အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၇။ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ကျောင်းသားကိုင်သို့)
339360ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၂၇။ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၇)

အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း

သင်ယူမှုဦးတည်ချက် ။ ။ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ စာရွက်ကြီးများ။ စာရေးရန် ဆော့ပင်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဒုတိယတန်း၊ သင်ခန်းစာ (၂၉) တွင်သင်ခဲ့ရသော “မောင်လူအေးရဲ့ တစ်နေ့တာ” ဇာတ်လမ်းကို ပြန်လည်ချိတ်ဆက်ပြောပြပါ။

֍ပြီးလျှင် အောက်ပါမေးခွန်းများကို မေးပါ။

-မောင်လူအေးလေးက တစ်နေ့တာ ဘာတွေလုပ်သလဲ။
-သားတို့၊ သမီးတို့ရော တစ်နေ့လုံး ဘာတွေလုပ်သလဲ။
-သားတို့၊ သမီးတို့ အားတဲ့အချိန်မှာရော ဘာတွေလုပ်သလဲ။

֍ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့၍ စာရွက်ကြီးတစ်ရွက်စီ ဝေပေးပါ။

֍ပြီးနောက် “အားလပ်ချိန်မှာ ဘာတွေလုပ်ကြသလဲ”ဟု မေးပြီး ပေးထားတဲ့စာရွက်ပေါ်တွင် ချရေးကြပါစေ။

֍အုပ်စုအတွင်းက ကလေးများအားလုံး ပါဝင်အောင် ဆရာက တိုက်တွန်းပြောဆိုပါ။

֍ရေးပြီးပါက အုပ်စုကိုယ်စားလှယ်တစ်ဦးမှ အတန်းရှေ့ထွက်၍ မိမိတို့တစ်အုပ်စုလုံး အားလပ်ချိန်တွင် လုပ်သောအလုပ်များကို တစ်ခန်းလုံးကြားအောင် ပြောပါစေ။

֍အုပ်စုတိုင်း ပြောပြီးလျှင် “ကဲ ဟုတ်ပြီ၊ ဒါတွေအားလုံးက သားတို့၊ သမီးတို့အားလပ်ချိန်မှာ လုပ်တဲ့အလုပ်တွေပေါ့။ ဆရာက နောက်တစ်ချိန်မှာ အားလပ်ချိန်ကို အကျိုးရှိအောင်သုံး တဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ပြောပြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံး သတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မင်းမင်းလေးရဲ့ အားလပ်ချိန် ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ပထမစာသင်ချိန်တုန်းက နောက်တစ်ချိန်မှာ ဘာပြောမယ်လို့ ပြောခဲ့သလဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

ထို့နောက် အောက်ပါ မင်းမင်းလေးရဲ့ အားလပ်ချိန် ဇာတ်လမ်းကို ပြောပြပေးပါ။

မင်းမင်းလေးရဲ့ အားလပ်ချိန်

တစ်ခါတုန်းက မြို့လေးတစ်မြို့မှာ မင်းမင်းဆိုတဲ့ ကျောင်းသားလေးတစ်ယောက် ရှိတယ်။ အဲဒီကျောင်းသားလေးက စာအလွန်တော်ပြီး လိမ္မာရေးခြားလည်းရှိတယ်။ မင်းမင်း ဟာ သူ့ရဲ့ အားလပ်ချိန်တိုင်းကို အကျိုးရှိအောင်သုံးတယ်။ တနင်္ဂနွေနေ့ဆိုရင်လည်း ဓမ္မ စကူးလ်ကို အမြဲတက်တယ်။ မနက်အိပ်ရာထတာနဲ့ ဘုရားခန်းသွားပြီး ဓမ္မစကူးလ်က သင်ပေး တဲ့ဘုရားစာအတိုင်း ဘုရားရှိခိုးတယ်။ ဖေဖေနဲ့အတူ ခြံထဲကအမှိုက်တွေရှင်းတယ်။ မေမေနဲ့ အတူ ဈေးလိုက်သွားပြီး ခြင်းတောင်းကူဆွဲပေးတယ်။ ဈေးကနေ အိမ်ပြန်ရောက်ရင်လည်း မေမေ့ကိုဝိုင်းကူပြီး ကြက်သွန်ခွာပေးတယ်၊ ဟင်းသီးဟင်းရွက်တွေ ရေဆေးပေးတယ်။ ဟင်း ချက်တော့လည်း မေမေလိုအပ်တာတွေကို ဘေးကနေ ကူညီပေးတယ်။

ထမင်းဟင်းချက်ပြီးတာနဲ့ ရေချိုးပြီး မိသားစု စုံစုံညီညီနဲ့ ထမင်းဝိုင်းဖွဲ့ စားကြတယ်။ ထမင်းစားပြီး နေ့လယ်ခင်းမှာတော့ မင်းမင်းလေးဟာ အားရှိအောင် တစ်ရေးတမော အိပ် တယ်။ အိပ်ရာနိုးတဲ့အချိန်မှာ ဖေဖေနဲ့အတူ ခြံထဲမှာ ပန်းပင်ရေလောင်းတယ်။ ကျန်းမာရေး အတွက်လည်း သူငယ်ချင်းတွေနဲ့အတူ ဘောလုံးကစားကြတယ်။ ကစားပြီးတဲ့အခါ ရေချိုးပြီး တော့ ညစာအတွက် ပြင်ဆင်နေတဲ့မေမေ့ကို ဝိုင်းကူပေးတယ်။ ညစာထမင်းစားပြီးတာနဲ့ မင်းမင်းလေးက စာတွေဖတ်တယ်။ အိမ်စာတွေလုပ်တယ်။ အိမ်စာတွေပြီးသွားတာနဲ့ ဖေဖေနဲ့ မေမေကို နင်းပေး၊ နှိပ်ပေးတယ်။ ပြီးတော့ ဖေဖေ၊ မေမေနဲ့အတူ တီဗွီကြည့်တယ်။ ပြီးရင် ဘုရားခန်းဝင်ပြီး ဓမ္မစကူးလ်က သင်ပေးတဲ့အတိုင်း ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတယ်။

အိပ်ရာဝင်ခါနီးရင် ဖေဖေနဲ့ မေမေ့ကို ရှိခိုးကန်တော့တယ်။ မင်းမင်းလေးက ညတိုင်း အဲဒါတွေအားလုံး လုပ်ပြီးမှ အိပ်ရာဝင်တယ်။ မင်းမင်းလေးဟာ အားလပ်ချိန်တိုင်းကို အကျိုးရှိ အောင် အသုံးချတဲ့ကလေးဆိုတော့ ကျောင်းပိတ်ရက်ဆိုရင် ဗဟုသုတဖြစ်စေတဲ့ ပုံပြင်စာအုပ်၊ ကာတွန်းစာအုပ် စတဲ့ စာတွေလည်း ဖတ်တယ်။ နွေရာသီ ကျောင်းရက်ရှည်ပိတ်ရင်လည်း ပန်းချီသင်တန်း တက်တယ်။ အဲဒီလို အားလပ်ချိန်တိုင်းကို အကျိုးရှိအောင် သုံးတဲ့အတွက် မင်းမင်းလေးကို ဖေဖေ၊ မေမေတို့အပြင် ဆရာ၊ ဆရာမတွေသာမက ပတ်ဝန်းကျင်က လူတွေ ကပါ ချစ်ခင်ကြပါတယ်။

֍ဇာတ်လမ်းနားထောင်ပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။

-ဇာတ်လမ်းထဲက ကျောင်းသားလေးရဲ့ နာမည်က ဘယ်သူလဲ။
-မင်းမင်းလေးက မနက်အိပ်ရာထရင် ဘာလုပ်လဲ။
-တနင်္ဂနွေနေ့မှာ ဘယ်ကျောင်းကို သွားတက်သလဲ။
-မင်းမင်းလေးက မေမေ့ကို ဘာတွေကူညီပေးသလဲ။
-ဖေဖေ့ကိုရော ဘာတွေကူညီပေးသလဲ။
-ညအိပ်ရာမဝင်ခင် ဘာတွေလုပ်သလဲ။
-ကျောင်းပိတ်ရက်တွေမှာ ဘာလုပ်သလဲ။
-နွေရာသီ ကျောင်းပိတ်ရက်ရှည်ဆိုရင်ရော ဘာသင်တန်း တက်သလဲ။
-မင်းမင်းလေးကို အားလုံးက ဘာလို့ချစ်ကြတာလဲ။
-ကလေးတို့ရော လူကြီးတွေချစ်အောင် ဘယ်လိုနေကြရမလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မဲလိပ် (၄) လိပ်။

သင်ယူမှုလုပ်ငန်းစဉ်

֍“ကဲ အခုအားလပ်ချိန်ကို အကျိုးရှိအောင် အသုံးချတဲ့ဇာတ်လမ်းလေးကိုလည်း နားထောင် ပြီးပြီဆိုတော့ ဆရာတို့ တကယ်လက်တွေ့ သရုပ်ဆောင်ကြည့်ကြရအောင်ဟု ပြော၍ ကလေးများကို အုပ်စု (၄) စုဖွဲ့ပါ။

֍“သစ်ပင်စိုက်နေပုံ၊ ဘုန်းကြီးကျောင်းမှာ သန့်ရှင်းရေးလုပ်နေပုံ၊ စာဖတ်နေသောပုံ၊ မေမေ့ ကို ကူညီနေပုံ” စသည့် မဲလိပ် (၄) လိပ်ကို ပြင်ဆင်ထားပါ။

֍အုပ်စုတစ်စုလျှင် မဲလိပ်တစ်လိပ်စီ နှိုက်ပါစေ။

֍မိမိရထားသော မဲလိပ်ခေါင်းစဉ်အတိုင်း သရုပ်ဆောင်ကြရန် အုပ်စုတွင်းဆွေးနွေးချိန် အနည်းငယ်ပေးပါ။

֍ပြီးလျှင် တစ်အုပ်စုစီ ကိုယ်ရထားသောခေါင်းစဉ်အတိုင်း သရုပ်ဆောင်ကြပါစေ။ အုပ်စု တစ်စု သရုပ်ဆောင်ပြီးတိုင်း လက်ခုပ်တီး၍ ဂုဏ်ပြုပေးပါ။

֍သရုပ်ဆောင်ပြီးသွားပါက ကလေးများကို အုပ်စုအတိုင်းပြန်၍ တန်းစီခိုင်းပြီး “တိုးတိုး ပြောတမ်း ကစားကြမယ်”ဟု ပြောပါ။

֍ဆရာက ဝါကျတို (၄) ကြောင်းကို မဲလိပ် (၄) ခုအဖြစ် ကြိုတင်ပြုလုပ်ထားပေးပါ။

[သတိပြုရန် 1]

֍ကလေးများကို လက်တစ်ကမ်းအကွာတွင် ရပ်နေစေပြီး ထိပ်ဆုံးက ကလေးတစ်ယောက် က မိမိရရှိသော မဲလိပ်ပါ ဝါကျတိုကို ဖတ်၍ ဘေးက သူငယ်ချင်းတစ်ယောက်ကို တစ်ကြိမ်သာ တိုးတိုးပြောပါစေ။

֍ပြောသည့်စကားကို ကြားသည့်အတိုင်း ဘေးကသူငယ်ချင်းကို ထပ်ပြောပါ။ (ပြန်မမေးရ ဟု ဆရာကမှာထားပါ။)

֍တန်းစီထားသောလူစေ့အောင် ပြောပြီးလျှင် နောက်ဆုံးမှ ကလေးတစ်ယောက်က မိမိ ကြားသည့်အတိုင်း အားလုံးကို ပြန်ပြောပြပါ။ ထို့နောက် ထိပ်ဆုံးမှ မဲလိပ်ရရှိထားသော ကလေးက မဲလိပ်ပါဝါကျကို ရွတ်ပြ၍ အဖြေတိုက်ကြပါစေ။

֍အဖြေမှန်သော အုပ်စုကို လက်ခုပ်တီးကာ ချီးကျူးအားပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ အချိန်ကို အကျိုးရှိအောင် အသုံးချနေပုံနှင့် အကျိုးမရှိအောင် အသုံးချနေပုံ ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရုပ်ပုံနှစ်ခုကိုပြ၍ “ဘယ်ဟာက အကျိုးရှိတာလဲ၊ ဘယ်ဟာကအကျိုးမရှိတာလဲ”ဟု မေးပါ။

֍ပြီးလျှင် “ဘာကြောင့်အကျိုးရှိတာလဲ၊ ဘာကြောင့်အကျိုးမရှိတာလဲ”ဟု ဆက်လက် မေးမြန်းပါ။

֍“ဟုတ်ပြီ၊ ဒါဆိုရင် ခုနက ကစားထားတဲ့ အုပ်စုအတိုင်းပြန်နေပါ”ဟု ပြော၍ အုပ်စုဖွဲ့ပါ။

֍“အခု သားတို့၊ သမီးတို့ကိုယ်တိုင် အားလပ်ချိန်ကို ဘယ်လိုအကျိုးရှိအောင် သုံးကြမလဲ ဆိုတာကို ဆွေးနွေးကြရအောင်”ဟု ပြောပါ။

֍ကလေးများဆွေးနွေးပြီးလျှင် အုပ်စုကိုယ်စားလှယ်တစ်ဦးက အားလပ်ချိန်မှာ သူတို့အုပ်စု ဘာတွေလုပ်ကြမယ် ဆိုတာကို ကျန်တဲ့ကလေးများအားလုံးကြားအောင် ပြောပြကြပါစေ။

֍အုပ်စုအားလုံးပြောပြီးပါက သားတို့၊ သမီးတို့ ဆွေးနွေးထားတာ အလွန်ကောင်းပါတယ်။ အခုဆို သားတို့၊ သမီးတို့အားလုံးဟာ အားလပ်ချိန်ကို အကျိုးရှိအောင် အသုံးချကြမယ့် ကလေးတွေ ဖြစ်သွားကြပြီပေါ့။ နောက်ဆိုရင်လည်း အားလပ်ချိန်ကို အကျိုးရှိအောင် အသုံးချကြရမယ်နော်” စသည်ဖြင့်ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ဆရာနှစ်သက်ရာ ဝါကျတို (၄) ကြောင်း ကို ကြိုတင်မဲလိပ် ပြုလုပ်ထားပါ။