စည်တီးသမားလေး

From Wikisource
Jump to navigation Jump to search
326940ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၂၆။ စည်တီးသမားလေးဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၆)

စည်တီးသမားလေး[edit]

ရှေးလွန်လေပြီးသောအခါက ရွာတစ်ရွာ၌ စည်တီးသမား သားအဖနှစ်ယောက်ရှိလေသည်။ တစ်နေ့တွင် ဖခင်သည် “သားရေ ... မြို့ပေါ်မှာ ပွဲတော်တစ်ခုကျင်းပနေတယ်လို့ ကြားရတယ်၊ တို့သားအဖနှစ်ယောက် မြို့ကို သွားကြရအောင်၊ ငါတို့အတွက် ဝင်ငွေကောင်းမယ့် အလုပ်တစ်ခုတော့ ပေါ်လာပြီ”ဟု သားကို ပြောပြီး သားအဖနှစ်ယောက် မြို့သို့ ထွက်ခွာခဲ့ကြသည်။ ။

မြို့သို့ ရောက်သောအခါ သားအဖနှစ်ယောက်သည် ပွဲတော်တွင် အကောင်းဆုံးဖြစ်အောင် ကြိုးစား၍ စည်တီးဖျော်ဖြေကြသည်။ လာရောက်နားထောင်သူများက နှစ်သက်ကြသဖြင့် ဆုငွေများ ချီးမြှင့်ကြသည်။ ပွဲပြီးသောအခါ သားအဖနှစ်ယောက်သည် ဆုငွေများကို ယူကာ ရွာသို့ ပျော်ပျော် ရွှင်ရွှင် ပြန်ခဲ့ကြသည်။ သူတို့နေသောရွာနှင့် မြို့အကြားတွင် ခိုးသူများ နေထိုင်သော တောအုပ်တစ်ခုရှိသည်။ တော အုပ်အနီးသို့ ရောက်သောအခါ ဖခင်က “သားရေ .. တောအုပ်ထဲကို ရောက်တဲ့အခါ ဘုရင်တွေ ခရီးသွားရင် တီးတဲ့ စည်တီးသံမျိုး တစ်ချက်ချင်း တီးပါ၊ အဆက်မပြတ် မတီးပါနဲ့”ဟု သားအား သတိ ပေးထားသည်။

ငွေများစွာရလာသောကြောင့် ပျော်ရွှင်နေသော သားသည် ဖခင်၏စကားကို နားမထောင်ဘဲ သီချင်းတစ်ပုဒ်ကို သီဆိုရင်း စည်ကို အဆက်မပြတ်တီးလေသည်။ တောအုပ်ထဲမှ သူခိုးများသည် အစပိုင်းတွင် ဘုရင့်စည်တီးသံ ထင်ပြီး ထွက်ပြေးပုန်းရှောင်နေကြသော်လည်း အဆက်မပြတ် တီးသံကို ကြားရသောအခါ ဘုရင့်စည်သံမဟုတ်မှန်း သိသွားကြသည်။ ထို့ကြောင့် ပုန်းရှောင်နေရာမှ ထွက်လာခဲ့ ကြ၏။ ထို့နောက် သားအဖနှစ်ယောက်အား ရိုက်နှက်ပြီး ငွေများကို ယူသွားကြသည်။ နောက်ဆုံးတွင် သားသည် ငွေများ ဆုံးရှုံးသွားသောကြောင့် မပျော်ရွှင်နိုင်တော့ဘဲ “အဖေ့စကားကို နားမထောင်လို့ အခုလို ဖြစ်ရတာပါ၊ နောက်ဆိုရင် အဖေ့စကားကို သား အမြဲနားထောင်ပါ့မယ်”ဟု ပြောပြီး ငိုနေလေတော့သည်။

ဖေဖေ မေမေ[edit]

ထမင်းဟင်း စားနိုင်ဖို့ စီမံကာရယ် ချက်ပြုတ်ပေးနေတဲ့ တို့မေမေ
အမေ့စကား နားထောင်လို့ လိမ္မာစွာပင် ကျေးဇူးဆပ်ပါမယ်။
- ထမင်းဟင်း စားနိုင်ဖို့ ငွေရှာကာရယ် ကြိုးစားပေးနေတဲ့ တို့ဖေဖေ
အဖေ့စကား နားထောင်လို့ လိမ္မာစွာပင် ကျေးဇူးဆပ်ပါမယ်။
- အဝတ်အစား သန့်စင်ဖို့ ဖြူစင်အောင် လျှော်ဖွပ်ပေးနေတဲ့ တို့မေမေ
အမေ့စကား နားထောင်လို့ လိမ္မာစွာပင် ကျေးဇူးဆပ်ပါမယ်။
- အဝတ်အစားကောင်း ဝယ်ဖို့ ငွေရှာကာရယ် ကြိုးစားပေးနေတဲ့ တို့ဖေဖေ
အဖေ့စကား နားထောင်လို့ လိမ္မာစွာပင် ကျေးဇူးဆပ်ပါမယ်။