စည်တီးသမားလေး (ဆရာ)

From Wikisource
Jump to navigation Jump to search
339359ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၂၆။ စည်တီးသမားလေး (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၆)

စည်တီးသမားလေး

သင်ယူမှုဦးတည်ချက် ။ ။ မိဘစကား နားထောင်တတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဖေဖေ မေမေ သီချင်းကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဒုတိယတန်း သင်ခန်းစာ (၂၀) တွင် သင်ပြီးခဲ့သော “သုတနုဆင်းရဲသားလေး” ဇာတ်လမ်းကို မှတ်မိသောကလေးများရှိပါက ပြန်ပြောပြကြပါစေ။

[သတိပြုရန် 1]

֍ဇာတ်လမ်းပြောပြီးပါက ဒုတိယတန်း၊ သင်ခန်းစာ (၂ဝ) တွင် သင်ကြားဖူးခဲ့သော “ဖေဖေ မေမေ” ကဗျာကို ပြန်လည်ရွတ်ဆိုကြပါစေ။

ဖေဖေ မေမေ

-ထမင်းဟင်း စားနိုင်ဖို့ စီမံကာရယ် ချက်ပြုတ်ပေးနေတဲ့ တို့မေမေ
အမေ့စကား နားထောင်လို့ လိမ္မာစွာပင် ကျေးဇူးဆပ်ပါမယ်။
-ထမင်းဟင်း စားနိုင်ဖို့ ငွေရှာကာရယ် ကြိုးစားပေးနေတဲ့ တို့ဖေဖေ
အဖေ့စကား နားထောင်လို့ လိမ္မာစွာပင် ကျေးဇူးဆပ်ပါမယ်။
-အဝတ်အစား သန့်စင်ဖို့ ဖြူစင်အောင် လျှော်ဖွပ်ပေးနေတဲ့ တို့မေမေ
အမေ့စကား နားထောင်လို့ လိမ္မာစွာပင် ကျေးဇူးဆပ်ပါမယ်။
-အဝတ်အစား ကောင်းဝယ်ဖို့ ငွေရှာကာရယ် ကြိုးစားပေးနေတဲ့ တို့ဖေဖေ
အဖေ့စကား နားထောင်လို့ လိမ္မာစွာပင် ကျေးဇူးဆပ်ပါမယ်။

֍ကဗျာရွတ်ဆိုပြီးသောအခါ အောက်ပါမေးခွန်းကို မေးပြီး ကလေးများက ဖြေတတ်သလို ဖြေကြပါစေ။

-သားတို့၊ သမီးတို့အနေနဲ့ မိဘစကား နားထောင်တာ ကောင်းတယ်လို့ ထင်လား၊ မကောင်းဘူးလို့ ထင်လား။ ဘာကြောင့်လဲ။

֍ကလေးများ ဖြေဆိုပြီးသောအခါ “ဟုတ်ပြီ၊ မိဘစကားနားထောင်တာ ကောင်းတယ်၊ မကောင်းဘူးနဲ့ ပတ်သက်ပြီး နောက်တစ်ချိန်ကျရင် ဇာတ်လမ်းလေးနဲ့ ပြောပြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ စည်တီးသမားလေး ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍စည်တီးသမားလေး ဇာတ်လမ်းပါသရုပ်ဖော်ပုံများကို ကလေးအားလုံးမြင်အောင် ပြထား အောက်ပါ စည်တီးသမားလေး ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

စည်တီးသမားလေး

ဟိုးရှေးရှေးတုန်းက တောရွာလေးတစ်ရွာမှာ စည်တီးတဲ့အလုပ် လုပ်ကိုင်ပြီး အသက် မွေးဝမ်းကျောင်းပြုနေတဲ့ သားအဖနှစ်ယောက် ရှိတယ်။ တစ်နေ့မှာ အဖေက “သားရေ ... မြို့ ပေါ်မှာ ပွဲတော်တစ်ခု ကျင်းပနေတယ်လို့ ကြားရတယ်၊ တို့သားအဖနှစ်ယောက် မြို့ကိုသွား ကြရအောင်၊ ငါတို့အတွက် ဝင်ငွေကောင်းမယ့် အလုပ်တစ်ခု ပေါ်လာပြီ”လို့ ပြောပြီး သားအဖ နှစ်ယောက် မြို့ကို ထွက်လာခဲ့ကြတယ်။

မြို့ရောက်တဲ့အခါ သားအဖနှစ်ယောက်ဟာ ပွဲတော်မှာ စည်တီးပြီး အကောင်းဆုံးဖြစ် အောင် ဖျော်ဖြေပေးကြတယ်။ လာကြည့်ကြတဲ့ လူတွေက သဘောကျပြီး ဆုချကြတာကြောင့် ငွေတွေ အများကြီး ရရှိသွားကြတယ်။ ပွဲပြီးသွားတဲ့အခါ သားအဖနှစ်ယောက်ဟာ ငွေထုပ်ကြီး ပိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လာခဲ့ကြတယ်။ သူတို့နေတဲ့ရွာနဲ့ မြို့ကြားမှာ သူခိုးတွေနေတဲ့ တောအုပ်ကြီးတစ်ခု ရှိတယ်။

ဒါကြောင့် အဖေဖြစ်သူက “သားရေ ... တောအုပ်ထဲကို ရောက်တဲ့အခါ ဘုရင်တွေ ခရီးသွားရင်တီးတဲ့ စည်တီးသံလိုမျိုး တစ်ချက်ချင်းတီးပါ၊ အဆက်မပြတ်ကြီး မတီးပါနဲ့”လို့ သားကို မှာထားတယ်။ ငွေတွေ အများကြီးရလာလို့ ပျော်ရွှင်နေတဲ့သားလေးဟာ အဖေ့စကား ကို နားမထောင်ဘဲ သီချင်းတစ်ပုဒ်ကို သီဆိုရင်း စည်ကို အဆက်မပြတ် တီးလာခဲ့တယ်။

သူခိုးတွေဟာ အစပိုင်းမှာ ဘုရင့်စည်သံထင်ပြီး ထွက်ပြေးပုန်းရှောင်ခဲ့ကြတယ်။ အဆက်မပြတ်တီးနေတဲ့ စည်သံကြောင့် ဘုရင့်စည်သံ မဟုတ်မှန်း သိသွားကြပြီးတော့ ပုန်း နေရာကနေ ထွက်လာခဲ့ကြတယ်။ အဲဒီနောက် သားအဖနှစ်ယောက်လုံးကို ရိုက်နှက်ထိုး ကြိတ်ပြီး ငွေတွေကိုလည်း ယူသွားခဲ့ကြတယ်။ သားလေးဟာ သူတို့ငွေတွေ ဆုံးရှုံးသွားတော့ မပျော်ရွှင်နိုင်တော့ဘဲ “အဖေ့စကားကို နားမထောင်လို့ အခုလို ဖြစ်ရတာပါ၊ နောက်ဆိုရင် အဖေ့စကားကို သား အမြဲနားထောင်ပါတော့မယ်”လို့ ပြောပြီး ငိုနေပါတော့တယ်။

မှီငြမ်း ။ ။ ဘေရိဝါဒကဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ပထမတွဲ၊ ၂၄၇။ ဇာ၊ ဋ္ဌ၊ ၁၊ ၃ဝဝ။

֍အောက်ပါမေးခွန်းများကို မေးပါ။

-ဇာတ်လမ်းထဲမှာပါတဲ့ သားအဖနှစ်ယောက်ဟာ ဘာအလုပ် လုပ်ကိုင်ကြသလဲ။
-မြို့မှာ စည်တီးပြီး ပြန်လာတဲ့အချိန်မှာ အဖေဖြစ်သူက သားကို ဘယ်လို မှာသလဲ။
-သားက အဖေ့စကားကို နားထောင်လား။
-အဲဒီလို နားမထောင်တဲ့အတွက် ဘာဖြစ်သွားကြလဲ။
-နောက်ဆုံးမှာ သားဖြစ်သူက ဘယ်လိုပြောပြီး ငိုကြွေးသလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ စည်တီးသမားလေး ဇာတ်လမ်းပါသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍သရုပ်ဖော်ပုံများပြ၍ “ဇာတ်လမ်းကို ပြန်ပြောနိုင်တဲ့သူ ရှိလား၊ ပြန်ပြောပြချင်တဲ့သူရှိလား” ဟု မေးပြီး ပြောပြလိုသော ကလေးများက အတန်းရှေ့ထွက်ပြီး ပြန်ပြောပြပါစေ။

[သတိပြုရန် 2][သတိပြုရန် 3]

֍ထို့နောက် အောက်ပါမေးခွန်းများကို မေးပါ။

-စည်တီးသမားလေးက သူ့အဖေစကားကို နားမထောင်တော့ ဘာတွေဖြစ်လဲ။
-စည်တီးသမားလေးက သူ့အဖေစကားကို နားထောင်ခဲ့မယ်ဆိုရင်ကော ဘာဖြစ်မလဲ။
-သားတို့၊ သမီးတို့သာ စည်တီးသမားလေးနေရာမှာဆိုရင် ဘယ်လိုလုပ်မလဲ။

֍ကလေးများ၏ အဖြေများကို မှတ်သားထားပြီး လိုအပ်သလို အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပြီး အောက်ပါအကြောင်းအရာကို ဆွေးနွေးကြ ပါစေ။

[သတိပြုရန် 4]

-ဖေဖေ၊ မေမေစကားနားထောင်ရင် ဘာတွေရနိုင်မလဲ၊ နားမထောင်ရင် ဘာတွေဖြစ် တတ်သလဲ။

֍အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ဆွေးနွေးထားသည်များကို အတန်းရှေ့သို့ ထွက်၍ ပြောပြကြပါစေ။

֍ထို့နောက် ဆက်လက်၍ အောက်ပါအခြေအနေများကို တစ်ခုစီပြောပြပြီး စဉ်းစားချိန်ပေးပါ။

֍အခြေအနေတစ်ခုပြီးတိုင်း အုပ်စုကိုယ်စားလှယ်များက စဉ်းစားထားသည်များကို ပြောပြ ကြပါစေ။

အခြေအနေ (၁) မိုးရေထဲမှာ ပျော်ပျော်ရွှင်ရွှင် ဘောလုံးကန်ဖို့ မောင်မောင့်ကို သူငယ်ချင်း တွေက လာခေါ်ကြတယ်။ ဒါပေမဲ့ အမေက မိုးတွေရွာနေလို့ သွားမဆော့ဖို့ တားတယ်။ (အဲဒီအချိန်မှာ မောင်မောင်က သူငယ်ချင်းတွေနဲ့ လိုက်သွားရင် ဘာဖြစ်မလဲ။ အမေ့စကားကို နားထောင်လိုက်ရင် ဘာဖြစ် မလဲ။)

အခြေအနေ (၂) ဘကြီးဖြိုးတို့ခြံမှာ သရက်သီးသွားခူးဖို့ သူငယ်ချင်းတွေက ဝဏ္ဏကို လာခေါ်ကြတယ်။ အဲဒီအချိန်မှာ အဖေက သူနေမကောင်းလို့ ဒီနေ့ သူ့အလုပ်တွေကို ဝိုင်းကူဖို့ ဝဏ္ဏကို ပြောထားတယ်။ (ဝဏ္ဏသာ သူငယ်ချင်းတွေနဲ့ လိုက်သွားရင် ဘာတွေဖြစ်နိုင်လဲ။ လိုက်မသွားဘဲ အဖေ့ကို ဝိုင်းကူလိုက်ရင်ရော ဘာတွေဖြစ်နိုင်သလဲ။)

အခြေအနေ (၃) မွှေးမွှေးကို မေမေက ဆေးဆိုးထားတဲ့ အချဉ်ပေါင်းတွေ၊ ဆေးသကြား ပါတဲ့မုန့်တွေ၊ ဆေးဆိုးထားတဲ့ အသီးတွေမစားဖို့ မှာထားတယ်။ ကျောင်းမှာ သူငယ်ချင်း ဇင်နွယ်က သူ့မှာ အချဉ်ပေါင်းတွေ အများကြီး ရှိလို့ မွှေးမွှေးကိုကျွေးတယ်။ (မွှေးမွှေးသာ ဇင်နွယ်ကျွေးတဲ့ အချဉ်ပေါင်း တွေ စားလိုက်ရင် ဘာဖြစ်မလဲ။ မစားဘဲ မေမေ့စကားကို နားထောင် လိုက်ရင်ရော ဘာတွေဖြစ်နိုင်လဲ) စသည့်အခြေအနေများအပြင် ဆရာက လိုအပ်သလို ဖြည့်စွက်ပြောပြနိုင်ပါသည်။

֍အုပ်စုတစ်ခုချင်းမှ တင်ပြပြီးတိုင်း ဆရာနှင့် ကျန်ကလေးများက လက်ခုပ်တီး၍ ချီးကျူး အားပေးပါ။

֍နောက်ဆုံးတွင် ဆရာက “ဒီနေ့ကစပြီး သားတို့၊ သမီးတို့ဟာ မိဘစကားကို နားထောင် တတ်တဲ့ လိမ္မာသောကလေးများ ဖြစ်ကြပါစေ”ဟု ဆုတောင်းပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကလေးများ မမှတ်မိလျှင် ဆရာက ပြန်လည် အစဖော်ပေးပါ။
  2. ကလေးများအား စဉ်းစားချိန်ကို လုံလောက်စွာ ပေးပါ။
  3. ကလေးတိုင်း ပါဝင် ဖြေဆိုအောင် ဆရာက ကူညီပေးပါ။
  4. ဆွေးနွေးရမည့် အကြောင်းအရာကို ဆရာက သင်ပုန်းတွင် ရေးပြထားရမည်။