ဝေဿဘူဘုရားရှင်

From Wikisource
Jump to navigation Jump to search
364926နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၂၄) ဝေဿဘူဘုရားရှင် -ဝေဿဘူဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၂၄။ ဝေဿဘူဗုဒ္ဓဝင်

[edit]

သိခီဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ဘုရားနှစ်ဆူ ပွင့်တော် မူရာ ထိုမဏ္ဍကမ္ဘာ၌ပင် လူတို့၏ အသက်တမ်း အနှစ်ခုနစ်သောင်းမှ တဖြည်းဖြည်း ဆုတ်ယုတ်၍ ဆယ်နှစ်သက်တမ်း၊ ထိုမှတစ်ဖန် တိုးတက်ပြန်ကာ အသင်္ချေယျတမ်း ထိုမှတစ်ဖန် ဆုတ်ယုတ်ပြန်ရာ အနှစ်ခြောက် သောင်းတမ်းသို့ ရောက်သောအခါ ဝေဿဘူဘုရားရှင် ပွင့်တော်မူခဲ့၏။

ဝေဿဘူဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း

[edit]

ဝေဿဘူဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူ ပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့ စံနေ တော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော် နတ်သားအား ဘုံသုံးပါးတွင် ဘုရားဖြစ်ရန် အချိန်တန်ပြီဖြစ်၍ လူ့ပြည်သို့ သက်ဆင်းကာ ပဋိသန္ဓေနေတော်မူပါရန် တောင်းပန်ခဲ့ကြကုန်၏။ အလောင်းတော် နတ်သားသည် နတ်ဗြဟ္မာတို့၏ တောင်းပန်ချက်အရ တုသိတာနတ်ပြည်မှ စုတေ၍ လ့ူပြည် အနောမနေပြည်တော် သုပ္ပတီတမင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ ယသဝတီ အမည် ရှိသော မိဖုရားခေါင်ကြီး၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ နေတော်မူခဲ့သည်။ ဆယ်လစေ့မြောက် အချိန်ရောက်သော အခါ အနုပမအမည်ရှိသော ဥယျာဉ်တော်အတွင်း၌ မယ်တော်မိဖုရားကြီးမှ သားတော် အလောင်း မင်းသားကို ဖွားမြင် တော်မူခဲ့သည်။ အလောင်းမင်းသား ဖွားမြင်တော်မူသော အခါ လူအများကို နှစ်သက်စေလျက် မြတ်သောအသံကို ပြုတော်မူခြင်းကြောင့် “ဝေဿဘူ မင်းသား”ဟု အမည်မှည့်ခေါ်ခဲ့ကြကုန်၏။ အလောင်းတော် ပဋိသန္ဓေနေတော်မူသော အခါ၊ ဖွားမြင်တော်မူသောအခါ တို့၌ နိမိတ်ကြီးများနှင့် အံ့ဩဖွယ်ရာများ ထင်ရှားဖြစ်ပေါ်ခဲ့ ကုန်၏။

ထီးနန်းစိုးစံတော်မူခြင်း

[edit]

အလောင်းတော် ဝေဿဘူမင်းသားသည် အရွယ်ရောက်သောအခါ သုစိတ္တာဒေဝီ မင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ် ထီးဖြူ စိုးစံတော်မူခဲ့သည်။ ဥတုသုံးလီ ရာသီနှင့်လိုက်အောင် စီမံဆောက် လုပ်ထားသော ရုစိ ရွှေနန်းဆောင်၊ သုရုစိ ရွှေနန်းဆောင်၊ ရတိဝဍ္ဎုန ရွှေနန်းဆောင် ဟူသော ရွှေနန်းပြာသာဒ် သုံးဆောင်တို့၌ သုစိတ္တာဒေဝီမိဖုရားကြီး အမှူးရှိသော မောင်းမအပေါင်း သုံးသောင်းတို့၏ ဖျော်ဖြေလုပ်ကျွေးခြင်းကို ခံယူလျက် နှစ်ပေါင်းခြောက်သောင်း တို့ကာလပတ်လုံး မင်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။ အလောင်းတော်၏ သားတော်မှာ သုပ္ပဗုဒ္ဓမင်းသား ဖြစ်ခဲ့၏။

တောထွက်တော်မူခြင်း

[edit]

အလောင်းတော် ဝေဿဘူမင်းသားသည် ထိုသို့ ထီးနန်းစည်းစိမ်ကို ခံစား တော်မူစဉ် နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူပြီး သုစိတ္တာဒေဝီမိဖုရားကြီးမှ သုပ္ပဗုဒ္ဓမင်းသားကို ဖွားမြင်သောအခါ ရွှေထမ်းစင်ကိုစီးလျက် ဥယျာဉ် တော်သို့ ထွက်တော်မူခဲ့၏။ ဥယျာဉ်တော်သို့ ရောက်တော်မူလေလျှင် ဗြဟ္မာကြီး လှူဒါန်းအပ်သော သင်္ကန်းပရိက္ခရာ တို့ကို ခံယူ၍ ရဟန်းပြု တော်မူခဲ့သည်။ အလောင်းတော် ရဟန်းပြုတော်မူသည်ကို အတုလိုက် အားကျကာ သုံးသောင်း ခုနှစ်ထောင်သော ယောက်ျားတို့လည်း လိုက်ပါရဟန်းပြုခဲ့ကြကုန်၏။ အလောင်းတော် သည် ထိုရဟန်းတို့နှင့် အတူ တကွ ဒုက္ကရစရိယာ ခြောက်လကြာအောင် ကျင့်တော်မူပြီးလျှင် ဘုရားဖြစ်မည့် ကဆုန်လပြည့်နေ့၌ သုစိတ္တနိဂုံးသူ သိရိဝဍ္ဎုနာအမည်ရှိသော အမျိုးသမီး လှူဒါန်းသည့် ဃနာ နို့ဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူလျက် ထိုအရပ်ရှိ အင်ကြင်းတော အတွင်း၌ နေခိုတော်မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[edit]

အလောင်းတော်သည် အင်ကြင်းတော၌ နေခိုတော်မူပြီးနောက် ညနေချမ်း အချိန်သို့ ရောက်သောအခါ အခြံအရံ ရဟန်း တို့ကို စွန့်ခွါ၍ တစ်ပါးတည်း မဟာဗောဓိမဏ္ဍိုင်သို့ ကြွတော်မူလေရာ လမ်းခရီး အကြား၌ နရိန္ဒအမည်ရှိသော နဂါး မင်းလှူဒါန်းသည့် မြက်ရှစ်ဆုပ်တို့ကို ခံယူတော်မူခဲ့၍ မဟာဗောဓိ (အင်ကြင်းပင်) အရင်း၌ ဖြန့်ခင်းလိုက်သည်နှင့် တစ်ပြိုင်နက် အတောင်လေးဆယ် ပမာဏရှိသော အပရာဇိတ ပလ္လင်တော် ပေါ်ပေါက်တော် မူခဲ့သည်။ အလောင်း တော်သည် ထိုအပရာဇိတပလ္လင်တော်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော် မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယတော်ကို ဆောက်တည်တော်မူကာ တရား အားထုတ်တော်မူခဲ့သည်။ ထိုနေ့ နေမဝင်မီ မာရ်စစ်သည်တို့ကို အောင်မြင် တော်မူခဲ့၍ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ်တက် သည်နှင့် တစ်ပြိုင်နက် အာသဝက္ခယဉာဏ်ကို ရတော်မူကာ ဘုံသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူပြီး “တဏှာ ယောက်ျား ဟယ် လက်သမား...ငါဘုရားသည် သင်လက်သမား ဆောက်လုပ်ခဲ့သော ခန္ဓာ အိမ်တိုက်ကြီး၏ မိုးကာလွှမ်းအုပ် အဝိဇ္ဇာတည်းဟူသော ခေါင်အုပ်ကို အရဟတ္တမဂ် ဉာဏ်သန်လျက် ဖြင့် ခွါဖျက်လွှင့်ပစ် အပ်ကုန်ပြီ” စသော ဥဒါန်းကို ကျူးရင့်တော် မူခဲ့လေသည်။

ဓမ္မစကြာတရားဦး ဟောတော်မူခြင်း

[edit]

ဝေဿဘူဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိ အင်ကြင်းပင်အနီးမှာပင် သတ္တသတ္တာဟ-လေးဆယ့် ကိုးရက် စံနေတော်မူပြီးလျှင် အဋ္ဌမသတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း၏ တောင်းပန်မှုကို ဝန်ခံတော် မူပြီး ရှေးဦးစွာ တရားဟောရမည့်ပုဂ္ဂိုလ်ကို ကြည့်ရှု ဆင်ခြင်လေလျှင် ကိုယ်တော်မြတ်နှင့် ဖတူမိကွဲညီတော်များ ဖြစ်ကြ၍ (အဂ္ဂသာဝက) တပည့်မြတ် အလောင်းအလျာများ ဖြစ်ကြသည့် သောဏမင်းသားနှင့် ဥတ္တရမင်းသားတို့ကို မြင်တော် မူခဲ့သည်။ ဘုရားရှင်သည် အနုပမမြို့တော် အနီး အရုဏအမည်ရှိသော ဥယျာဉ်တော်သို့ ကောင်းကင်ခရီးဖြင့် တစ်ခဏချင်း ကြွတော်မူကာ ဥယျာဉ်တော်သို့ရောက်လေလျှင် ဥယျာဉ်မှူးအား ညီတော်မင်းသား နှစ်ပါးကို ခေါ်စေ တော်မူခဲ့၏။ အခြံအရံ ပရိသတ်နှင့် တကွသော ညီတော် မင်းသားနှစ်ပါးတို့၏ အလယ်၌ သီတင်းသုံး တော်မူကာ ရှေးရှေးဘုရားရှင်တို့ ဟောကြားတော်မူကြမြဲဖြစ်သည့် ဓမ္မစကြာ ဒေသနာ တော်ကို ဟောကြားတော် မူခဲ့သည်။ ဒေသနာတော် ဆုံးသည့်အခါ ကုဋေ ရှစ်သောင်းသော သတ္တဝါတို့ မဂ်ဖိုလ်တရားထူးကို ရခဲ့ကြကုန်၏။

ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံယူခြင်း

[edit]

ဝေဿဘူဘုရားရှင် လက်ထက်တော်တွင် ဂေါတမဘုရားအလောင်း တော်သည် သရဘဝတီ အမည်ရှိသောမြို့၌ သုဒဿန အမည်ရှိသော မင်းဖြစ်ခဲ့၏။ အလောင်းတော် သုဒဿနမင်းသည် သရဘဝတီမြို့သို့ ကြွလာတော်မူသော ဝေဿဘူဘုရားရှင်၏ တရားတော်ကို နာကြားရ၍ အလွန်ကြည်ညိုသော စိတ်ဖြင့် ဘုရားအမှူးရှိသော သံဃာတော် တို့အား သင်္ကန်းနှင့်တကွ ကြီးစွာ သော အလှူဒါနကို ပေးလှူခဲ့၏။ ဘုရားရှင် သီတင်းသုံးတော်မူရန် ဂန္ဓကုဋိခေါ် ကျောင်းတော်ကြီးကို ဝန်းရံလျက် ရဟန်းတော်များ သီတင်းသုံးနေထိုင်ရန် ကျောင်းပေါင်းတစ်ထောင် တည်ဆောက် လှူဒါန်းခဲ့လေသည်။ ၎င်းင်းအပြင် အလောင်းတော် သုဒဿန မင်းသည် မင်းစည်းစိမ်ကို စွန့်လွှတ်၍ ဘုရားရှင်အထံ၌ ရဟန်းပြုခဲ့၏။ ဓူတင် တစ်ဆယ့်သုံးပါးတို့ကို ဆောင်တော်မူကာ ပါရမီကောင်းမှုတို့ကို ရှာမှီးခြင်း၌ နှစ်ခြိုက်မွေ့ လျော်၍ သာသနာတော်၌ နေတော်မူခဲ့၏။ အလောင်း တော် ရဟန်းမြတ်၏ မဆုတ်နစ်သော ဝီရိယရှိ သည်ကို မြင်တော်မူသော ဝေဿဘူ ဘုရားရှင်သည် “ဤရဟန်းသည် ဤကမ္ဘာမှ နောက်သုံးဆယ့်တစ် ကမ္ဘာမြောက်ဖြစ်သော ဘဒ္ဒကမ္ဘာ၌ ဂေါတမ အမည် ရှိသော ဘုရားစင်စစ် ဧကန်ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား မိန့်ကြား တော်မူခဲ့သည်။ အလောင်းတော် ရဟန်းသည် ဘုရားရှင်၏ ဗျာဒိတ်စကား ကြားရလေလျှင် အလွန် ဝမ်းမြောက် လှသဖြင့် ပါရမီဆယ်ပါးတို့ကို တိုးတက် ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူ ခဲ့သည်။

ဝေဿဘူဘုရားရှင်၏ တပည့်သာဝကများ

[edit]

ဝေဿဘူဘုရားရှင်၏ (အဂ္ဂသာဝက) တပည့်မြတ်တို့သည် အရှင်သောဏ မထေရ်နှင့် အရှင်ဥတ္တရ မထေရ်တို့ဖြစ် ကုန်၍ အလုပ်အကျွေးရဟန်းတော်မှာ အရှင်ဥပသန္တမထေရ် ဖြစ်ခဲ့သည်။ အရှင်မ ရာမာထေရီနှင့် အရှင်မ သမလာ ထေရီတို့သည် ဘုရားရှင်၏ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မ အစုံတို့ဖြစ် ကုန်၍ ပွင့်တော်မူရာ ဗောဓိပင်သည် အင်ကြင်းပင်ဖြစ်ခဲ့၏။ (အဂ္ဂဥပဋ္ဌာက) မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ သောတ္ထိကသူဌေးနှင့် ရမ္ဘသူဌေးတို့ ဖြစ်ခဲ့ကုန်ပြီး (အဂ္ဂဥပဋ္ဌိကာ) မြတ်သော အလုပ်အကျွေး တပည့်မတို့သည် ဂေါတမီဥပါသိကာမနှင့် သိရိမာ ဥပါသိကာမတို့ ဖြစ်ခဲ့ကြကုန်၏။ ဘုရားရှင်၏ အရပ်တော်မှာ အတောင် ခြောက်ဆယ် မြင့်လျက် ရွှေတိုင်ကြီးပမာ တင့်တယ် လှပေ၏။ ကိုယ်တော်မှထွက်သော ရောင်ခြည် တော်တို့သည် ညဉ့်အခါ၌ တောက်ပသော တောင်ထိပ်မီး ကဲ့သို့ ထိုမှ ဤမှ ထွက်ပေါ်ကွန့်မြူးလျက် ရှိခဲ့ကုန်၏။

(ဓမ္မာဘိသမယ) တရားပွဲကြီးများ

[edit]

ဝေဿဘူဘုရားရှင်၏ အနုပမမြို့အနီး အရုဏဥယျာဉ်တော်ကြီး၌ သောဏမင်းသားနှင့် ဥတ္တရမင်း သားတို့ကို အမှူးထား၍ လူနတ်ဗြဟ္မာသတ္တဝါ တို့အား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူသော တရားပွဲသည် ရှေးဦး စွာသော (ဓမ္မာဘိသမယ)တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေ ရှစ်သောင်းသော နတ်လူတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြ ကုန်၏။ ထို့နောက် ဝေဿဘူဘုရားရှင်သည် မြို့ရွာအသီးသီးသို့ဒေသစာရီ ကြွချီတော်မူလျက် ထိုထိုအရပ်တို့၌ ဟောတော်မူခဲ့သော တရားပွဲများသည် ဒုတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီးများ ဖြစ်ခဲ့ကုန်၏။ ထိုတရားပွဲကြီးများ၌ ကုဋေခုနစ်သောင်းသော နတ်လူတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။ ထို့နောက်တစ်ဖန် ဝေဿဘူဘုရားရှင် သည် အနုပမမြို့တော်၌ တိတ္ထိတို့၏ မှားယွင်းသော မိစ္ဆာအယူကို ပယ်ဖျောက်၍ မာန်တံခွန် ကို ချိုးနှိမ်လျက် ကိုးယူဇနာ ကျယ်ဝန်းသော အရပ်တွင် အတိုင်းအရှည်မရှိ များပြားသော လူနတ် ဗြဟ္မာတို့၏ အစုအဝေး၌ တန်ခိုးပြာဋိဟာပြလျက် ဟောတော်မူသော တရားပွဲသည် တတိယ အကြိမ်မြောက် (ဓမ္မာဘိ သမယ)တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေခြောက်ဆယ်သော နတ်လူတို့ သစ္စာ လေးပါးတရား သိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။

သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ

[edit]

ဝေဿဘူဘုရားရှင် လက်ထက်တော်တွင် တပည့်သာဝကရဟန္တာ အစည်း အဝေးကြီး သုံးကြိမ် ဖြစ်ခဲ့သည်။ (အဂ္ဂသာဝက) တပည့်မြတ်အစုံ အလောင်း အလျာ အရှင်သောဏမထေရ်နှင့် အရှင် ဥတ္တရမထေရ်တို့၏ အစည်း အဝေးတွင် ရဟန်းပြုခဲ့ကြသော ကုဋေရှစ်သောင်း သောရဟန်းတို့၏ အလယ်၌ ဝေဿဘူဘုရားရှင်သည် ဩဝါဒပါတိ မောက်ကို ပြတော်မူခဲ့၏။ ထိုအစည်း အဝေးသည် ရှေးဦးစွာသော သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့သည်။ ထို့နောက် ဝေဿဘူဘုရားရှင် အလောင်းတော် တောထွက်တော်မူလေလျှင် အတုလိုက်အားကျကာ ရဟန်းပြုခဲ့ကြသည့် ရဟန်း တော်တို့သည် အလောင်းတော် ဗောဓိမဏ္ဍိုင်သို့ ကြွခဲ့စဉ်က ထိုရဟန်း တို့ကလည်း ဇမ္ဗူဒိပ်ကျွန်း အတွင်းပိုင်း သင့်လျော်သောအရပ်များသို့ ကြွသွားခဲ့ကြကုန်၏။ ဘုရားရှင် ဓမ္မစကြာ ဒေသနာ တော်ကို ဟောတော်မူကြောင်း ကြားသိမှသာ ထိုရဟန်း သုံးသောင်း ခုနစ်ထောင် တို့သည် သောရေယျမြို့ ဘုရားရှင်ထံ ချဉ်းကပ်ခဲ့ကြ ကုန်၏။ ထိုအခါ ဘုရားရှင်က ထိုရဟန်းတို့ အား တရားဟောတော်မူပြီး ဧဟိဘိက္ခု ရဟန်းများ ဖြစ်စေတော်မူခဲ့၏။ အင်္ဂါလေး ပါးနှင့် ပြည့်စုံသော ထိုရဟန်းပရိသတ် အလယ်၌ ဘုရားရှင်သည် ဩဝါဒပါတိမောက် ပြခဲ့ပြန်သည်။ ထိုအစည်း အဝေးသည် ဒုတိယအကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့၏။

ထို့နောက် တစ်ဖန် ဝေဿဘူဘုရားရှင်သည် နာရိဝါဟနမြို့သို့ ဒေသစာရီ ကြွတော်မူခဲ့ရာ ဥပသန္တမင်းသည် အခြွေအရံပရိသတ်နှင့်တကွ ဘုရားရှင်အား ကြိုဆို၍ ကြီးစွာသော အလှူကြီးကို ပေးလှူခဲ့၏။ ဘုရားရှင်၏ တရားတော်ကို နာကြားရသောအခါ လွန်မင်းစွာ ကြည်ညိုလှသဖြင့် မင်းစည်းစိမ်ကို စွန့်လွှတ်ပြီး ရဟန်းပြုခဲ့၏။ ဥပသန္တမင်း ရဟန်းပြုသည်ကို အတုလိုက်အားကျကာ မင်းချင်းယောက်ျား ခြောက်သောင်းတို့လည်း လိုက်ပါရဟန်းပြုခဲ့ကြကုန်၏။ ဥပသန္တမင်းနှင့်အတူ ထိုရဟန်းတော် ခြောက်သောင်းတို့သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြကုန်၍ ထိုရဟန်းတို့၏ အလယ်တွင် ဘုရားရှင်သည် သီတင်း သုံးတော်မူကာ ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်း အဝေးသည် တတိယအကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့သည်။

ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

[edit]

ဝေဿဘူဘုရားရှင်၏ အသက်တမ်းသည် အနှစ်ခြောက်သောင်းတမ်း ဖြစ်ခဲ့၍ ထိုမျှလောက်သော ကာလပတ်လုံး သတ္တဝါတို့ကို သံသရာရေအလျဉ်မှ ကယ်တင်တော်မူခဲ့သည်။ ဘုရားရှင်သည် တရားတော်ကို ပျံ့နှံ့အောင် ပြုတော် မူလျက် တပည့်သာဝကတို့နှင့်တကွ ပရိနိဗ္ဗာန် စံတော်မူခဲ့ သည်။ “ဖူးမြော်ထိုက်သော ဘုရားရှင်နှင့်တကွ တပည့် သာဝကတို့သည် လည်းကောင်း၊ ဘုရားရှင် များ သီတင်းသုံးတော်မူရာ ကျောင်းတိုက် များသည်လည်းကောင်း ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရ တို့သည် ခိုင်မြဲ သော အနှစ်မရှိကုန်။ အချည်းနှီးတို့သာ ဖြစ်ခဲ့ကုန်စွ”

ဓာတ်တော်များ ပျံ့နှံ့တည်ရှိခြင်း

[edit]

နတ်လူတို့၏ ဆရာဖြစ်တော်မူသော ဝေဿဘူဘုရားရှင်သည် ခေမာရာမ ကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြုတော်မူခဲ့သည်။ ဘုရားရှင်သည် ပရိနိဗ္ဗာန် စံဝင်ခါ နီးတွင် “ငါဘုရား မရှိသည့်နောက် ခပ်သိမ်းသော သတ္တဝါတို့ နတ်ရွာနိဗ္ဗာန် ရောက်ကြစေရန် ငါဘုရား၏ ဓာတ်တော်တို့သည် သက်တော်ရှည်ဘုရားရှင် တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ တစ်လုံးတစ်ခဲတည်းသော အသမ္ဘိန္န ဓါတ်တော် မဖြစ်စေဘဲ အစိတ်စိတ် အမြွှာမြွှာ ကွဲပြားပျံ့နှံ့၍ တည်ကြပါ စေသတည်း”ဟု အဓိဋ္ဌာန် ပြုတော်မူခဲ့၏။ ဘုရားရှင်၏ ဓာတ်တော်တို့သည် ဘုရားရှင်၏ အဓိဋ္ဌာန်အတိုင်း ဇမ္ဗူဒိပ် ကျွန်း တစ်ခွင်၌ ပျံ့နှံ့တည်ရှိကုန်၍ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အပူဇော်ကို ခံယူတော်မူခဲ့ လေသတည်း။