေအိုင်တွေ အများကြီးရှိတယ်၊ သင်တို့ ရေအိုးတွေကို စွန့်ပစ်လိုက်ကြပါ”လို့ လှည့်ဖြား ပြောဆိုကြတယ်။

လှည်းမှူး (ခေါင်းဆောင်) ကိုယ်တိုင်က ပညာမရှိ၊ ဆင်ခြင်ဉာဏ်ကင်းမဲ့တဲ့အတွက် ဘီလူးတွေရဲ့ လှည့်စားချက်ကို မသိရှာဘူး။ ဒါကြောင့် ပါလာတဲ့ရေအိုးတွေကို ခွဲပစ်လိုက်ကြ တယ်။ ဒီလိုနဲ့ ခရီးဆက်လာပြီး ရေအိုင်လည်း မတွေ့၊ ရေကန်လည်း မတွေ့ ဆိုတော့ ရေငတ်၊ အစာပြတ်ပြီး အားလုံး ဘီလူးစာဖြစ်ကုန်ကြတယ်။ ဆင်ခြင်ဉာဏ်မဲ့ ပညာမရှိတဲ့ လူမိုက်ကို ခေါင်းဆောင်တင်မိ၊ ပေါင်းသင်းမိတဲ့အတွက် လှည်းသားအားလုံးတို့လည်း ဘီလူး အစားခံလိုက်ကြရတယ်။

နောက်ရက်အနည်းငယ်ကြာတဲ့အခါ နောက်လှည်းမှူးတစ်ဦးဟာ တပည့်လှည်းသား ငါးရာနဲ့ ခရီးထွက်လာပြန်တယ်။ သဲကန္တာရကြီးထဲရောက်တဲ့အခါ ဘီလူးတွေဟာ အရင်လှည်း ကုန်သည်များကို လှည့်စားသလိုပဲ လှည့်စားပြောဆိုကြတယ်။ ဒါပေမဲ့ လှည်းမှူးက ဉာဏ် ပညာနဲ့ ပြည့်စုံတဲ့အတွက် ဘီလူးတွေရဲ့ စကားကို မယုံကြည်ဘူး။ ဒါကြောင့် သူ့ရဲ့ နောက် လိုက် လှည်းကုန်သည်တွေကို ရေအိုးတွေ မစွန့်ပစ်ဖို့ ပြောပြီး ခရီးဆက်ခဲ့ကြတယ်။ ဒီလိုနဲ့ တစ်နေရာရောက်တော့ လူရိုးတွေ၊ နွားရိုးတွေနဲ့ ကုန်ပစ္စည်းတွေအများကြီး တွေ့ခဲ့ကြတယ်။ သူတို့လည်း အဲဒီနေရာမှာ စခန်းချပြီး ညအိပ်နားခဲ့ကြတယ်။ လှည်းမှူးက တစ်ညလုံး မအိပ် ဘဲ လက်နက်ကိုင်ပြီး စောင့်ရှောက်ပေးခဲ့တယ်။ အားလုံးဘေးရန်ကင်းကင်းနဲ့အိပ်ပြီး မနက် မိုးလင်းတဲ့အခါ ရှေ့ကလှည်းသမားတွေ ကျန်ခဲ့တဲ့ လှည်းတွေ၊ ကုန်ပစ္စည်းတွေထဲက အကောင်းဆုံးတွေကို ရွေးပြီး ခရီးဆက်ခဲ့ကြတယ်။ ဒီလိုနဲ့ ပညာရှိလှည်းမှူးနဲ့ တပည့်တွေဟာ ကုန်ပစ္စည်းတွေကို ကြိုက်ဈေးနဲ့ ရောင်းချပြီး ပျော်ရွှင်စွာနဲ့ အိမ်ပြန်လာခဲ့ကြပါတယ်။

မှီငြမ်း ။ ။ အပဏ္ဏကဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ပထမတွဲ။ ၂။ ဇာ၊ ဋ္ဌ၊ ၁၊ ၁၁၁။

֍ဇာတ်လမ်းပြောပြီးပါက အောက်ပါမေးခွန်းများ မေးပါ။ ပထမ လှည်းကုန်သည်မှူးက ဘယ်လိုတွေးသလဲ။

-ပထမလှည်းကုန်သည်မှူးကို မှီဝဲဆည်းကပ်ကြတဲ့ လှည်းသားငါးရာ ဘာဖြစ်သွားသလဲ။
-ဒုတိယ လှည်းကုန်သည်မှူးက ဘယ်လိုတွေးသလဲ။
-ဒုတိယလှည်းကုန်သည်မှူးကို မှီဝဲဆည်းကပ်ကြတဲ့ လှည်းသားငါးရာ ဘာဖြစ်သွားသလဲ။
-သူတို့နှစ်ယောက်မှာ ဘယ်သူက ပညာရှိလဲ။
-ဘယ်လိုလူမျိုးကို ပေါင်းသင်းဆက်ဆံရမှာလဲ။

֍ဖြေဆိုပြီးသွားလျှင် “လူရယ်လို့ဖြစ်လာရင် ပေါင်းသင်းဆက်ဆံရေးဟာ အလွန်အရေးကြီး တယ်။ လူမိုက်တွေကို မမှီဝဲ၊ မဆည်းကပ်၊ မပေါင်းသင်း၊ မဆက်ဆံရဘူး။ ပညာရှိတွေကို မှီဝဲဆည်းကပ်၊ ပေါင်းသင်းရမယ်။ ပူဇော်ထိုက်သူတို့ကို ပူဇော်ကြရမယ်ဆိုတဲ့ မင်္ဂလာ တရားသုံးပါးကို လိုက်နာကျင့်သုံးရင် ကိုယ့်ရဲ့လူမှုဘဝမှာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လာပြီး ကြီးပွားတိုးတက်နိုင်တယ်” ဟု အနှစ်ချုပ်ပြောပေးပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ လူမိုက်၊ လူလိမ္မာနှင့် ပူဇော်ထိုက်သူအကြောင်း။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို စက်ဝိုင်းပုံစံ ထိုင်စေ၍ ဆရာနှင့် အပြန်အလှန် ရင်းရင်းနှီးနှီး စကားပြောပါစေ။

֍အောက်ပါမေးခွန်းများကို မေးပါ။

[သတိပြုရန် 2]

-ကလေးတို့ရပ်ကွက်ထဲမှာ လူမိုက်ဆိုတာရှိလား၊ ဘယ်လိုလူကို လူမိုက်လို့ခေါ်တာလဲ။
-ကလေးတို့ရပ်ကွက်ထဲမှာ လူလိမ္မာရောရှိလား၊ ဘယ်လိုလူကို လူလိမ္မာလို့ခေါ်ကြတာလဲ။
-ပူဇော်ထိုက်သူဆိုတာကိုရော သိလား၊ ဘယ်လိုလူကို ပူဇော်ကြသလဲ။

֍ကလေးများအားလုံး ပါဝင်ပြီးပါက “ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ” (၃) ပါး အကြောင်း ကို အောက်ပါအတိုင်း ရှင်းပြပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

֍“လူမိုက်ဆိုတာ မိဘ၊ ဆရာသမား၊ လူကြီးသူမများရဲ့ စကားကို နားမထောင်တဲ့သူ၊ ဆဲရေးတိုင်းထွာတတ်တဲ့သူ၊ ကြမ်းကြမ်းတမ်းတမ်း

ပြောဆိုတတ်သူ၊ အကျင့်စာရိတ္တ မကောင်းသူ၊ ကိုယ်ကိုယ်တိုင်ရော သူများကိုပါ ပျက်စီးအောင် လုပ်နေတဲ့သူ၊ ခိုက်ရန်ဖြစ် တတ်သူ၊ အနန္တောအနန္တ ငါးပါးကို ပြစ်မှားစော်ကားတဲ့သူ”

֍“ပညာရှိလူလိမ္မာဆိုတာ ကိုယ်တိုင်ရော သူများကိုပါ ကောင်းကျိုးတွေရအောင် ဆောင် ရွက်တတ်တဲ့သူ၊ အပြုအမူရော အပြောအဆိုပါ လိမ္မာယဉ်ကျေးတဲ့သူ၊ လိမ္မာယဉ်ကျေး အောင်လည်း ဆုံးမတတ်တဲ့သူ”

֍“ပူဇော်သင့်ပူဇော်ထိုက်သူဆိုတာအကျင့်စာရိတ္တကောင်းမွန်တဲ့သူ၊ အကျင့်သီလနဲ့ ပြည့်စုံ တဲ့သူ၊ အနန္တောအနန္တငါးပါးဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေ ဖြစ်တယ်”။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ ကဗျာကို ဆရာက ရွတ်ပြပါ။ ရွတ်ပြီးမှ “ကလေးတို့ ဒီကဗျာကို ကြားဖူးသလား”၊ “ဘယ်မှာ ကြားဖူးတာလဲ” “ဘယ်တုန်းကလဲ” စသည်ဖြင့် မေးပါ။

֍ထို့နောက် ဆရာက သုံးခေါက်ခန့် တိုင်ပေးပါ။ ပြီးလျှင် ဆရာနှင့်အတူ သံပြိုင်ရွတ်ဆို ကြပါစေ။

ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ

လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့
မမှီဝဲနဲ့ ကင်းအောင်နေ၊
ပညာရှိကို အရှည်တွဲလို့
မှီဝဲဆည်းကပ် နည်းယူစေ၊
သုံးပါးရတနာ မိဘများနှင့်
ဆရာသမားကို ပူဇော်လေ၊
ချမ်းသာကိုပေး ဆက်ဆံရေး
မျှော်တွေး သုံးချက်ပေ၊
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့မင်္ဂလာတွေ။ ။

֍ကဗျာရွတ်ဆိုပြီးသောအခါ ကလေးများနှင့် မင်္ဂလာတရားသုံးပါးအကြောင်းကို ပြန်၍ ဆွေးနွေးပါ။

-အခုပြောသွားတဲ့ မင်္ဂလာတွေက ဘာတွေလဲ။

-လူမိုက်ဆိုတာ ဘာလဲ။

-ပညာရှိဆိုတာ ဘာလဲ။

-ပူဇော်ထိုက်သူဆိုတာ ဘာလဲ။

֍ကလေးများမှတ်မိသလောက် ဖြေကြပါစေ။ ဆွေးနွေးပြီးပါက ကလေးများထဲမှ ယောက်ျား လေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးကို ဆရာက ခေါ်ထုတ်ပါ။

֍ပြီးလျှင် “မင်္ဂလာသုံးပါးကို နံပါတ်စဉ်တပ်ပေးထားမယ်၊ နံပါတ်တစ်က လူမိုက်ကို ရှောင်ကြဉ်ရမယ်၊ နံပါတ်နှစ်က ပညာရှိလူလိမ္မာကို မှီဝဲဆည်းကပ်ရမယ်၊ နံပါတ်သုံးက ပူဇော်ထိုက်သူကို ပူဇော်ရမယ်”ဟု ပြောပါ။ (ကလေးများ မှတ်မိအောင် တစ်ခေါက်ဆို ခိုင်းပါ။)

֍ထို့နောက် “ဆရာက အခုခေါ်ထားတဲ့ သူငယ်ချင်းနှစ်ယောက်ကို အစဉ်လိုက်မဟုတ်တဲ့ နံပါတ်တစ်ခုကို အော်ပေးမယ်။ ဆရာက တစ်လို့ အော်ရင် “လူမိုက်ကို ရှောင်ကြဉ်ရမယ်” လို့ ဖြေရမယ်၊ နှစ်လို့အော်ရင် “ပညာရှိလူလိမ္မာကို မှီဝဲဆည်းကပ်ရမယ်”လို့ ဖြေရမယ်၊ သုံးလို့အော်ရင်လည်း “ပူဇော်ထိုက်သူကို ပူဇော်ပါ”လို့ ဖြေရမယ်။ “အရင်ဖြေနိုင်တဲ့သူက နိုင်မယ်”ဟု ပြော၍ ကစားပွဲကို စတင်ပါ။

֍ကလေးများအားလုံးပါဝင်ပြီးပါက ကဗျာကိုပြန်လည်ရွတ်ဆို၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကလေးများအား တစ်ဦးချင်း ပြောစေပါ။ အားလုံးပြောနိုင်ရန် အချိန်ပေးရမည်။
  2. ကလေးများဖြေချင်သလို လွတ်လပ်စွာ ဖြေပါစေ။ မေးခွန်းတစ်ခုနှင့် ၌ တစ်ခုကြားအချိန်ကို ဆရာက သင့်လျော်သလို ဆုံးဖြတ်ပါ။ ကလေးများ အားလုံး ပါဝင်ဖြေဆိုအောင် ဆရာက တိုက်တွန်း ပေးပါ။