သိခီဘုရားရှင်

From Wikisource
Jump to navigation Jump to search
364925နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၂၃) သိခီဘုရားရှင် -သိခီဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၂၃။ သိခီဗုဒ္ဓဝင်

[edit]

ဝိပဿီဘုရားရှင် ပွင့်တော်မူရာ ကပ်ကမ္ဘာကုန်ဆုံးပြီးနောက် ဘုရားရှင်များ ပွင့်တော်မမူသည့် သုည ကမ္ဘာ ငါးဆယ့် ကိုးကမ္ဘာ လွန်မြောက်ပြီး ဘုရားနှစ်ဆူပွင့်တော်မူသည့် မဏ္ဍကမ္ဘာတစ်ခု ပေါ်ပေါက်ခဲ့သည်။ ထိုမဏ္ဍကမ္ဘာ သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေသော် သုံးဆယ့်တစ်ကမ္ဘာထက်၌ ဖြစ်ခဲ့သည်။ ပွင့်တော်မူခဲ့ကြသည့် ဘုရားရှင်နှစ်ဆူတို့မှာ သိခီဘုရားရှင်နှင့် ဝေဿဘူဘုရားရှင် တို့ဖြစ်ကြသည်။

သိခီဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း

[edit]

သိခီဘုရားအလောင်းတော်သည် ထိုသုံးဆယ့်တစ်ကမ္ဘာဝယ် လူတို့၏ အသက်တမ်း အသင်္ချေယျ တမ်းမှ ဆုတ်ယုတ် ခဲ့၍ အနှစ်ခုနစ်သောင်းတမ်းသို့ ရောက်သောအခါ ပါရမီတော်တို့ကို ဖြည့်ကျင့် တော်မူပြီး၍ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူ ခဲ့သည်။ ထိုသို့ စံနေတော် မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော် နတ်သားအား လောကသုံးပါး၌ ဘုရား ဖြစ်တော်မူရန် အချိန်တန်ပြီဖြစ်၍ လူ့ပြည်သို့ သက်ဆင်းကာ ပဋိသန္ဓေ နေတော်မူရန် တောင်းပန် ခဲ့ကြကုန်၏။ အလောင်းတော်သည် နတ်ဗြဟ္မာတို့ တောင်းပန် ချက်အရ တုသိတာ နတ်ပြည်မှ စုတေ၍ လူ့ပြည် အရုဏဝတီ နေပြည်တော် အရုဏအမည်ရှိသော မင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ ပဘာဝတီအမည်ရှိသော မိဖုရားခေါင်ကြီး၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ နေတော်မူခဲ့သည်။ ဆယ်လစေ့မြောက် အချိန်သို့ ရောက်သောအခါ “မယ်တော် မိဖုရား ကြီးသည် အလောင်းတော်ကို နိသဘ အမည်ရှိသော ဥယျာဉ်တော်အတွင်း၌ ဖွားမြင်တော်မူခဲ့သည်။ အလောင်းတော်ကို အမည်မှည့်အံ့သောနေ့၌ အလောင်းတော်မင်းသား၏ နဖူးသင်းကျစ်တော်သည် ဥဒေါင်းအမောက်ပမာ မြင့်တက်နေသောကြောင့် “သိခီမင်းသား”ဟု မှည့်ခေါ် ခဲ့ကြကုန်၏။ အလောင်းတော် ပဋိသန္ဓေနေသောအခါ၊ ဖွားမြင်တော်မူ သောအခါတို့၌ နိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော်ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့် အံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့သည်။

ထီးနန်းစိုးစံတော်မူခြင်း

[edit]

အလောင်းတော် သိခီမင်းသားသည် အရွယ်တော်သို့ရောက်သောအခါ သဗ္ဗကာမာဒေဝီမင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံနေတော် မူခဲ့သည်။ ဥတုသုံးလီ ရာသီနှင့်လိုက်အောင် ဆောက်လုပ်ထားသော သုစန္ဒက ရွှေနန်း ဆောင်၊ ဂိရိ ရွှေနန်းဆောင်၊ ဝဿာ ရွှေနန်းဆောင်ဟူသော နန်းပြာသာဒ် သုံးဆောင်တို့၌ သဗ္ဗကာမာဒေဝီမိဖုရား အမှူးပြုသော မောင်းမပေါင်း နှစ်သောင်း လေးထောင်တို့၏ ဖျော်ဖြေလုပ်ကျွေး ပြုစုယုယခြင်းကို ခံယူလျက် နှစ်ပေါင်း ခုနစ်ထောင်တို့ ကာလပတ်လုံး ထီးနန်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။

တောထွက်တော်မူခြင်း

[edit]

အလောင်းတော်သိခီမင်းသားသည် ထိုသို့ထီးနန်းစည်းစိမ်ကို ခံစားတော် မူနေစဉ် နတ်တို့ဖန်ဆင်း ပြခဲ့သည့် နိမိတ်ကြီးလေးပါးကို မြင်တော်မူပြီး၍ သဗ္ဗကာမာဒေဝီ မိဖုရားကြီးမှ သားတော် အတုလ မင်းသားကို ဖွားမြင်သော အခါ ဆင်ယာဉ်ကိုစီးလျက် တောထွက်ရဟန်း ပြုတော်မူခဲ့၏။ အလောင်း တော်မင်းသား ရဟန်းပြုတော်မူသည်ကို အတုလိုက်အားကျကာ ခုနစ်သန်းသော ယောက်ျားတို့လည်း ရဟန်းပြုတော်မူခဲ့ကြသည်။ ထိုရဟန်းတော်တို့နှင့် အတူ ဒုက္ကရစရိယာ ရှစ်လကြာအောင် ကျင့်တော် မူပြီးလျှင် ဘုရားဖြစ်မည့် ကဆုန်လပြည့်နေ့၌ သုဒဿနနိဂုံးနေ ပိယဒဿီသူဌေး၏သမီး လှူဒါန်း သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူပြီး ထိုအရပ်ရှိ ရှားပင်ပျိုတောကြီး အတွင်း၌ နေခိုတော်မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[edit]

အလောင်းတော်သည် ရှားပင်ပျိုတော၌ နေခိုတော်မူပြီးနောက် ညနေချမ်း အချိန်သို့ ရောက်သောအခါ မဟာဗောဓိ မဏ္ဍိုင်သို့ တစ်ပါးတည်း ကြွသွား ခဲ့သည်။ လမ်းခရီးအကြား၌ အနောမဒဿီ အမည်ရှိ သော ရသေ့သည် လှူဒါန်း အပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံယူတော်မူခဲ့၍ မဟာ ဗောဓိသရက်ဖြူပင် အရင်း၌ ဖြန့်ခင်းလိုက်သည်နှင့် တစ်ပြိုင်နက် နှစ်ဆယ့်လေးတောင် ပမာဏ ရှိသော အပရာဇိတ ပလ္လင်တော် ပေါ်ပေါက်တော်မူခဲ့သည်။ ထိုအပရာဇိတပလ္လင်တော်၌ ထက်ဝယ်ဖွဲ့ခွေစံနေတော် မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယတော်ကို ဆောက်တည်၍ တရားအားထုတ် တော်မူခဲ့ သည်။ ထိုနေ့ နေမဝင်မီ မာရ်စစ်သည်တို့ကို အောင်မြင်တော်မူခဲ့၍ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသ ဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ် တက်သည်နှင့် တစ်ပြိုင်နက် အာသဝက္ခယဉာဏ်တော်ကို ရတော်မူကာ လောကသုံးပါး၌ ဘုရား စင်စစ် ဖြစ်တော်မူခဲ့သည်။

ဓမ္မစကြာတရားဦး ဟောကြားတော်မူခြင်း

[edit]

သိခီဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင် အနီးမှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက် စံနေတော်မူခဲ့၏။ အဋ္ဌမ သတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း၏ တောင်းပန်မှုကို လက်ခံတော် မူ၍ တရား ဟောရန် သတ္တလောကကို ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှု ဆင်ခြင်တော်မူ လေလျှင် ကိုယ်တော်မြတ်နှင့်အတူ ရဟန်းပြုခဲ့ကြ သည့် ခုနစ်သန်း သောရဟန်း တို့ကို မြင်တော်မူခဲ့၏။ ဘုရားရှင်သည် ထိုရဟန်းများရှိရာ အရုဏဝတီ မင်းနေပြည်၏ အနီး မိဂဒါဝုန်ဥယျာဉ်တော်သို့ ကောင်းကင်ခရီးဖြင့် တစ်ခဏချင်း ကြွသွား တော်မူခဲ့သည်။ ဥယျာဉ်တော်သို့ ရောက်တော်မူသောအခါ ထိုရဟန်းတော် တို့ကို အမှူးထား၍ တရားနာရန် လာရောက်ကြကုန်သော နတ်လူဗြဟ္မာ သတ္တဝါတို့အား ရှေးရှေးဘုရားရှင်တို့ ဟောကြားတော် မူမြဲဖြစ်သော ဓမ္မစကြာ ဒေသနာတော်ကို ဟောတော်မူခဲ့သည်။ ဒေသနာတော်၏ အဆုံး၌ ကုဋေ တစ်သိန်းသော သတ္တဝါတို့ မဂ်ဖိုလ်တရားထူးကို ရခဲ့ကြကုန်၏။

ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံယူခြင်း

[edit]

သိခီဘုရားရှင် လက်ထက်တော်တွင် ဂေါတမဘုရား အလောင်းတော်သည် ပရိဘုတ္တမြို့တော်၌ အရိန္ဒမ မင်းကြီးဖြစ်ခဲ့ သည်။ သိခီဘုရားရှင် ပရိဘုတ္တ မြို့တော်သို့ ကြွရောက်တော်မူသောအခါ မင်းကြီးသည် အခြံအရံပရိသတ်နှင့် တကွ ဘုရားရှင်ကို ကြိုဆို၍ နန်းတော်သို့ ပင့်ဆောင်ကာ ခုနစ်ရက်ပတ်လုံး ကြီးစွာသော အလှူကြီးကို ပေးလှူ၍ ဘုရားရှင် အား ဆည်းကပ်ကိုးကွယ် ခဲ့သည်။ ထိုမျှပင်မက အဝတ်အထည်ထားသော ဘဏ္ဍာတိုက်တို့ကို ဖွင့်၍ သံဃာတော်တို့ အား အဖိုးထိုက်တန် သော အဝတ်ပုဆိုးတို့ကို ကပ်လှူပူဇော် ခဲ့သည်။ ၎င်းင်းစီးတော်ဆင်ကိုပင် ဘုရားရှင် အား လှူဒါန်း ၍ ထိုဆင်၏တန်ဖိုးနှင့် ညီမျှသော ရဟန်းတို့အား အပ်စပ်သည့် ပစ္စည်းဝတ္ထုတို့ကို ဘုရားရှင်နှင့် သံဃာတော်တို့အား လှူဒါန်းခဲ့လေသည်။ ထိုအခါ သိခီဘုရားရှင်သည် “ဤအရိန္ဒမမင်းသည် ဤကမ္ဘာမှ နောက်သုံးဆယ့်တစ်ကမ္ဘာမြောက် ဘဒ္ဒ ကမ္ဘာ၌ ဂေါတမအမည်ရှိသော ဘုရားစင်စစ် ဖြစ်လတံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့သည်။ အရိန္ဒမ မင်းကြီးသည် ဗျာဒိတ်စကားကို ကြားရသော အခါ လွန်စွာဝမ်းမြောက်လှသဖြင့် ပါရမီဆယ်ပါးတို့ကို တိုးတက် ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်ခဲ့၏။

သိခီဘုရားရှင်၏ တပည့်သာဝကများ

[edit]

သိခီဘုရားရှင်၏ (အဂ္ဂသာဝက) တပည့်မြတ်တို့မှာ အရှင်အဘိဘူမထေရ်နှင့် အရှင်သမ္ဘဝမထေရ်တို့ ဖြစ်ခဲ့ကြကုန်၏။ အလုပ်အကျွေး ရဟန်းတော်မှာ အရှင် ခေမင်္ကရမထေရ် ဖြစ်ခဲ့လေသည်။ အရှင်မ သခိလာထေရီနှင့် အရှင်မ ပဒုမာ ထေရီတို့မှာ ဘုရားရှင်၏ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မ အစုံတို့ဖြစ်ခဲ့ ကုန်၍ ပွင့်တော်မူခဲ့ရာ ဗောဓိပင်မှာ သရက်ဖြူပင် ဖြစ်ခဲ့သည်။ (အဂ္ဂဥပဋ္ဌာက) မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ သိရိဝဍ္ဎုသူဌေးနှင့် နန္ဒသူဌေးတို့ ဖြစ်ခဲ့ကြကုန်၍ (အဂ္ဂဥပဋ္ဌိကာ) မြတ်သော အလုပ်အကျွေး ဒါယိကာမတို့သည် စိတ္တာဥပါသိကာမနှင့် သုဂုတ္တာ ဥပါသိကာမတို့ ဖြစ်ခဲ့ကြကုန်၏။ သိခီ ဘုရားရှင်၏ အရပ်တော်မှာ အတောင်ခုနစ်ဆယ် မြင့်တော် မူခဲ့၍ ရွှေတိုင်ကြီး နှင့်တူကာ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး တို့ဖြင့် အလွန်ပင် တင့်တယ်တော်မူခဲ့၏။ ကိုယ်တော်မှ ထွက်သော ရောင်ခြည်တော်တို့သည် နေ့ရော ညဉ့်ပါ အကြားမလပ် သုံးယူဇနာတိုင်တိုင် ထိုထိုအရပ် တို့သို့ ပြေးသွားကွန့်မြူးလျက်ရှိခဲ့၏။

(ဓမ္မာဘိသမယ) တရားပွဲကြီးများ

[edit]

သိခီဘုရားရှင်၏ အရုဏဝတီမင်းနေပြည်အနီး မိဂဒါဝုန်ဥယျာဉ်တော် အတွင်း ခုနစ်သန်းသော ရဟန်းတို့၏ အလယ်၌ တင့်တယ်စွာ သီတင်းသုံး နေထိုင်တော်မူ၍ တရားနာရန် လာရောက် ကြကုန်သော သတ္တဝါတို့အား ဓမ္မစကြာဒေသနာ တော်ကို ဟောတော်မူသော တရားပွဲသည် ရှေးဦးစွာ သော (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေ တစ်သိန်းသော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။ ထိုမှတစ်ဖန် သိခီ ဘုရားရှင်သည် အရုဏဝတီ မင်းနေပြည်အနီး၌ပင် (အဂ္ဂသာဝက) တပည့်မြတ် အလောင်းအလျာများ ဖြစ်ကြ ကုန်သော အဘိဘူ မင်းသားနှင့် သမ္ဘဝမင်းသားတို့၏ အခြွေအရံ ပရိသတ်များနှင့်တကွ ထိုမင်းသားတို့အား ဟောသောတရားပွဲသည် ဒုတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေကိုးသောင်းသော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။

ထိုမှနောက် အခါတစ်ပါးဝယ် သိခီဘုရားရှင်သည် သူရိယဝတီမြို့တံခါးအနီး စကားပင်အရင်း၌ တိတ္ထိတို့၏မာန်ကို နှိမ်နင်းချိုးဖဲ့ရန်နှင့် လူအပေါင်းတို့အား ကိလေသာအနှောင်အဖွဲ့မှ ကင်းလွတ် စေရန်တို့အတွက် ရေမီးအစုံစုံဖြစ်သော တန်ခိုးပြာဋိဟာကို ပြတော်မူပြီး ဟောတော်မူသော တရားပွဲ သည် တတိယ အကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေရှစ်သောင်းသော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။

သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ

[edit]

သိခီဘုရားရှင်လက်ထက်တော်တွင် သာဝက (သန္နိပါတ) အစည်းအဝေးကြီး သုံးကြိမ် ဖြစ်ခဲ့သည်။ သိခီဘုရားရှင်သည် အဘိဘူမင်းသား၊ သမ္ဘဝမင်းသား တို့နှင့် အတူတကွ ရဟန်းပြုကြသည့် ရဟန္တာ တစ်သိန်းတို့၏ အလယ်၌ သီတင်းသုံးတော်မူ၍ ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်းအဝေးသည် ရှေးဦးစွာသော သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်သည်။ တစ်ဖန် သိခီဘုရားရှင်သည် အရုဏဝတီမြို့ ဆွေတော်မျိုးတော်တို့၏ အစည်းအဝေးကြီး၌ ရဟန်း ပြုခဲ့ကြ သည့် ရှစ်သောင်းသော ရဟန်းတို့၏ အလယ်၌ သီတင်းသုံးတော်မူ၍ ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့ပြန်သည်။ ထိုအစည်းအဝေးသည် ဒုတိယအကြိမ်မြောက် သာဝက (သန္နိပါတ) အစည်း အဝေးကြီး ဖြစ်ခဲ့၏။ ထို့နောက်တစ်ဖန် သိခီဘုရားရှင်သည် ဓနဉ္ဇယမြို့၌ ဓနပါလက အမည်ရှိ သော ဆင်ပြောင်ကြီးကို ဆုံးမတော်မူသောအခါ ရဟန်းပြုကြကုန်သော ခုနစ်သောင်းသော ရဟန်းတို့၏အလယ်၌ သီတင်းသုံးနေတော်မူကာ ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့ပြန်သည်။ ထိုအစည်းအဝေးသည် တတိယ အကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်၏။

ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

[edit]

သိခီဘုရားရှင် အသက်တမ်းသည် အနှစ်ခုနစ်သောင်းတမ်း ဖြစ်ခဲ့၏။ ထိုမျှ လောက်သော အသက် တော်တည်နေလျက် သတ္တဝါအပေါင်းတို့ကို သံသရာ ဝဲစလုတ်မှ ကယ်ထုတ်တော်မူခဲ့၏။ တရား တည်းဟူသော မိုးကို ရွာသွန်း ဖြိုးလျက် သတ္တဝါတို့ကို ဘေးကင်းရာနိဗ္ဗာန်သို့ ရောက်စေခဲ့ပြီး တပည့်သာဝက များနှင့်တကွ ပရိနိဗ္ဗာန် ပြုတော်မူခဲ့ပြီ။ “ဘုရား ရှင်၏ လက္ခဏာတော်ရှစ်ဆယ် တို့သည် လည်းကောင်း၊ သုံးဆယ့်နှစ်ပါးသော လက္ခဏာကြီးတို့သည် လည်းကောင်း ထိုအားလုံး တို့သည် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတို့သည် ခိုင်မြဲသော သဘောမရှိကုန်။ အချည်းနှီး တို့သာ ဖြစ်ခဲ့ကုန်စွတကား”

စေတီတည်ထား ကိုးကွယ်ကြခြင်း

[edit]

သိခီဘုရားရှင်သည် အဿာရာမကျောင်းတိုက်ကြီး၌ ပရိနိဗ္ဗာန်ပြုတော်မူ ခဲ့သည်။ ထိုကျောင်းတိုက် ကြီးအတွင်း၌ပင် စေတီတော်ကို တည်ထားကိုးကွယ်တော်မူခဲ့ကြရာ စေတီတော် သည် သုံးယူဇနာ တိုင်တိုင် မြင့်တော်မူခဲ့၏။ သက်တော် ရှည်ကြာသော ဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ တစ်လုံးတစ်ခဲတည်းသော အသမ္ဘိန္နဓါတ်တော်ကို ထိုစေတီတော် အတွင်း၌ ဌာပနာသွင်းခဲ့ ကြကုန် သည်။ ဇမ္ဗူဒိပ်ကျွန်းနေ လူအပေါင်းတို့သည် ရတနာခုနစ်ပါးဖြင့် ခြယ်လှယ်ကာ စေတီတော်ကို ပြီးဆုံးစေခဲ့ကြကုန်သတည်း။