ကကုသန္ဓဘုရားရှင်

From Wikisource
Jump to navigation Jump to search
364927နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၂၅) ကကုသန္ဓဘုရားရှင် -ကကုသန္ဓဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၂၅။ ကကုသန္ဓဗုဒ္ဓဝင်

[edit]

ဝေဿဘူဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီး ထိုဘုရားရှင် ပွင့်တော်မူရာ ကပ်ကမ္ဘာကုန်ဆုံးပြီးနောက် ဘုရားပွင့်တော် မမူသည့် သုညကမ္ဘာပေါင်း နှစ်ဆယ့်ကိုးကမ္ဘာခြားပြီးမှ ဘုရားငါးဆူပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာသို့ ရောက်ခဲ့လေသည်။ ဤဘဒ္ဒကမ္ဘာ၌ ကကုသန္ဓမြတ်စွာဘုရား၊ ကောဏာဂမန မြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရား၊ ဂေါတမမြတ်စွာဘုရား ဘုရားလေးဆူ ပွင့်တော်မူခဲ့ပြီ။ အရိမေတ္တယျ မြတ်စွာဘုရား ပွင့်တော်မူရန် ကျန်သေးသည်။ထိုဘုရားရှင် ငါးဆူတို့ အနက် ကကုသန္ဓ ဘုရားရှင်သည် ဤဘဒ္ဒကမ္ဘာတွင် ရှေးဦးစွာ ပွင့်တော်မူခဲ့သော ဘုရားရှင် ဖြစ်တော်မူသည်။

ကကုသန္ဓဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း

[edit]

ဤဘဒ္ဒကမ္ဘာဝယ် ပထမအန္တရကပ်၌ပင် လူတို့၏အသက်တမ်း အသင်္ချေ တမ်းမှ ဆုတ်ယုတ်ခဲ့၍ အနှစ်လေးသောင်း တမ်းသို့ ရောက်သောအခါ ကကုသန္ဓ ဘုရားအလောင်းတော်သည် ပါရမီတော် တို့ကို ဖြည့်ကျင့် တော်မူပြီးသည်ဖြစ်၍ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာ နတ်ပြည်၌ စံနေတော်မူ ခဲ့သည်။ ထိုသို့ စံနေတော်မူစဉ် နတ်ဗြဟ္မာ တို့က အလောင်းတော် နတ်သားအား ဘုံသုံးပါး၌ ဘုရားဖြစ်တော်မူရန် အချိန်တန်ပြီဖြစ်၍ လူ့ပြည်သို့ သက်ဆင်းကာ ပဋိသန္ဓေနေ တော်မူပါရန် တောင်းပန်ခဲ့ကြကုန်၏။ အလောင်းတော်သည် နတ်ဗြဟ္မာတို့၏ တောင်းပန်ချက်အရ တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည် ခေမဝတီနေပြည်တော် ခေမမင်းကြီး၏ အဂ္ဂိဒတ္တ ပုရောဟိတ်ပုဏ္ဏားကြီး၏ ဇနီး ဝိသာခါပုဏ္ဏေးမ၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေ စံပျော် ကိန်းအောင်းတော်မူခဲ့သည်။ ဆယ်လစေ့မြောက် အချိန်ရောက်သော အခါ မယ်တော် ပုဏ္ဏေးမကြီးသည် အလောင်းတော်ကို ခေမဝတီ ဥယျာဉ်တော် အတွင်း၌ မီးရှူးသန့်စင် ဖွားမြင် တော်မူခဲ့၏။ အလောင်းတော် ပဋိသန္ဓေ နေတော်မူသောအခါ၊ ဖွားမြင်တော်မူသော အခါတို့၌ နိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော်ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့်အတိုင်း အံ့ဩဖွယ် ရာများ ဖြစ်ပေါ်ခဲ့ကြကုန်၏။

လူ့စည်းစိမ်ကို ခံစားတော်မူခြင်း

[edit]

အလောင်းတော် ကကုသန္ဓပုဏ္ဏားလုလင်ပျိုသည် အရွယ်တော်သို့ ရောက်သောအခါ ရောစိနီအမည်ရှိသော ပုဏ္ဏေးမ ငယ်နှင့် လက်ထပ်ကာ လူ့စည်းစိမ်ကို ခံစားခဲ့သည်။ ဥတုသုံးလီ ရာသီနှင့်မျှအောင် ဆောက်လုပ် ထားသော ကာမ မည်သော ပြာသာဒ်၊ ကာမဝဏ္ဏမည်သော ပြာသာဒ်၊ ကာမသုဒ္ဓိမည်သော ပြာသာဒ်ဟူသော ပြာသာဒ်သုံး ဆောင်တို့၌ ရောစိနီ ပုဏ္ဏေးမ ဦးဆောင်သော ရံရွေတော် ပုဏ္ဏေးမအမျိုးသမီးပေါင်း သုံးသောင်းတို့၏ ဖျော်ဖြေ လုပ်ကျွေးမှုကို ခံယူလျက် နှစ်ပေါင်းလေးထောင်တို့ ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော လူ့စည်းစိမ် ချမ်းသာကို ခံစားတော် မူခဲ့သည်။ အလောင်းတော်၏ သားတော်မှာ ဥတ္တရပုဏ္ဏားလုလင်ဖြစ်၏။

တောထွက်တော်မူခြင်း

[edit]

အလောင်းတော် ကကုသန္ဓပုဏ္ဏားသည် လူ့စည်းစိမ်ကို ခံစားနေစဉ် ကာလအတွင်း နတ်တို့ဖန်ဆင်း ပြသော သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီး လေးပါးတို့ကို မြင်တော်မူပြီး ရောစိနီပုဏ္ဏေးမမှ ဥတ္တရအမည်ရှိသော သားတော်ကို ဖွားမြင်တော်မူသောအခါ အာဇာနည်မြင်း ကသော ရထားကို စီးလျက် တောထွက်ကာ ရဟန်းပြုတော်မူခဲ့သည်။ အလောင်းတော် ကကုသန္ဓပုဏ္ဏား ရဟန်းပြုသည်ကို အတုလိုက်အားကျကာ ယောက်ျားပေါင်း လေးသောင်း တို့သည် လည်း လိုက်ပါရဟန်းပြုခဲ့ကြကုန်၏။ အလောင်းတော်သည် ထိုရဟန်း တို့နှင့် အတူတကွ ဒုက္ကရစရိယာ ရှစ်လကြာ အောင် ကျင့်တော်မူပြီး ဘုရားဖြစ် မည့် ကဆုန်လပြည့်နေ့၌ သုစိရိန္ဒ နိဂုံးနေ ဝဇိရိန္ဒပုဏ္ဏား ၏ သမီး လှူဒါန်းသည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူလျက် ထိုအရပ်ရှိ ရှားတော အတွင်း၌ နေခိုတော်မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[edit]

အလောင်းတော်သည် ရှားတောအတွင်း၌ နေခိုတော်မူပြီးနောက် ညနေ ချမ်းအချိန်သို့ ရောက်သော အခါ မဟာဗောဓိ မဏ္ဍိုင်သို့ တစ်ပါးတည်းကြွသွား တော်မူခဲ့၏။ လမ်းခရီးအကြား၌ မုယောခင်းစောင့် သုဘဒ္ဒ လှူဒါန်းသော မြက်ရှစ် ဆုပ်ကို အလှူခံခဲ့၍ မဟာဗောဓိကုက္ကိုပင်ရင်း ဖြန့်ခင်းလိုက်သည် နှင့်တစ်ပြိုင်နက် နှစ်ဆယ့်ခြောက်တောင် ပမာဏ ရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်တော် မူခဲ့သည်။ ထိုအပရာဇိတ ပလ္လင်တော်ဝယ် ထက်ဝယ်ဖွဲ့ခွေ စံနေတော် မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယတော်ကို ဆောက်တည်ကာ တရား အားထုတ်တော်မူခဲ့၏။ ထိုနေ့ နေမဝင်မီ မာရ်စစ်သည် တို့ကို အောင်မြင်တော်မူခဲ့၍ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက် ယံ နေအရုဏ်တက်သည်နှင့် တစ်ပြိုင်နက် အာသဝက္ခယဉာဏ်တော်ကို ရတော်မူကာ ဘုံသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော် မူခဲ့ပြီး “တဏှာ ယောက်ျား ဟယ် လက်သမား...ငါဘုရားသည် သင်လက်သမား ဆောက်လုပ်ခဲ့သော ခန္ဓာအိမ်တိုက်ကြီး၏ မိုးကာလွှမ်းအုပ် အဝိဇ္ဇာတည်းဟူသော ခေါင်အုပ်ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ခွါဖျက် လွှင့်ပစ် အပ်ကုန်ပြီ” စသော ဥဒါန်း ကို ကျူးရင့်တော်မူ၏။

ဓမ္မစကြာတရားဦး ဟောတော်မူခြင်း

[edit]

ကကုသန္ဓဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိကုက္ကို ပင်အနီး၌ သတ္တသတ္တာဟ-လေးဆယ့်ကိုးရက် စံနေတော်မူ၏။ အဋ္ဌမ သတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း၏ တောင်းပန်မှု ကို ဝန်ခံတော် မူပြီး၍ ရှေးဦးစွာ တရားဟောရမည့်ပုဂ္ဂိုလ်ကို ကြည့်ရှု ဆင်ခြင်လေလျှင် ကိုယ်တော်မြတ်နှင့်အတူ ရဟန်းပြုဖက်ဖြစ်ခဲ့ကြသော လေး သောင်းသော ရဟန်းတို့ကို မြင်တော် မူခဲ့၏။ ထိုရဟန်းတို့နေရာ မကိလမြို့အနီး ဣသိပတန မိဂါဒဝုန်တောသို့ ကြွသွား တော်မူပြီး ထိုရဟန်းတို့၏အလယ်၌ သီတင်းသုံး နေတော်မူကာ ရှေးရှေးဘုရားရှင်တို့ ဟောကြား တော်မူမြဲ ဖြစ်သည့် ဓမ္မစကြာ ဒေသနာတော်ကို ဟောကြားတော်မူခဲ့သည်။ တရားဒေသနာ အဆုံးသို့ ရောက်သောအခါ ကုဋေလေးသောင်းသော နတ်လူဗြဟ္မာသတ္တဝါတို့ မဂ်ဖိုလ် တရားထူးကို ရခဲ့ကြကုန်၏။

ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံခြင်း

[edit]

ကကုသန္ဓဘုရားရှင် လက်ထက်တော်တွင် ဂေါတမဘုရားအလောင်း တော်သည် ခေမမည်သောမင်း ဖြစ်ခဲ့၏။ ထိုခေမ မင်းသည် ဘုရားအမှူး ရှိသော သံဃာတော်တို့အား ကြီးစွာသော အလှူကြီးကို ပေးလှူပြီးနောက် ရဟန်းသံဃာ တော်များ အလိုရှိရာ မျက်စဉ်းကျောက် စသော ဆေးပစ္စည်းများ ကိုလည်း လှူဒါန်းခဲ့၏။ ဘုရားရှင်၏ တရားတော်ကို နာကြားရသောအခါ ကြည်ညိုသဒ္ဓါ ဖြစ်၍ ဘုရားရှင်၏ အထံတော်၌ ရဟန်းပြုခဲ့တော့သည်။ ထိုအခါ ဘုရားရှင်က “ဤခေမရဟန်းသည် ဤဘဒ္ဒကမ္ဘာ၌ပင် ဂေါတမမည်သော ဘုရားစင်စစ် ဖြစ်လတံ့”ဟု ဗျာဒိတ်စကား မိန့်ကြား တော်မူခဲ့သည်။ အလောင်းတော် ခေမရဟန်းသည် ဗျာဒိတ်စကားကို ကြားရသောအခါ အလွန် ကြည်လင်သော စိတ်ထားဖြင့် ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည် တော်မူခဲ့သည်။

ကကုသန္ဓဘုရားရှင်၏ တပည့်သာဝကများ

[edit]

ကကုသန္ဓဘုရားရှင်၏ (အဂ္ဂသာဝက) တပည့်မြတ် အစုံတို့မှာ အရှင်ဝိဓုရ မထေရ်နှင့် အရှင်သဉ္ဇီဝ မထေရ်တို့ ဖြစ်ခဲ့ကုန်၏။ အလုပ်အကျွေး ရဟန်းတော်မှာ အရှင်ဗုဒ္ဓိဇမထေရ် ဖြစ်ခဲ့သည်။ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မ အစုံတို့သည် အရှင်မ သာမာထေရီနှင့် အရှင်မ စမ္ပာထေရီတို့ ဖြစ်ခဲ့ကုန်ပြီး ပွင့်တော်မူရာ ဗောဓိပင်မှာ ကုက္ကိုပင် ဖြစ်သည်။ (အဂ္ဂဥပဋ္ဌာက) မြတ်သော အလုပ် အကျွေး ဒါယကာတို့မှာ အစ္စုတသူဌေးနှင့် သုမနသူဋ္ဌေးတို့ ဖြစ်ခဲ့ကုန်၍ (အဂ္ဂဥပဋ္ဌိကာ) မြတ်သော အလုပ်အကျွေး ဒါယိကာမတို့သည် နန္ဒာဥပါသိကာမနှင့် သုနန္ဒာဥပါသိကာမ တို့ ဖြစ်ခဲ့ ကြကုန်၏။ ဘုရားရှင်၏ အရပ်တော်မှာ အတောင်လေးဆယ် မြင့်တော်မူ၍ ကိုယ်တော်မှ ထွက်သော ရောင်ခြည်တော် တို့သည် ထက်ဝန်းကျင် ဆယ်ယူဇနာတိုင်တိုင် ပျံ့နှံ့ကွန့်မြူးတော်မူခဲ့သည်။

(ဓမ္မာဘိသမယ) တရားပွဲကြီးများ

[edit]

ကကုသန္ဓဘုရားရှင်၏ မကိလမြို့အနီး ဣသိပတန မိဂဒါဝုန်တော၌ ဓမ္မစကြာတရား ဟောတော် မူသော တရားပွဲသည် ရှေးဦးစွာသော (ဓမ္မာဘိ သမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေလေးသောင်းသော နတ်လူဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြ ကုန်၏။ ထို့နောက် ကကုသန္ဓဘုရားရှင်သည် ကဏ္ဏကုဇ္ဇမြို့တံခါးအနီး အင်ကြင်းပင်ကြီး အရင်း၌ ရေမီးအစုံအစုံဖြစ်သော တန်ခိုးပြာဋိဟာကို ပြတော်မူ၍ တရား ဟောတော်မူသော တရားပွဲသည် ဒုတိယအကြိမ်မြောက် (ဓမ္မာဘိသမယ)ပွဲကြီး ဖြစ်ခဲ့၏။ ထိုတရားပွဲကြီး၌ ကုဋေသုံးသောင်းသော နတ်လူဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။ ထို့နောက်တစ်ဖန် ခေမဝတီမြို့အနီးရှိ တစ်ခုသော နတ်ကွန်းဝယ် လူသား အစားကြူးသည့် နရဒေဝမည်သော နတ်ဘီလူးသည် လူအများတို့က ပူဇော်ပသ ချိန်ရောက်သောအခါ ထင်ရှားစွာ တွေ့မြင်ရသော လူ့ကိုယ်ဖြင့် ပူဇော်ပသ ခြင်းကို ခံယူခဲ့၏။ သို့သော် ထိုနတ်ဘီလူးသည် သွားလာခက်သော တောခရီးအလယ်ရှိ အိုင်ကြီးတစ်ခုသို့ အသွားအလာ ပြုကုန်သော လူတို့အား ဖမ်းယူစားသောက်၍ နေခဲ့၏။ တစ်နေ့သောအခါ ကကုသန္ဓဘုရားရှင်သည် နံနက်စောစော မဟာကရုဏာ သမာပတ်မှထ၍ ချွတ်ထိုက်သူရှိက ချွတ်တော်မူရန် သတ္တလောကကို ကြည့်ရှုတော် မူလေသော် နရဒေဝနတ်ဘီလူးကို မြင်တော်မူခဲ့၏။ ထိုနတ်ဘီလူးကို ချေချွတ်ရန် အတွက် ယင်း၏ ဘုံဗိမာန်သို့ ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူခဲ့သည်။ နတ်ဘီလူး သည် ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူး၍ တင့်တယ်စွာ ကောင်းကင်ခရီးဖြင့် ကြွလာတော် မူသော ဘုရားရှင်ကို မြင်ခဲ့ရစဉ်ကပင် ကြည်ညိုသဒ္ဓါဖြစ်ခဲ့၏။ ၎င်းင်း၏ အခြွေအရံဖြစ်ကုန်သော နတ်ဘီလူး တို့နှင့်တကွ ဟိမဝန္တာသို့သွားပြီး အဆင်းအနံ့ရှိကုန်သည့် ရေပန်း ကြည်းပန်းတို့ကို ဆောင်ယူကာ ဘုရားရှင်အား ပူဇော်ခဲ့လေသည်။ ထိုအခါ ဘုရားရှင်သည် လာရောက်ကြကုန်သော လူအပေါင်း နှင့်တကွ နရဒေဝ နတ်ဘီလူးအား တရားဟောတော်မူခဲ့ရာ ထိုတရားပွဲသည် တတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီးပင် ဖြစ်ခဲ့၏။ ထိုတရားပွဲ၌ အတိုင်းအရှည်မရှိ များလှစွာသော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။

သာဝက (သန္နိပါတ) အစည်းအဝေး

[edit]

ကကုသန္ဓဘုရားရှင် လက်ထက်တော်တွင် သာဝက (သန္နိပါတ) အစည်း အဝေး တစ်ကြိမ်သာ ဖြစ်ခဲ့သည်။ ကဏ္ဏ ကုဇ္ဇမြို့အနီး ဣသိပတန မိဂဒါဝုန် တော၌ ကိုယ်တော်မြတ်နှင့်အတူ ရဟန်းပြု ဖက်ဖြစ်ကုန်သော ရဟန္တာ လေးသောင်းတို့၏ အလယ်၌ ဘုရားရှင် သီတင်းသုံးတော်မူကာ ဩဝါဒ ပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်းအဝေးသည် ကကုသန္ဓဘုရားရှင် လက်ထက်၌ တစ်ကြိမ်တည်းသော သာဝက (သန္နိပါတ) အစည်း အဝေးဖြစ်ခဲ့၏။

ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

[edit]

ကကုသန္ဓဘုရားရှင် ပွင့်တော်မူရာကာလ၌ လူတို့၏ အသက်တမ်းသည် အနှစ် လေးသောင်းတမ်း ဖြစ်၍ ထိုမျှလောက် သော ကာလပတ်လုံး ဘုရားရှင် တည်နေတော်မူလျက် များစွာသော သတ္တဝါ တို့ကို ကယ်တင်တော်မူခဲ့၏။ လောက၌ သတ္တဝါတို့၏ အကျိုးငှာ တရားတည်းဟူသော ဈေးကို ဖြန့်ခင်း၍ ခြင်္သေ့မင်းအသံကဲ့သို့သော စကားတော်ကို မိန့်တော်မူပြီးလျှင် တပည့်သာဝကတို့ နှင့်တကွ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့လေပြီ။ “မြတ်စွာဘုရားရှင်သည် လည်း ကောင်း၊ သာဝကအစုံ တို့သည် လည်းကောင်း ကွယ်ပျောက်ခဲ့လေပြီ။ အားလုံးသော သင်္ခါရတရား တို့သည် ခိုင်မြဲသော အနှစ်မရှိကုန်။ အချည်းအနှီးတို့သာ ဖြစ်ကုန်စွ”

စေတီတည်ထား ကိုးကွယ်ကြခြင်း

[edit]

ကကုသန္ဓဘုရားရှင်သည် ခေမာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန်ပြုတော် မူခဲ့၏။ ထိုကျောင်းတိုက်ကြီး အတွင်း၌ပင် စေတီတော်ကို တည်ထားကိုးကွယ် တော်မူခဲ့ကြရာ စေတီတော်သည် ကောင်းကင်သို့ တစ်ဂါဝုတ်တိုင်အောင် မြင့်တက်တော်မူခဲ့၏။ သက်တော်ရှည်ကြာသော ဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ တစ်လုံးတစ်ခဲ တည်းသော အသမ္ဘိန္နဓါတ်တော်ကို ထိုစေတီတော် အတွင်း၌ ဌာပနာ သွင်းခဲ့ကြကုန်သည်။ ဇမ္ဗူဒိပ်ကျွန်းနေ လူအပေါင်းတို့သည် ရတနာခုနစ်ပါးဖြင့် ခြယ်လှယ်ကာ စေတီတော်ကို ပြီးဆုံးစေခဲ့ကြကုန်သတည်း။