မုန့်ဖိုး (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
339358ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၂၅။ မုန့်ဖိုး (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၅)

မုန့်ဖိုး

သင်ယူမှုဦးတည်ချက် ။ ။ မုန့်ဖိုး စုတတ်သော အလေ့အကျင့်ကောင်းနှင့်မုန့်ဖိုးကို အကျိုးရှိစွာ သုံးတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ စာရွက်ပိုင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးတစ်ဦးစီအား စာရွက်ပိုင်းများ ဝေပါ။

֍ထို့နောက် “ကလေးတို့ မုန့်ဝယ်စားဖို့အတွက်ဆိုပြီး တစ်ဦးဦးက ပေးတဲ့ငွေကို မုန့်ဖိုးလို့ ခေါ်တယ်”ဟု ပြော၍ အောက်ပါမေးခွန်းများကို မေးပါ။

-မုန့်ဖိုးကို ဘယ်သူတွေဆီက ရနိုင်သလဲ။
-မုန့်ဖိုးကို ဖေဖေနဲ့မေမေပဲ ပေးတာလား။ နောက်ဘယ်သူတွေ ပေးသေးလဲ။
-သားတို့၊ သမီးတို့ကို ဘိုးဘိုး/ဘွားဘွား/ဦးဦး/ဒေါ်ဒေါ်/ကိုကို/မမတို့က မုန့်ဖိုးပေး တော့ သားတို့၊ သမီးတို့ဆီမှာ မုန့်ဖိုးတွေ အများကြီးပေါ့။ အဲဒီမုန့်ဖိုးကို သားတို့၊ သမီး တို့က ဘာတွေလုပ်ကြမလဲ။ ဘယ်လိုသုံးကြမလဲ။

[သတိပြုရန် 1]

֍“သားတို့၊ သမီးတို့ဆီမှာ စုထားတဲ့မုန့်ဖိုးတွေ ရှိတယ်ဆိုပါတော့၊ အဲဒီမုန့်ဖိုးကို ဘယ်လိုသုံး ကြမလဲ”ဟု မေးပြီး စဉ်းစားကြစေကာ စာရွက်ပိုင်း တစ်ခုစီပေါ်တွင် ချရေးကြပါစေ။

[သတိပြုရန် 2]

֍ကလေးတစ်ဦးစီ ချရေးထားသော စာရွက်ပိုင်းများကို သင်ပုန်းပေါ်တွင် အောက်ပါ ဂရပ် ပုံစံအတိုင်း ကပ်ကြပါစေ။

မုန့်ဝယ်စားမယ်
မုန့်ဝယ်စားမယ်
မုန့်ဝယ်စားမယ်
မုန့်ဝယ်စားမယ်
မုန့်ဝယ်စားမယ် လှူမယ်
မုန့်ဝယ်စားမယ် အရုပ်ဝယ်မယ် လှူမယ်
မုန့်ဝယ်စားမယ် အရုပ်ဝယ်မယ် လှူမယ်
မုန့်ဝယ်စားမယ် အရုပ်ဝယ်မယ် စုမယ် လှူမယ် စာအုပ်ဝယ်မယ်
မုန့်ဝယ်စားမယ် အရုပ်ဝယ်မယ် စုမယ် လှူမယ် စာအုပ်ဝယ်မယ် ဘောပင်ဝယ်မယ်

֍ကလေးများကပ်ပြီးသောအခါ သင်ပုန်းပေါ်က အချက်အလက်များကိုကြည့်၍ “အခုဆိုရင် မုန့်ဖိုးကို သားတို့၊ သမီးတို့ ဘယ်လိုသုံးမယ်ဆိုတာ သိသွားကြပြီ၊ ဒီအချက်တွေထဲက ဘယ်ဟာတွေက အကျိုးရှိတဲ့ဟာတွေလဲ၊ ဘယ်ဟာက အကျိုးမရှိတာတွေလဲ” စသည်ဖြင့် မေးမြန်းပြောဆိုပြီး လိုအပ်သလို အနှစ်ချုပ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မုန့်ဖိုးစုတဲ့ လူလိမ္မာလေး ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

“သားတို့၊ သမီးတို့ကို မုန့်ဖိုးစုတတ်တဲ့ လူလိမ္မာလေးတစ်ယောက်အကြောင်း ပြောပြမယ်” ဟုဆိုကာ အောက်ပါဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

မုန့်ဖိုးစုတဲ့ လူလိမ္မာလေး

တစ်ခါတုန်းက ကျော်စွာနဲ့ မင်းသူဆိုတဲ့ သူငယ်ချင်းနှစ်ယောက် ရှိတယ်။ သူတို့က အိမ်နီးနားချင်းတွေ ဖြစ်တဲ့အပြင် မိဘချင်းကလည်း အလွန်ရင်းနှီးပြီး တစ်ဦးကိုတစ်ဦး ကူညီ ကြတဲ့ မိသားစုတွေဖြစ်တော့ သူတို့ သူငယ်ချင်းနှစ်ယောက်ဟာ ညီအစ်ကိုတွေလို ချစ်ခင်ကြ တာပေါ့။ မုန့်ဖိုးရရင်လည်း အတူတူ ဝယ်စားကြတယ်။ ဂိမ်းလည်း အတူတူ ဆော့ကြတယ်။ ပြီးတော့ ကစားစရာ အရုပ်တွေကိုလည်း အတူတူဝယ်ပြီး ဆော့ကြတယ်။ ကျောင်းသွားလို့ မုန့်ဖိုးရရင်လည်း လမ်းမှာတွေ့တာ၊ စားချင်တာကို အကုန်ဝယ်စားလိုက်ကြတယ်။ တစ်ခါမှ မုန့်ဖိုးကို မစုကြဘူး။ လိုချင်တာရှိရင်လည်း သူတို့ရဲ့ ဖေဖေနဲ့ မေမေကို ပူဆာကြတာ အကျင့် တစ်ခုလို ဖြစ်နေကြတယ်။

ဒီလိုနဲ့ တစ်နေ့ကျတော့ နယ်မှာရှိနေတဲ့ ကျော်စွာရဲ့ ဦးလေးက ကျော်စွာတို့အိမ်ကို အလုပ်ကိစ္စနဲ့ ရောက်လာတယ်။ ဦးလေးက ကျော်စွာ့ဖေဖေကို “အစ်ကိုကြီး၊ တန်ဆောင်တိုင် ကျောင်းပိတ်ရင် ကျော်စွာတို့နှစ်ယောက်ကို ရွာကို အလည်ခေါ်လာဖို့ ကိုရဲက မှာလိုက်တယ်။ ရွာမှာလည်း အလွန်စည်တယ်။ ကလေးတွေ အတွေ့ အကြုံရအောင် ကျွန်တော် ခေါ်သွားမယ် လေ။ တကူးတက ပို့စရာလည်း မလိုပါဘူး၊ ကျွန်တော် ပြန်လာရဦးမှာဆိုတော့ ခေါ်သွားမယ် နော်”လို့ ပြောနေတာကို ကျော်စွာက ကြားတော့ ဟာ ဦးလေး သားလည်း ကိုရဲကို အရမ်း တွေ့ ချင်တာပဲ၊ ဖေဖေ သားတို့ လိုက်သွားမယ်နော်”လို့ ပြောလိုက်တယ်။

သူတို့မသွားခင်မှာ ကျော်စွာကို ဖေဖေက ကောင်းကောင်းမွန်မွန်နေဖို့၊ စကားကို ယဉ်ယဉ်ကျေးကျေးပြောဆိုဖို့နဲ့ ရွာကနေ မှတ်သားစရာတစ်ခုခု ယူလာရမယ်လို့ မှာလိုက် တယ်။ မင်းသူရဲ့ အဖေကလည်း လိုက်ခွင့်ပြုတဲ့အတွက် ကျော်စွာနဲ့မင်းသူဟာ ဦးလေးနဲ့အတူ ရွာကို လိုက်လာခဲ့ကြတယ်။ ကိုရဲက ကျော်စွာတို့ကိုတွေ့ တော့ အလွန်ပျော်သွားတာပေါ့။ ကိုရဲ က “လာ လာ ညီလေးတို့ အစ်ကိုက မင်းတို့ကို မျှော်နေတာ။ ခဏ နားဦးနော်လို့ ပြောပြီး သူတို့ရဲ့ပစ္စည်းတွေကို သိမ်းပေးလိုက်တယ်။ ဧည့်ခန်းထဲက စာအုပ်စင်မှာ စာအုပ်တွေ အများကြီးတွေ့ တော့ ကျော်စွာက “ကိုရဲ ဒီစာအုပ်တွေကို ဦးလေး ဝယ်ပေးထားတာလား”လို့ မေးလိုက်တယ်။ ကိုရဲက “ဖေဖေ ဝယ်ပေးထားတာ မဟုတ်ဘူး၊ အစ်ကို့မုန့်ဖိုးတွေ စုပြီးဝယ် ထားတာ”လို့ . ပြန်ပြောလိုက်တော့ သူတို့နှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိသွားကြတာပေါ့။

အဲဒီအချိန်မှာ ဦးလေးက “ဟုတ်တယ်၊ ငါ့တူတို့ရေ၊ ကိုရဲက မုန့်ဖိုးရရင် အားလုံး ကုန်အောင်မသုံးဘူး၊ တချို့ကို စုလေ့ရှိတယ်။ ဟိုနားမှာ သူ့စုဘူးလေ”လို့ ပြောပြီး စုဘူးကို ယူပြပေးတယ်။ ဒါပေမဲ့ ပိုက်ဆံတွေ မတွေ့ လို့ ပိုက်ဆံတွေအားလုံးကို သုံးလိုက်တာလား ကိုရဲလို့ ကျော်စွာက မေးလိုက်တော့ ကိုရဲက ဘာမှပြန်မပြောဘဲ ပြုံးပဲပြုံးနေတယ်။ ဦးလေးက ပဲ “သုံးတာတော့ သုံးလိုက်တာပဲ၊ ဒီအတိုင်း သုံးလိုက်တာတော့မဟုတ်ဘူး၊ သီတင်းကျွတ် တုန်းက ဦးလေးတို့ကို ကန်တော့လိုက်တာလေ၊ ပြီးတော့ သူတို့ကျောင်းမှာ ကထိန်သင်္ကန်း ကပ်တော့ ဒီစုထားတဲ့ မုန့်ဖိုးထဲကပဲ အလှူငွေထည့်တာ၊ မနက်ဖြန်လုပ်မယ့် ရွာက သက်ကြီး ပူဇော်ပွဲအတွက်လည်း အလှူငွေ ထည့်လိုက်သေးတယ်၊ နောက်ပြီး ရွာက စတုဒိသာကျွေးတဲ့ ဆီမှာလည်း အလှူပါသေးတယ်”လို့ ပြောပြတော့ ကျော်စွာနဲ့မင်းသူဟာ ပါးစပ်အဟောင်းသား နဲ့ ဖြစ်သွားတယ်။

ဦးလေးက “ကဲ ကဲ ... ရေမိုးချိုးကြတော့၊ ထမင်းစားပြီးရင် ကိုရဲက သားတို့ကို ရွာထဲ လိုက်ပြပေးလိမ့်မယ်၊ လျှောက်လည်ကြည့်လိုက်ဦး”လို့ ပြောပြီး အလုပ်လုပ်ဖို့ ထွက်သွား တယ်။ ကျော်စွာတို့လည်း ရေချိုးလိုက်ကြတယ်။ ညနေခင်းပိုင်းရောက်တော့ ကိုရဲက စတု ဒိသာ ကျွေးတဲ့နေရာကို ခေါ်သွားပြီး လိုက်ပြပေးတယ်။ တစ်ရွာလုံးကလူတွေ ကြက်သား ဆန်ပြုတ်ကို အားရပါးရစားနေတာ မြိန်စရာကြီးပဲ။ ကိုရဲတို့လည်း ကြက်သားဆန်ပြုတ် ဝင်စား ခဲ့ကြပြီး ရွှေဆံတော်ဘုရားကို ထွက်လာကြတယ်။ လမ်းတစ်လျှောက်လုံး အိမ်တိုင်းမှာ မီးပုံး တွေ ထွန်းထားတာတွေ့ တော့ ကြည်နူးမိတယ်။ မနက်ရောက်တော့ ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်တယ်။ ညနေစောင်းမှာတော့ သက်ကြီးပူဇော်ပွဲကိုသွားပြီး အဘိုး၊ အဘွားတွေကို ပူဇော်ကန်တော့ခဲ့ကြသေးတယ်။

နောက်နေ့မနက်မှာတော့ ကျော်စွာတို့နှစ်ယောက်ဟာ ဦးလေးနဲ့အတူ ရန်ကုန်ကို ပြန်လာကြတာပေါ့။ ကားပေါ်မှာ သူတို့နှစ်ယောက်ဟာ အတွေးကိုယ်စီနဲ့.. တိတ်တိတ်လေး လိုက်ပါလာကြတယ်။ မင်းသူရဲ့ အတွေးထဲမှာတော့ ဒီတစ်ခါ မုန့်ဖိုးရရင် တကယ်စုတော့မယ်။ ကိုရဲလို အကျိုးရှိရှိ သုံးရမယ်လို့ တိတ်တိတ်လေး တစ်ယောက်တည်းကြိတ်ပြီး ဆုံးဖြတ်ချက် ချနေတယ်။ ကျော်စွာကတော့ ဖေဖေပြောတဲ့ ရွာကနေ မှတ်သားစရာတစ်ခုခု ယူလာရမယ် ဆိုတဲ့ စကားကို ကောင်းကောင်းသဘောပေါက်ပြီး ကိုရဲအကြောင်းကို ပြောပြရမယ်လို့ တွေး နေတယ်။ ပြီးတော့ ကိုယ်တိုင်လည်း မုန့်ဖိုးရရင် အကုန်သုံးတတ်တဲ့ အကျင့်ဆိုးကို ဖျောက်ပြီး မုန့်ဖိုးစုတတ်တဲ့သူ၊ အကျိုးရှိရှိ သုံးတတ်တဲ့သူဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ပြီး ပျော်ရွှင်စွာနဲ့ အိမ်ပြန်လာကြတယ်။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဗလာစာရွက်များ၊ ရောင်စုံခဲတံ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ကဲ သားတို့၊ သမီးတို့ ဇာတ်လမ်းလေး နားထောင်လိုက်ရတော့ စိတ်ထဲမှာ ဘယ်လိုခံစား ရလဲ။ ဆရာ့ကို တစ်ယောက်လောက် ပြောပြပါဦး”ဟု ပြောပါ။

֍ပြီးနောက် “ဇာတ်လမ်းထဲမှာပါတဲ့သူတွေထဲက ဘယ်သူ့ကို သဘောကျတာလဲ။ ဘာ ကြောင့် သဘောကျတာလဲ”ဟု မေးပြီး ဖြေဆိုချင်သော ကလေးကို ဦးစွာ ဖြေခွင့်ပေးပါ။

֍ဆရာက “ဟုတ်ပါပြီ၊ ဒါဆိုရင် ကလေးတို့ရော မုန့်ဖိုးရရင် စုကြတော့မှာပေါ့ ဟုတ်လား” စသည်ဖြင့် မေးမြန်းပြောဆိုပြီးနောက် ကလေးများအား ဗလာစာရွက်တစ်ရွက်စီ ဝေပေးပြီး အောက်ပါအတိုင်း ပြောပါ။

“သားတို့၊ သမီးတို့ ရထားတဲ့ ဗလာစာရွက်မှာ စုဘူးပုံလေး ဆွဲကြမယ်။ စာရွက်ရဲ့ အလယ် တည့်တည့်မှာ ဆွဲမယ်။ ကိုယ့်စိတ်ကြိုက် စုဘူးပုံ ဆွဲလို့ရတယ်။ ဆွဲပြီးရင် အရောင်ခြယ် မယ်နော်။ ပြီးရင် ကိုယ်စုထားတဲ့မုန့်ဖိုးကို ဘယ်လိုသုံးမယ်ဆိုတာကို ရေးပေးရမယ်။ ဆရာက နမူနာ လုပ်ပြမယ်”ဟု ပြောကာ သင်ပုန်းတွင် အောက်ပါအတိုင်း ဆွဲပြပါ။

စာအုပ်ဝယ်မယ်

မုန့်ဖိုးကို ဘယ်လို သုံးမလဲ

֍ထို့နောက် “သားတို့၊ သမီးတို့အနေနဲ့ မုန့်ဖိုးရလာရင် ဘယ်နေရာမှာ သုံးမယ်ဆိုတာကို အဝိုင်းလေးထဲမှာ ဖြည့်မယ်နော်။ သုံးမယ့်နေရာများရင် အဝိုင်းများများ ဆွဲလို့ရတယ်။ စာရွက်မှာ ကိုယ့်နာမည်လေး ရေးထားမယ်နော်”ဟု ပြောပြီး ကလေးများစိတ်ကြိုက် ဆွဲကြပါစေ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ကလေးများရေးထားသော စာရွက်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါအတိုင်း ပြော၍ စာသင်ချိန်ကို စတင်ပါ။

“သားတို့၊ သမီးတို့က ကိုယ်စုထားတဲ့မုန့်ဖိုးကို ဘယ်လို အကျိုးရှိရှိသုံးမယ်ဆိုတာ ရေးပြီး သွားပြီဆိုတော့ သင်ပုန်း/နံရံမှာ လာကပ်ကြရမယ်”ဟု ဆိုကာ စာရွက်များကို သင်ပုန်း နံရံတွင် လာကပ်ကြပါစေ။

֍သင်ပုန်း/နံရံတွင် ကပ်ထားသော စာရွက်များကို လိုက်ကြည့်စေပြီး မိမိနှင့်မတူသော မုန့်ဖိုး သုံးမည့် အခြားနည်းလမ်းများကို အနည်းဆုံး (၃) ခု ရအောင် ကူးယူရေးသားကြပါစေ။

֍မိမိရရှိထားသော နောက်ထပ်အချက်အလက် (၃) ခုကို ကလေးတိုင်းက ပြောပြကြပါစေ။

֍နောက်ဆုံးတွင် ဆရာက အောက်ပါအတိုင်း ဖြည့်စွက်ပြောပေးပါ။

“သားတို့၊ သမီးတို့တစ်တွေဟာ အရင်တုန်းက မုန့်ဖိုးကို ဘယ်လိုပဲသုံးခဲ့သုံးခဲ့ အခုချိန်က စပြီး အကျိုးရှိအောင် သုံးကြရမယ်နော်။ ရတဲ့မုန့်ဖိုးကို လမ်းဘေးက မုန့်ဆိုင်တွေမှာ တွေ့ ကရာဝယ်စားရင် အခန့်မသင့်တဲ့အခါ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်တယ်။ ဂိမ်းဆိုင် မှာ ဂိမ်းချည်းဆော့နေရင်တော့ မျက်စိပျက်တတ်တယ်။ ဗျောက်အိုးတွေဝယ်ပြီး ဖောက် ရင်လည်း မျက်စိမှန်ပြီး မျက်လုံးကန်းတတ်တယ်။ ပြီးတော့ ဗျောက်အိုးဖောက်သံကြောင့် ကလေးနဲ့ အသက်ကြီးတဲ့အဘိုးအဘွားတွေ တအားလန့်သွားပြီး အန္တရာယ်ရှိနိုင်တယ်။ ဒီလို အကျိုးမရှိတဲ့နေရာတွေမှာ မသုံးဘဲ ခုနက သားတို့၊ သမီးတို့ ပြောခဲ့တဲ့အတိုင်း မုန့်ဖိုးကို အကျိုးရှိရှိသုံးကြမယ်ဆိုရင် အလွန်လိမ္မာတဲ့ သားတွေ၊ သမီးတွေ ဖြစ်လာမှာ ပေါ့။ ဒါ့ကြောင့် သားတို့၊ သမီးတို့တစ်တွေဟာ ဒီနေ့ကစပြီး မုန့်ဖိုး စုတတ်တဲ့ကလေးများ၊ စုထားတဲ့မုန့်ဖိုးကို အကျိုးရှိရှိ အသုံးပြုတတ်တဲ့ သားလိမ္မာ၊ သမီးလိမ္မာလေးတွေ ဖြစ်ကြပါ စေလို့ ဆုတောင်းပေးလိုက်ပါတယ်'။

  1. ကလေးများ၏ အဖြေ များကို လက်ခံထားပါ။
  2. စာရွက်ပိုင်းများကို ဆရာ့ဆီက လိုအပ် သလောက် ယူနိုင်ကြောင်း ပြောပါ။