ကိုရင်ငယ်လေးပါး (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၃) ကိုရင်ငယ်လေးပါး (ကျောင်းသားကိုင်သို့)
339305ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁၃) ကိုရင်ငယ်လေးပါး (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၃)

ကိုရင်ငယ်လေးပါး

သင်ယူမှုဦးတည်ချက် ။ ။ ငယ်ရွယ်သော ကိုရင်လေးများကိုရိုသေလေးစားတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဇာတ်လမ်းတွင်ပါဝင်သော ကိုရင်လေးပါးနှင့် အရှင်နှစ်ပါးအမည် တစ်ခုချင်းစီကို ရေးထားသော စာရွက် (၆) ရွက်။

[သတိပြုရန် 1]

သင်ယူမှုလုပ်ငန်းစဉ်

֍“ကိုရင်လေးရာဟုလာ သင်ခန်းစာကို မှတ်မိသေးလား”ဟု အစပျိုးပြီး စာသင်ချိန်ကို စတင်ပါ။

֍ကိုရင်ရာဟုလာ သင်ခန်းစာကို ပြန်လည်ပြောပြပြီး “ကိုရင်ဝတ်ရင် လူနာမည်ကိုမသုံး တော့ဘဲ နာမည်တစ်ခုထပ်ပေးတယ်။ ֍အဲဒီနာမည်ကိုတော့ ဘွဲ့ ပေးတယ်လို့ ခေါ်တယ်” ဟု စသည်ဖြင့် ဆရာကရှင်းပြပါ။

֍ကလေးများအား အုပ်စု (၆) စုဖွဲ့ပြီး ခေါင်းဆောင် (၁) ယောက်စီ ထားပေးပါ။

֍နာမည်တစ်ခုချင်းစီ ရေးထားသော စာရွက်များကို အုပ်စုတစ်စုလျှင် (၁) ရွက်စီ ပေးပါ။

֍ဆရာက ကလေးများအား နာမည်နှင့်အုပ်စု တွဲပြီးမှတ်မိအောင် စာရွက်တွင် ရေးထား သော နာမည်များကို (၄/၅) ခေါက်ခန့် ရွတ်ဆိုပေးပါ။

֍ထို့နောက် အောက်ပါကစားနည်းကို ရှင်းပြပေးပါ။

֍နာမည်ခေါ်လိုက်သော အုပ်စုဝင်အားလုံး ထ၍ ကျန်အုပ်စုများအားလုံး ထိုင်နေကြပါစေ။ ထိုနည်းအတိုင်း အုပ်စုအားလုံးကို နာမည်ခေါပြီး ထကြပါစေ။

֍အုပ်စုအားလုံး တစ်ပြိုင်တည်း ထပြီးချိန်တွင် အထက်ပါနည်းအတိုင်း နာမည်ခေါပြီး တစ်အုပ်စုချင်းစီကို ပြန်ထိုင်ခိုင်းရမည်။

֍တဖြည်းဖြည်းနှင့် ခေါ်နှုန်းမြန်သွားရမည်။ (၄/၅ ကြိမ်လောက် ပြုလုပ်ပေးပါ။)

֍ထပ်မံ၍ နာမည်များကို တစ်လှည့်စီ ခေါ်ပေးရမည်။

֍ထိုင်တစ်လှည့်၊ ထတစ်လှည့် ဖြစ်စေရန် စီမံပေးရမည်။

֍ထို့နောက် ကိုရင်လေးပါးနှင့် အရှင်နှစ်ပါးတို့သည် ဇာတ်လမ်းထဲမှ ဇာတ်ကောင်များဖြစ်ကြောင်း၊ ဇာတ်လမ်းကို နောက်တစ်ချိန်တွင် ကြားသိရမည်ဖြစ်ကြောင်း ပြောပြပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ကိုရင်ငယ်လေးပါး ဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါအကြောင်းအရာဖြင့် နိဒါန်းပျိုးပါ။

[သတိပြုရန် 2][သတိပြုရန် 3][သတိပြုရန် 4][သတိပြုရန် 5]

-သားတို့၊ သမီးတို့ ဘုန်းကြီးကျောင်းသွားရင် ဘယ်သူတွေကို တွေ့ သလဲ။
(ဘုန်းဘုန်း၊ ဦးဇင်း၊ ကိုရင် .. စသည်ဖြင့်)
-ကိုရင်လေးတွေက ဘုန်းကြီးကျောင်းမှာ ဘာတွေ လုပ်နေတာ တွေ့ဖူးသလဲ။
-ကိုရင်လေးတွေက ဘုန်းဘုန်းတွေကို ဘာတွေ ကူညီပေးတာ တွေ့ ဖူးသလဲ။

֍“ငယ်ရွယ်တဲ့ ကိုရင်လေးတွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့ သားတော်တွေဖြစ်တယ်။ ကိုရင်လေး တွေဟာ ဘုရားရှင်ချမှတ်ထားတဲ့ စည်းကမ်းကို လိုက်နာကြရတယ်။ ကိုရင်လေးတွေကို လေးစားတာနဲ့ပတ်သက်ပြီး ရှေးတုန်းက ကိုရင်ငယ်လေးပါးအကြောင်းကို ပြောပြမယ်” ဟု နိဒါန်းပျိုးပါ။

֍ဇာတ်လမ်းထဲတွင် ပါဝင်သည့် ရွတ်ဆိုရခက်သော ပါဠိနာမည်များကို ကောင်းစွာ ရွတ် ဖတ်တတ်သည်အထိ ပြောပြပေးပါ။

ကိုရင်ငယ်လေးပါး

မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေစဉ်က သူဌေးမကြီး တစ်ယောက်ဟာ ရဟန်းလေးပါးကို ပင့်ဖိတ်လှူဒါန်းဖို့အတွက် ဆွမ်းချက်ပြုတ်နေပါတယ်။ ဆွမ်းချက်ပြီးတဲ့အခါ “ဆရာတော်ကြီးလေးပါးကို သွားပင့်ပါ”လို့ ဆိုပြီး သူဌေးကြီးကို ဇေတဝန်ကျောင်းကို စေလွှတ်လိုက်ပါတယ်။ အဲဒီနေ့ ဆွမ်းအလှူအတွက် အလှည့်ကျသူ တွေက ကိုရင်သံကိစ္စ၊ ကိုရင်ပဏ္ဍိတ၊ ကိုရင်သောပါကနှင့် ကိုရင်ရေဝတတို့ ဖြစ်ကြပါတယ်။ ၎င်းကိုရင်လေးပါးဟာ ခုနစ်နှစ်သားအရွယ် ရဟန္တာများ ဖြစ်ကြပါတယ်။

သူဌေးကြီးက ကိုရင်ငယ်လေးတွေကို ပင့်လာခဲ့တဲ့အတွက် သူဌေးမကြီး အလွန် ဒေါသထွက်သွားပါတယ်။ မိမိမြေးလောက်မှမရှိသေးတဲ့ ကိုရင်လေးတွေကို ခေါ်လာရသ လားဆိုပြီး သူဌေးကြီးကို ပြောဆိုပြစ်တင်တယ်။ ကိုရင်ငယ်လေးတွေကိုလည်း ဆွမ်းမကပ်ဘဲ နိမ့်ကျတဲ့နေရာမှာ ထိုင်ခိုင်းလိုက်တယ်။

အဲဒီနောက် “ဆရာတော်ကြီးတွေကိုသာ ပင့်ခဲ့ပါ”ဆိုပြီး သူဌေးကြီးကို နောက် တစ်ကြိမ် သွားပင့်ခိုင်းပြန်ပါတယ်။ ဤတစ်ကြိမ်မှာ သူဌေးကြီးဟာ အရှင်သာရိပုတ္တရာကို ပင့်ခဲ့ပါတယ်.. အရှင်သာရိပုတ္တရာက ကိုရင်လေးတွေရဲ့ တန်ခိုးကြီးမားပုံကို ချီးကျူးတဲ့ အနေနဲ့ “ဆရာတော်ကြီးတို့ ဆွမ်းရကြပြီလား”လို့ မေးလိုက်တယ်။ “မရသေးပါဘုရား”လို့ ကိုရင်လေးတွေက ပြန်လည်လျှောက်ထားကြတယ်။ အရှင်သာရိပုတ္တရာက ရဟန်းလေးပါး ဘုဉ်းပေးလောက်ရုံသာ ချက်ထားတာကို သိတဲ့အတွက် ဆွမ်းမစားဘဲ ပြန်ကြွသွားခဲ့တယ်။ နောက်ထပ်တစ်ဖန် ပင့်တဲ့အတွက် ကြွလာတဲ့ အရှင်မဟာမောဂ္ဂလာန်လည်း အရှင်သာရိ ပုတ္တရာလို ပြန်ကြွသွားခဲ့ပြန်တယ်။

ကိုရင်လေးတွေဟာ နံနက်စာ ဘာတစ်ခုမှ ဘုဉ်းမပေးရသေးတဲ့အတွက် ဆာ လောင်မွတ်သိပ်ပြီး ထိုင်စောင့်နေကြရတယ်။ သိကြားမင်းက သိပြီးတော့ ပုဏ္ဏားအိုကြီး အသွင် ဖန်ဆင်းပြီး သူဌေးမကြီးအိမ်ကို ရောက်လာတယ်။ သူဌေးကြီးက ပုဏ္ဏားအိုကြီးကို ဆီးကြိုတယ်။ ဆရာတော်တွေအတွက် ခင်းထားတဲ့နေရာမှာ ထိုင်ဖို့ ဖိတ်ကြားတယ်။ ပုဏ္ဏားအိုကြီးက အဲဒီနေရာမှာ မထိုင်ဘဲ ကိုရင်လေးတွေကို ရိုရိုသေသေရှိခိုးပြီး ကိုရင်လေးတွေ ထက် နိမ့်တဲ့နေရာမှာ သွားထိုင်တယ်။

သူဌေးမကြီးဟာ ပုဏ္ဏားအိုကြီးရဲ့ အပြုအမူတွေကို ကြည့်ပြီး “ဒီပုဏ္ဏားအိုကြီးနှယ် ရူးလိုက်တာ၊ ကိုယ့်မြေးလောက်တောင် မရှိသေးတဲ့ ကလေးတွေကို ရှိခိုးနေတယ်” လို့ ရေရွတ်ပြောဆိုပြီး ပုဏ္ဏားအိုကြီးကို အိမ်အပြင် ဆွဲထုတ်ပါတယ်။ လင်မယားနှစ်ယောက်လုံး ဆွဲထုတ်ကြပေမဲ့ ပုဏ္ဏားအိုကြီးကို နေရာကနေရွေ့အောင် မလုပ်နိုင်ကြဘူး။ အဲဒီတော့မှ ပုဏ္ဏားအိုကြီးက သူဟာ သိကြားမင်းဖြစ်ကြောင်း ပြောပြလိုက်တယ်။

သိကြားမင်းကိုယ်တိုင် ရောက်လာပြီး ကိုရင်လေးတွေကို ရှိခိုးတဲ့အတွက် သူဌေး ကြီးနှင့် သူဌေးမကြီးတို့ဟာ ကိုရင်လေးတွေကို ရိုရိုသေသေ ရှိခိုးဦးချပြီး ဆွမ်းလောင်းလှူ ပါတော့တယ်။ ဆွမ်းအလှူခံပြီးတဲ့အခါ ကိုရင်သုံးပါးဟာ အိမ်ခေါင်မိုးကို ဖောက်ထွက်ပြီး တန်ခိုးနဲ့ ပြန်ကြွသွားကြတယ်။ နောက်တစ်ပါးကတော့ မြေကြီးထဲကို ဖောက်ထွက်ပြီး တန်ခိုး နဲ့ ကျောင်းကိုပြန်ကြွသွားတယ်။ သိကြားမင်းကလည်း တန်ခိုးနဲ့ ပြန်သွားခဲ့တယ်။ အဲဒီနေ့က စပြီး သူဌေးကြီးတို့ ဇနီးမောင်နှံဟာ ကိုရင်လေးတွေကို အထင်မသေးတော့ဘဲ ရိုရိုသေသေ လေးလေးစားစားနဲ့ ဆက်ဆံကြပါတော့တယ်။

မှီငြမ်း ။ ။ သာမဏေရာနံဝတ္ထု၊ ဓမ္မပဒဝတ္ထုမြန်မာပြန်၊ပဉ္စမတွဲ၊ ၂၃၅။ ဓမ္မပဒ၊ ဋ္ဌ၊ ၂။ ၄၁၆။

ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။ ဇာတ်လမ်းထဲမှာပါတဲ့ ကိုရင်လေးပါးရဲ့ နာမည်တွေကို ပြောပြပါဦး။ သူဌေးမကြီးက ကိုရင်လေးတွေကို ဘယ်လိုဆက်ဆံသလဲ။ သူဌေးမကြီးက ကိုရင်လေးတွေကို ဘာလို့ ဆွမ်းမကပ်ချင်တာလဲ။ ကိုရင်လေးပါးက ဘယ်လို အစွမ်းပြကြသလဲ။

သားတို့၊ သမီးတို့ရော ကိုရင်လေးတွေကို တွေ့ ရင် ဘယ်လိုဆက်ဆံမလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ကိုရင်ငယ်လေးပါး ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဇာတ်လမ်းပါ ရုပ်ပုံများပေါ် မူတည်ပြီး ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

[သတိပြုရန် 6]

֍အုပ်စုအားလုံးကို ရုပ်ပုံတစ်ခုစီဝေပေးပြီး ၎င်းတို့ရရှိထားသော ရုပ်ပုံများ၏ အကြောင်း အရာကို အုပ်စုလိုက် စဉ်းစားတိုင်ပင်ကြပါစေ။

[သတိပြုရန် 7]

֍အုပ်စုတစ်စုချင်းစီ၏ ကိုယ်စားလှယ်များက ရုပ်ပုံများကို ကိုင်ထားစေရမည်။

֍“ဘယ်သူကိုင်ထားတဲ့ပုံက အစ ဖြစ်မလဲ”ဟု မေးမြန်းပြီး မိမိတို့ရရှိသော ရုပ်ပုံများ အလိုက် ဇာတ်လမ်းကို အစဉ်အတိုင်း ပြည့်စုံအောင် ပြောပြကြပါစေ။ (အုပ်စုတစ်စု ချင်းစီက မိမိတို့ရရှိထားသော ရုပ်ပုံပါ အကြောင်းအရာများကိုသာ ပြောပြရမည်။) အားလုံးပြီးသွားချိန်တွင် ဇာတ်လမ်းကို အစအဆုံး ပြောပြနိုင်သူများကို ဖိတ်ခေါ်ပါ။ နောက်ဆုံးတွင် ဆရာက ဇာတ်လမ်းကို ပြန်လည်ပြောပြပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ရဟန်းသာမဏေ တို့ရိုသေ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါမေးခွန်းများဖြင့် အစပျိုးပါ။

-ဇာတ်လမ်းမှာ ဘယ်သူတွေ ပါသလဲ။
-ကိုရင်တွေ၊ ဘုန်းကြီးတွေက လေးစားထိုက်သလား။
-ကိုရင်တွေ၊ ဘုန်းကြီးတွေကို တွေ့ ရင် ဘယ်လိုပြုမူရမလဲ။ ဘာတွေလုပ်ရမလဲ။

֍အောက်ပါကဗျာကို အမူအရာနှင့် ရွတ်ဆိုတတ်ရန် သင်ပြပေးပါ။

ရဟန်းသာမဏေတို့ရိုသေ

ဘုရားသားတော် ရဟန်းသံဃာ၊
ရိုသေ လေးစားမှာ။
လက်အုပ်ချီကာ ဦးနှိမ်ချ၊
အမြဲ ရှိခိုးကြ။
ငယ်စဉ်ကတည်းက ကျင့်ကြံပေ၊
ထူးတဲ့ ရှင်သာမဏေ။
တို့တစ်တွေ ရှိခိုးလို့၊
ကုသိုလ်ယူကြစို့။ ။

֍နောက်ဆုံးတွင် အောက်ပါ ဆုံးမစကားများကို ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။ “သားတို့၊ သမီးတို့ဟာ ကြီးလာတဲ့အခါမှာ ဆရာကြီး၊ ဆရာမကြီး၊ အင်ဂျင်နီယာ၊ ဆရာဝန်တွေ ဖြစ်လာသလိုပဲ ကိုရင်လေးတွေဟာလည်း ကြီးလာရင် ဘုန်းဘုန်းတွေလို ဗုဒ္ဓသာသနာမှာ တရားတော်တွေကို ပြန့်ပွားအောင် ဆက်လက်လုပ်ဆောင်ပေးကြမယ့် သူတွေ ဖြစ်လာလိမ့်မယ်။ သူတို့တွေသာမရှိရင် ဗုဒ္ဓသာသနာတော်ဟာ အဆက်ပြတ် ကွယ်ပျောက်သွားနိုင်တယ်။ ဒါ့ကြောင့် သားတို့၊ သမီးတို့ဟာ ဘုန်းဘုန်းတွေကို ရိုသေ လေးစားသလို ကိုရင်လေးတွေကိုလည်း ရိုသေလေးစားရမယ်နော်”။

  1. နာမည်တစ်ခုချင်းစီ ရေး ထားသော စာရွက်များကို အဆင်သင့် ပြင်ထားရမည်။
  2. ကလေးများ၏ အဖြေတွင်“ကိုရင်လေး များကိုလည်း တွေ့ သည်ဟူသော အဖြေပါဝင်လာသည်အထိ မေးပေးပါ။
  3. ကလေးများ ပြောသမျှ လက်ခံပေးပါ။
  4. မပြောသော ကလေးများကို ပြောအောင် အားပေးပါ။
  5. ကလေးများအားလုံး ပါဝင်ဖြေဆိုလာအောင် တိုက်တွန်းအားပေးပါ။
  6. အစီအစဉ်ကျအောင် ဆရာက ဦးဆောင် ပြောပြပေးရမည်။
  7. စဉ်းစားရ ခက်နေပါက ကူညီပေးရမည်။