မုန့်ဖိုး

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၅။ မုန့်ဖိုး
326939ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၂၅။ မုန့်ဖိုးဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၅)

မုန့်ဖိုးစုတဲ့ လူလိမ္မာလေး

[edit]

တစ်ခါက ကျော်စွာနှင့် မင်းသူဟူသော သူငယ်ချင်းနှစ်ယောက် ရှိလေသည်။ သူတို့သည် အိမ်နီး ချင်းများ ဖြစ်ကြပြီး၊ မိဘချင်းလည်း ရင်းနှီးကြသဖြင့် ညီအစ်ကိုရင်းပမာ အလွန်ချစ်ခင်ကြသည်။ သူငယ်ချင်း နှစ်ယောက်တို့သည် စားအတူ၊ သွားအတူ၊ ကစားအတူ နေထိုင်ကြရင်း မုန့်ဖိုးများကို မစုဆောင်းဘဲ အကုန် သုံးပစ်လေ့ရှိကြသည်။ သူတို့ လိုချင်သော ပစ္စည်းများရှိလျှင် မိဘများအား ဝယ်ပေးရန် ပူဆာတတ် ကြသည်။

တစ်နေ့သ၌ ကျော်စွာ၏ဦးလေးသည် အလုပ်ကိစ္စဖြင့် သူနေသောရွာမှ ကျော်စွာတို့အိမ်သို့ ရောက် လာသည်။ ဦးလေးပြန်သောအခါ ကျော်စွာနှင့် မင်းသူတို့ကို ရွာသို့ အလည်ခေါ်လေသည်။ ဖခင်ဖြစ်သူက ကျော်စွာကို ကောင်းမွန်စွာ နေထိုင်ဖို့၊ စကားကို ယဉ်ယဉ်ကျေးကျေး ပြောဆိုဖို့ မှာကြားပြီး လိုက်ခွင့်ပြုသည်။ ရွာမှ မှတ်သားစရာတစ်ခုခု ယူလာရန်လည်း ပြောကြားလိုက်သည်။ မင်းသူ၏ဖခင်ကလည်း လိုက်ခွင့် ပြုသဖြင့် ကျော်စွာနှင့် မင်းသူတို့သည် ဦးလေးနှင့်အတူ ရွာသို့ လိုက်လာကြသည်။

ဦးလေးတို့အိမ်သို့ ရောက်သောအခါ ဦးလေး၏သား ကိုရဲသည် ကျော်စွာတို့ကို တွေ့ရ၍ အလွန် ပျော်ရွှင်သွားသည်။ ကိုရဲက “လာ လာ ညီလေးတို့ ... အစ်ကိုက မင်းတို့ကို မျှော်နေတာ၊ ခဏနားဦးနော်”ဟု ပြောပြီး ပစ္စည်းများကို သိမ်းဆည်းပေးသည်။ ကျော်စွာသည် ဧည့်ခန်းထဲမှ စာအုပ်စင်ကို မြင်သောအခါ “ကိုရဲ ဒီစာအုပ်တွေကို ဦးလေး ဝယ်ပေးထားတာလား”ဟု မေးလိုက်သည်။ ထိုအခါ ကိုရဲက “ဖေဖေ ဝယ်ပေးထားတာ မဟုတ်ဘူး၊ အစ်ကို မုန့်ဖိုးတွေ စုပြီး ဝယ်ထားတာ”ဟု ပြန်ပြောသည်။

ထိုအချိန်တွင် ဦးလေးရောက်လာသည်။ “ဟုတ်တယ်၊ ငါ့တူတို့ရေ .... ကိုရဲက မုန့်ဖိုးရရင် အမြဲစုတယ်၊ အားလုံးမသုံးဘူး၊ ဟိုနားမှာ သူ့စုဘူးလေ”ဟု ပြောပြီး စုဘူးလေးကို ယူပြလေသည်။ စုဘူးထဲတွင် ပိုက်ဆံများ မတွေ့ရပါ။ “ပိုက်ဆံတွေအားလုံးကို သုံးလိုက်တာလား ကိုရဲ”ဟု ကျော်စွာက မေးလိုက်သောအခါ ကိုရဲသည် ပြုံးစိစိလုပ်နေသည်။

ထိုအခါ “ကိုရဲက သူစုထားတဲ့ မုန့်ဖိုးတွေနဲ့ သီတင်းကျွတ်တုန်းက ဦးလေးတို့ကို ကန်တော့တယ်လေ၊ ပြီးတော့ သူတို့ကျောင်းမှာ ကထိန်သင်္ကန်းကပ်တော့ ဒီစုထားတဲ့ မုန့်ဖိုးထဲကပဲ အလှူငွေ ထည့်တာ၊ မနက်ဖြန်လုပ်မယ့် ရွာက သက်ကြီးပူဇော်ပွဲအတွက်လည်း အလှူငွေထည့်လိုက်သေးတယ်၊ နောက်ပြီး ရွာက စတုဒိသာ ကျွေးတဲ့ထဲမှာလည်း အလှူ ပါသေးတယ်”ဟု ဦးလေးက ပြောပြသည်။ ကျော်စွာနှင့် မင်းသူတို့သည် ကိုရဲကို အံ့သြသွားလေသည်။ ။

ဦးလေးက “ကဲ ကဲ ... ရေမိုးချိုးကြတော့၊ ထမင်းစားပြီးရင် ကိုရဲက သားတို့ကို ရွာထဲ လိုက်ပြပေး လိမ့်မယ်၊ လျှောက်လည်လိုက်ကြဦး”ဟု ပြောပြီး အလုပ်သို့ သွားသည်။ ညနေပိုင်းတွင် ကျော်စွာတို့သည် စတုဒိသာကျွေးသောနေရာတွင် ကြက်သားဆန်ပြုတ်များ စားကြပြီးနောက် ဘုရားသို့ သွားကြသည်။

နောက်နေ့နံနက်၌ ဘုန်းကြီးကျောင်းသို့ ဆွမ်းကပ်သွားကြပြီး ညနေတွင် သက်ကြီးပူဇော်ပွဲသို့ သွားကြသည်။ နောက်နေ့တွင် ကျော်စွာတို့နှစ်ယောက်သည် ဦးလေးနှင့်အတူ ရန်ကုန်သို့ ပြန်လာကြသည်။ မင်းသူသည် “ဒီတစ်ကြိမ် မုန့်ဖိုးရရင် တကယ်စုတော့မယ်၊ ကိုရဲလို အကျိုးရှိရှိ အသုံးပြုရမယ်”ဟု တွေးနေ၏။ ကျော်စွာသည်လည်း “ဖေဖေ ပြောတဲ့ ရွာကနေ မှတ်သားစရာ တစ်ခုခု ယူလာရမယ် ဆိုတဲ့ စကားကို ကောင်းကောင်းသဘောပေါက်ပြီ၊ ကိုရဲအကြောင်းကို ပြောပြရမယ်”ဟု တွေးနေသည်။ သူတို့သည် မုန့်ဖိုးရလျှင် အကုန်သုံးသောအကျင့်ကို ဖျောက်ပြီး မုန့်ဖိုးစုတတ်သောသူ၊ အကျိုးရှိရှိ သုံးတတ်သူဖြစ်အောင် ကြိုးစားကြမည်ဟု ဆုံးဖြတ်ချက် ချခဲ့ကြလေသည်။