သိခီဗုဒ္ဓဝင်

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
၂၀- သိခီဗုဒ္ဓဝင်

၂ဝ-သိခီဗုဒ္ဓဝင်

     ဝိပဿီမြတ်စွာဘုရား ပွင့်တော်မူရာ ကပ်ကမ္ဘာ ကုန်ဆုံးပြီးသည့်နောက် ကမ္ဘာပေါင်း (၅၉) ငါးဆယ့်ကိုး ကမ္ဘာတို့၌ လောကမှာ မြတ်စွာဘုရားများ ပွင့်တော်မမူကြပဲ သုညကမ္ဘာကြီးတွေသာ ဖြစ်ပြီးလျှင် တရားအလင်းရောင် ကင်းပ၍ အဝိဇ္ဇာတည်းဟူသော မှောင်အတိကျကာ ဒေဝပုတ္တမာရ်နှင့် ကိလေသမာရ်တို့သာလျှင် လောက၌ ခလုတ်မရှိ ဆူးမရှိ ထင်တိုင်း ဧကရာဇ်မင်းအဖြစ်ကို ပြုလုပ်နေကြလေသည်။ ထိုမာရ်နှစ်ပါးတို့၏ အလိုသို့သာလျှင် သတ္တဝါတို့ လိုက်နေကြရလေသည်။

     ထို သုညကပ်ကမ္ဘာကြီး (၅၉)ကမ္ဘာကို လွန်မြောက်၍ ဤကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် သုံးဆယ့်တကမ္ဘာထက်၌ (၁) သိခီမြတ်စွာဘုရား၊ (၂) ဝေဿဘူမြတ်စွာဘုရားဟူ၍ ဘုရားနှစ်ဆူတို့ ပွင့်တော်မူကြသည်။ (မဏ္ဍကပ်ကမ္ဘာတည်း။)

     ထို နှစ်ဆူသော ဘုရားရှင်တို့တွင် သိခီမြတ်စွာဘုရား၏ အကြောင်းအရာသော်ကား.. ထိုသုံးဆယ့်တကမ္ဘာဝယ် လူတို့အသက်တမ်း အသင်္ချေယျတမ်းမှ ဆုတ်ယုတ်ခဲ့၍ အနှစ် ခုနစ်သောင်းတမ်းသို့ ရောက်သောအခါ သိခီမြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်ဖြစ်၍ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ဆင်းသက်ကာ အရုဏ၀တီနေပြည်တော် အရုဏအမည်ရှိသောမင်းကြီး၏ ပဘာဝတီအမည်ရှိသော



၄၉၁

မိဖုရားကြီးဝမ်းတိုက်၌ ပဋိသန္ဓေ နေတော်မူ၍ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ နိသဘအမည်ရှိသော ဥယျာဉ်တော်အတွင်း၌ ဖွားမြင်တော်မူလေသည်။

(အလောင်းတော် ပဋိသန္ဓေ နေသောအခါ ဖွားမြင်သော အခါတို့၌ နိမိတ်ကြီးများ အံ့ဩဖွယ်ကြီးများ ထင်ရှား ဖြစ်ပေါ်ကုန်၏။)

အလောင်းတော်မင်းသားကို နိမိတ်ဖတ် ပညာရှိတို့နှင့် ဆွေတော်မျိုးတော်တို့က အမည်မှည့်သောနေ့ဝယ် မင်းသား၏ သင်းကျစ်တော်သားသည် ဥဒေါင်းအမောက်ပမာ မြင့်တက်နေသည်ကို အစွဲပြု၍ သိခီမင်းသားဟု အမည်မှည့်ကြကုန်၏။

ထီးနန်းစိုးစံတော်မူခြင်း

     အလောင်းတော် သိခီမင်းသားသည် အရွယ်ရောက်သော အခါ (၁) သုစန္ဒကရွှေနန်းဆောင်၊ (၂) ဂိရိရွှေနန်းဆောင်၊ (၃) ဝသဘရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌ သဗ္ဗကာမာဒေဝီ မိဖုရားကြီးအမှူးပြုသော မောင်းမအပေါင်း (၂၄၀၀၀) နှစ်သောင်း လေးထောင်တို့၏ ဖျော်ဖြေလုပ်ကျွေး ပြုစုခြင်းကို ခံယူလျက် နှစ်ပေါင်း (၇၀ဝ၀) ခုနှစ်ထောင်တို့ ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်းစိုးစံတော်မူ၏။

တောထွက်တော်မူခြင်း

     အလောင်းတော် သိခီမင်းသားသည် ထီးနန်း စိုးစံတော်မူစဉ် နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူပြီး၍ သဗ္ဗကာမာဒေဝီ မိဖုရားကြီးမှ အတုလအမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ ဆင်ယာဉ်ကိုစီးကာ တောထွက်၍ ရဟန်းပြုတော်မူ၏။ အလောင်းတော်မင်းသား ရဟန်းပြုသည်ကို အတုလိုက် (အားကျ)ကာ ခုနစ်သန်းသော ယောက်ျားတို့ ရဟန်းပြုကြလေသည်။



၄၉၂

ဘုရားဖြစ်တော်မူခြင်း

     သိခီမြတ်စွာဘုရား အလောင်းတော်သည် ထိုခုနစ်သန်းသော အတုလိုက်ရဟန်းတို့နှင့် အတူတကွ ဒုက္ကရစရိယာ ရှစ်လကြာ ကျင့်တော်မူပြီးလျှင် ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့၌ အတုလိုက် ရဟန်းအပေါင်းကို ပယ်စွန့်ခဲ့၍ သုဒဿနနိဂုံးနေ ပိယဒဿီအမည်ရှိသော သူဌေး၏သမီးသည် လှူဒါန်းအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ ရှားပင်ပျိုတောကြီး အတွင်းမှာပင် နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်တွင် မဟာဗောဓိမဏ္ဍိုင်သို့ တပါးတည်း ကြွတော်မူရာ လမ်းခရီးအကြား၌ အနောမဒဿီ အမည်ရှိသော ရသေ့သည် လှူဒါန်းအပ်သည့် သမန်းမြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ မဟာဗောဓိ (သရက်ဖြူ)ပင်၏အရင်း ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် (၃၂) သုံးဆယ့်နှစ်တောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာလေ၏။

ထိုသရက်ဖြူဗောဓိပင်၏ ပမာဏကား ရှေး ဝိပဿီမြတ်စွာဘုရား၏ သခွတ်ပင်ဗောဓိနှင့် တူမျှပေ၏၊ ထိုသရက်ဖြူဗောဓိပင်၏ ပင်စည်ပင်မသည် အလောင်းတော် ကပ်ရောက်သည့်နေ့၌ အတောင်ငါးဆယ်မြင့်၍ အထက်သို့တက်သော ခက်မသည်လည်း အတောင်ငါးဆယ်ပင်ရှိ၏။ နတ်၌ဖြစ်သော အနံ့အပွင့်တို့ဖြင့် တပင်လုံးကို ဖုံးအုပ်၍ထားသကဲ့သို့ ရှိပေ၏၊ အပွင့်တို့ဖြင့်သာ မဟုတ်သေး၊ အသီးတို့ဖြင့်လည်း ဖုံးအုပ်ထားသကဲ့သို့ ရှိပေ၏၊ ထိုဗောဓိ သရက်ဖြူပင်၏ နံပါးတဖက်မှ နုသောအသီးများ, အခြားတဖက်မှ အလယ်အလတ် အသီးများ, အခြားတဖက်မှ အနေသင့်ရုံမှည့်သော အသီးများမှာ နတ်ဩဇာထည့်ထားသည့်ပမာ အလွန်ကောင်းသော အရသာရှိ၍ အဆင်း အနံ့ အရသာနှင့် ပြည့်စုံကြပြီးလျှင် ထိုမှဤမှ တွဲလျားကျလျက် ရှိကုန်၏၊ ထိုဗောဓိသရက်ဖြူပင်ကဲ့သို့ပင်



၄၉၃

ထိုနေ့၌ စကြဝဠာ တိုက်တသောင်းအတွင်း သီးပင် ပွင့်ပင် အားလုံးတို့ပင် သီးကြ ပွင့်ကြကုန်၏။

     အလောင်းတော်သည် ထိုအပရာဇိတပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်တော်မူကာ ရှေး ဆိုအပ်ပြီးသောနည်းအတိုင်း ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

တရားပွဲကြီး သုံးကြိမ်

     သိခီမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသည့်နောက် မဟာဗောဓိ သရက်ဖြူပင် အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ချက်ကို လက်ခံတော်မူ၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု စဉ်းစား ဆင်ခြင်တော်မူ လတ်သော် ကိုယ်တော်မြတ်နှင့်အတူ ရဟန်းပြုဖက်ဖြစ်ကြသည့် ခုနှစ်သန်းသော ရဟန်းတို့ကို မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသည်ကို မြင်တော်မူ၍ ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူကာ ထိုရဟန်းတို့နေရာ အရုဏဝတီ မင်းနေပြည်၏အနီး မိဂါဇိန်ဥယျာဉ်အတွင်း သက်ဆင်းတော်မူပြီးလျှင် ထိုခုနစ်သန်းသော ရဟန်းတို့၏အလယ်၌ တင့်တယ်စွာ သီတင်းသုံး ထိုင်နေတော်မူ၍ တရားနာရန် လာရောက်ကြသော နတ်လူတို့အား ရှေးရှေးဘုရားရှင်တို့ ဟောကြားတော်မူကြမြဲဖြစ်သည့် ဓမ္မစကြာဒေသနာကို ဟောတော်မူသောအခါ ကုဋေတသိန်းသော နတ်လူတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား ရှေးဦးစွာသော ဓမ္မာဘိသမယ ပဌမတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါး၌ အရုဏဝတီ မင်းနေပြည်၏ အနီးမှာပင် အဂ္ဂသာဝကအလျာ ဖြစ်ကြသော အခြွေအရံ ပရိသတ်နှင့်တကွ အဘိဘူမင်းသားနှင့် သမ္ဘဝမင်းသားတို့အား တရားဟောကြား၍



၄၉၄

ကုဋေကိုးသောင်းသော နတ်လူတို့အား တရားတည်းဟူသော အမြိုက်ဆေးကို တိုက်ကျွေးတော်မူလေသည်။

(ဤကား ဒုတိယာဘိသမယ ဒုတိယတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါး၌ သူရိယဝတီ မြို့တံခါး၏အနီး စကားပင်အပါး၌ တိတ္ထိတို့၏ မာန်ယစ်ခြင်းကို နှိမ်နင်းချိုးဖဲ့ရန် အလို့ငှါ၎င်း၊ အလုံးစုံသော လူအပေါင်းတို့အား ကိလေသာတည်းဟူသော အနှောင်အဖွဲ့မှ လွတ်စေခြင်းငှါ၎င်း ရေမီးအစုံအစုံဖြစ်သော တန်းခိုးပြာဋိဟာကို ပြတော်မူ၍ တရားဟောတော်မူသည်ရှိသော် ကုဋေရှစ်သောင်းသော နတ်လူတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား တတိယာဘိသမယ တတိယတရားပွဲကြီးတည်း။)

**********

သာဝကအစည်းအဝေးကြီး သုံးကြိမ်

ပဌမသန္နိပါတ

     သိခီမြတ်စွာဘုရား၏ တပည့်သာဝက ရဟန္တာအစည်းအဝေးကြီးတို့မှာ သုံးကြိမ်ရှိရာ ပဌမအကြိမ်၌ အဘိဘူမင်းသား သမ္ဘဝမင်းသားတို့နှင့် အတူတကွ ရဟန်းပြုကြကုန်သော ရဟန္တာတသိန်းတို့၏အလယ်၌ သီတင်းသုံး နေထိုင်တော်မူ၍ သိခီမြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူသည်။

(ဤကား ရှေးဦးစွာသော သာဝကအစည်းအဝေးကြီးတည်း။)

ဒုတိယသန္နိပါတ

     ထို့နောက် အခါတပါး၌ အရုဏဝတီမြို့ ဆွေတော်မျိုးတော်တို့၏ အစည်းအဝေးကြီး၌ ရဟန်းပြုကြသည့် ရှစ်သောင်းသော ရဟန်းတို့၏အလယ်၌ သီတင်းသုံးတော်မူ၍ သိခီမြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူသည်။

(ဤကား ဒုတိယ သာဝကအစည်းအဝေးကြီးတည်း။)



၄၉၅

တတိယသန္နိပါတ

     ထို့နောက် အခါတပါး၌ ဓနဉ္ဇယမြို့ နေပါလက အမည်ရှိသော ဆင်ပြောင်ကြီးကို ဆုံးမတော်မူသောအခါ၌ ရဟန်းပြုကြကုန်သော ခုနစ်သောင်းသော ရဟန်းတို့၏အလယ်၌ သီတင်းသုံးတော်မူ၍ သိခီမြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူသည်။

(ဤကား တတိယ သာဝကအစည်းအဝေးကြီးတည်း။)

**********

ဂေါတမမြတ်စွာဘုရားအလောင်း အရိန္ဒမမင်းဖြစ်၍ ဗျာဒိတ်ခံယူခြင်း

     ထိုအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် ပရိဘုတ္တအမည်ရှိသော မြို့၌ အရိန္ဒမအမည်ရှိသော မင်းကြီးဖြစ်၍ သိခီမြတ်စွာဘုရား ပရိဘုတ္တမြို့သို့ ကြွရောက်တော်မူလာသည်ရှိသော် အခြွေအရံ ပရိသတ်နှင့်တကွ အရိန္ဒမမင်းကြီးသည် မြတ်စွာဘုရားအား ခရီးဦးကြိုဆို၍ ဦးညွတ်ဝပ်လျှို ရိုသေစွာရှိခိုးပြီးလျှင် မြတ်စွာဘုရားကို ဖိတ်ကြားပြီးသော် နန်းတော်မှာ ခုနစ်ရက်ပတ်လုံး မိမိ၏ အစိုးရခြင်းဂုဏ်, အမျိုးမြတ်ခြင်းဂုဏ်, စည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်းဂုဏ်, ယုံကြည်ခြင်း သဒ္ဓါတရားတည်းဟူသော ဂုဏ်တို့နှင့် လိုက်လျော (မည်သူမျှ အပြစ်ပြောဖွယ်မရှိလေ)အောင် ကြီးစွာသော အလှူဒါနကို လှူဒါန်းလေ၏။

     အဝတ်အထည်ထားသော ဘဏ္ဍာတိုက်တို့ကို ဖွင့်လှစ်ပြီးလျှင် မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာတော်များအား အဖိုးများစွာထိုက်သော အဝတ်ကောဋိပေါင်းများစွာကို ကပ်လှူလေသည်။ (လောကဝေါဟာရအားဖြင့် အဝတ်အစုံ နှစ်ဆယ်ကို တကောဋိဟူ၍ ခေါ်၏၊ ဤ၌မူ အဝတ်ဆယ်ထည်ကို တကောဋိဟူ၍ မှတ်ယူရာ၏။ ။အံ-ဋ္ဌ ၃၊ ၂၇ဝမှ)



၄၉၆

     ဤတွင်မျှ မဟုတ်သေးပေ။ မိမိစီးတော်ယာဉ်ဖြစ်သည့် ခွန်အား အဆင်း လက္ခဏာ အဟုန်တို့နှင့် ပြည့်စုံ၍ ရွှေကွန်ရက် ရွှေပန်းတို့ဖြင့် တန်းဆာဆင်အပ်သည့် မင်္ဂလာဆင်တော်မြတ်ကိုလည်း မြတ်စွာဘုရားအား လှူဒါန်းပြီးလျှင် (အဆင်တန်းဆာနှင့် တကွသော ထိုဆင်တော်ကို တန်ဖိုးဖြတ်၍ ထိုတန်ဖိုးနှင့်ညီမျှသော) ရဟန်းတို့အားအပ်စပ်သည့် ကပ္ပိယပစ္စည်းဝတ္ထုတို့ကို ဘုရားအမှူးရှိသော သံဃာတော်အား လှူဒါန်းလေသည်။

     ထိုအခါ သိခီမြတ်စွာဘုရားသည် အလောင်းတော် အရိန္ဒမမင်းကို “ဤကမ္ဘာမှနောက် သုံးဆယ့်တကမ္ဘာမြောက်၌ ဤအရိန္ဒမမင်းသည် ဂေါတမ အမည်တော်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ်စကား ကြားတော်မူလေသည်။

(ဗျာဒိတ်ကြားတော်မူပုံမှာ ဒီပင်္ကရာမြတ်စွာဘုရား ဗျာဒိတ်ကြားသကဲ့သို့ပင် အပြည့်အစုံဖြစ်သည်။)

     သိခီမြတ်စွာဘုရား၏ ဗျာဒိတ်စကား ကြားရလျှင် အလောင်းတော် အရိန္ဒမမင်းသည် အလွန်ကြည်လင်သော စိတ်ရှိလျက် ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူလသည်။

မြို့တော်စသည်ကို ပြဆိုချက်

     သိခီမြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ အရုဏဝတီ မြို့တော်ဖြစ်၍ ခမည်းတော်မှာ အရုဏမင်းကြီး, မယ်တော်မှာ ပဘာဝတီ မိဖုရားကြီးတို့ ဖြစ်ကုန်၏။

     ထီးနန်းစိုးအုပ် မင်းပြုလုပ်သော နှစ်ပေါင်းမှာ (၇၀၀၀) ခုနစ်ထောင်ဖြစ်၍ စံနန်းတော် သုံးဆောင်တို့မှာ သုစန္ဒကရွှေနန်းဆောင်, ဂိရိရွှေနန်းဆောင်, ဝသဘ ရွှေနန်းဆောင်တို့ ဖြစ်ကုန်၏။

     အဂ္ဂဒေဝီ မဟေသီမိဖုရားမှာ မောင်းမပေါင်း (၂၄ဝဝဝ) နှစ်သောင်းလေးထောင် အခြံအရံရှိသည့် သဗ္ဗကာမာဒေဝီ မိဖုရားကြီးဖြစ်၍ သားတော်မှာ အတုလမင်းသား ဖြစ်လေသည်။



၄၉၇

     နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ တောထွက်တော်မူသော ယာဉ်မှာ ဆင်ယာဉ်ဖြစ်ပြီးလျှင် ရှစ်လကြာ ဒုက္ကရစရိယာကို ကျင့်တော်မူရသည်။

     အဂ္ဂသာဝက အစုံတို့မှာ အဘိဘူမထေရ်နှင့် သမ္ဘဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ခေမင်္ကရမထေရ် ဖြစ်လေသည်။

     အဂ္ဂသာဝိကာ အစုံတို့မှာ သခိလာထေရီမနှင့် ပဒုမာထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိမှာ သရက်ဖြူပင်ဗောဓိ ဖြစ်လေသည်။

     မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ သိရိဝဍ္ဎသူဌေးနှင့် နန္ဒသူဌေးတို့ ဖြစ်ကြ၍ မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ စိတ္တာဥပါသိကာမနှင့် သုဂုတ္တာ ဥပါသိကာမတို့ ဖြစ်ကြသည်။

     သိခီမြတ်စွာဘုရားသည် အရပ်တော် အမြင့်အားဖြင့် အတောင်ခုနစ်ဆယ် မြင့်တော်မူလျက် ပူဇော်ဖွယ်ရာ စီမံထားသည့် ရွှေတိုင်ကြီးနှင့် တူပြီးလျှင် သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီးတို့ဖြင့် တင့်တယ်တော်မူပေ၏။

     သိခီမြတ်စွာဘုရား၏ ပကတိ ကိုယ်တော်ရောင်သည် နေ့ရောညဉ့်ပါ အကြားမလပ် သုံးယူဇနာတိုင်တိုင် ထိုထိုအရပ်သို့ ထွက်ကြွ ကွန့်မြူးတော်မူပေ၏။ (အလိုတော် ရှိပါမူကား အလိုတော်ရှိသမျှ စကြဝဠာပေါင်း များစွာတို့တိုင်တိုင် တောက်ပနိုင်ပေ၏။)

     ထို သိခီမြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ် (၇၀၀၀၀) ခုနစ်သောင်းတမ်းဖြစ်၍ ထိုမျှလောက် (အသက်တမ်း၏ ငါးပုံ့ လေးပုံ) ကာလတို့ပတ်လုံး တည်နေတော်မူလျက် များစွာသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာတည်းဟူသော ရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့၏။



၄၉၈

     တရားမိုယ်းကြီးကို ရွာဖြိုးစေလျက် နတ်နှင့်တကွသော သတ္တဝါတို့ကို တရားစကားတည်းဟူသော ရေစင်ဖြင့် စိုစွတ်စေတော်မူ၍ ဝဋ်ဒုက္ခကုန်ဆုံးရာ နိဗ္ဗာန်သို့ ရောက်စေတော်မူပြီးလျှင် တပည့်များစွာ ရဟန္တာတို့နှင့်တကွ ထိုသိခီမြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းတော်မူလေပြီ။

သံဝေဂ

နီမြန်းသော လက်သည်းတော်, ခြေသည်းတော် အစရှိသည့် ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် ပြည့်စုံသော သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီးတို့ဖြင့် တန်းဆာဆင်အပ်သော မြတ်စွာဘုရား၏ ရူပကာယကိုယ်တော် အလုံးစုံပင် ချုပ်ဆုံး ကွယ်ပျောက်ခဲ့လေပြီ..၊ ခပ်သိမ်းသော သင်္ခါရတရားတို့သည် မြဲခိုင်သော အနှစ်သာရမရှိ၊ အချည်းနှီးသာ ဖြစ်ကုန်စွာ့တကား..။

စေတီတော်

     သိခီမြတ်စွာဘုရားသည် သီလဝတီမြို့၏အနီး (အဿ)အမည်ရှိသော အရာမ်ကြီး၌ ပရိနိဗ္ဗာန် စံတော်မူ၏။ မြတ်စွာဘုရား၏ ဓာတ်တော်တို့မှာ ဖရိုဖရဲမကြဲ တစုတည်း တခဲတည်းဖြစ်၍ တည်ကုန်၏။ ဇမ္ဗူဒိပ်ကျွန်းသူ လူအပေါင်းတို့သည် သုံးယူဇနာစွင့်စွင့် အမြင့်ရှိသော ရတနာခုနစ်ပါးဖြင့်ပြီးသည့် (မြင်းမိုရ်တောင်တမျှ တင့်တယ်လှသော) စေတီတော်ကြီး တည်ထား ကိုးကွယ်ကြလေကုန်သတည်း။

သိခီဗုဒ္ဓဝင် ပြီး၏။

**********