ကောဏာဂမနဘုရားရှင်

From Wikisource
Jump to navigation Jump to search
364928နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၂၆) ကောဏာဂမနဘုရားရှင် -ကောဏာဂမနဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၂၆။ ကောဏာဂမနဗုဒ္ဓဝင်

[edit]

ကကုသန္ဓဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက် ဤဘဒ္ဒကမ္ဘာမှာပင် လူတို့၏ အသက် တမ်းအနှစ်လေးသောင်း မှ တဖြည်းဖြည်း ဆုတ်ယုတ်ကာ ဆယ်နှစ်သက်တမ်းသို့ ရောက်၍ တစ်ဖန် တိုးတက်ပြန်၏။ အသင်္ချေယျတမ်းသို့ ရောက်ပြီး နောက်ထပ်ဆုတ်ယုတ်ပြန်၍ လူတို့၏ အသက် အနှစ်သုံးသောင်းသို့ ရောက်သောအခါ ကောဏာဂမန ဘုရားရှင် လောက၌ပွင့်တော်မူခဲ့သည်။

ကောဏဂမနဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း

[edit]

ကောဏာဂမနဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော် မူပြီးသည်၏ အဆုံး၌ အလောင်းတော် တို့၏ ဓမ္မတာအတိုင်း တုသိတာ နတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့ စံနေတော် မူစဉ် နတ်ဗြဟ္မာတို့က အလောင်း တော် နတ်သားအား ဘုံသုံးပါး၌ ဘုရားဖြစ်တော်မူရန် အချိန်တန်ပြီဖြစ်၍ လူ့ပြည်သို့ သက်ဆင်းကာ ပဋိသန္ဓေနေ တော်မူပါရန် တောင်းပန်ခဲ့ကြကုန်၏။ အလောင်း တော်သည် နတ်ဗြဟ္မာတို့၏ တောင်းပန်ချက်အရ တုသိတာ နတ်ပြည်မှ စုတေ၍ လူ့ပြည် သောဘဝတီ မင်းနေပြည်၌ ယညဒတ္တပုဏ္ဏား၏ဇနီး ဥတ္တရာပုဏ္ဏေးမ၏ သန့်ရှင်း သိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ နေတော်မူခဲ့သည်။ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ မယ်တော် ပုဏ္ဏေးမကြီးသည် အလောင်းတော်ကို သုဘဝတီဥယျာဉ်တော်အတွင်း၌ မီးရှူးသန့်စင် ဖွားမြင်တော် မူခဲ့သည်။ အလောင်းတော် ပဋိသန္ဓေနေတော်မူသောအခါ ဖွားမြင်တော်မူသော အခါတို့၌ နိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော်ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့်အတိုင်း အံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့ကြကုန်၏။ အလောင်းတော်ကို အမည်မှည့်သောနေ့၌ အလောင်းတော် သတို့သားကို ဖွားမြင်သောအခါက ဇမ္ဗူဒိပ်တစ်ကျွန်းလုံး၌ ရွှေမိုးကြီး သည်းထန်စွာ ရွာသွန်းဖြိုး ခဲ့ခြင်းကြောင့် “ကောင်းကင်မှ ရွှေများ ရောက်လာရသည်”ဟူသော အတိတ် နိမိတ်ကိုယူ၍ အလောင်းတော်အား “ကောဏာဂမနသတို့သား”ဟု အမည်မှည့် ခေါ်ခဲ့ကြကုန်၏။

လူ့စည်းစိမ်ကို ခံစားတော်မူခြင်း

[edit]

အလောင်းတော် ကောဏာဂမနသတို့သားသည် အရွယ်သို့ရောက်သောအခါ ရုစိဂတ္တာ အမည်ရှိသော ကြင်ဖက်တော် ပုဏ္ဏေးမနှင့် ရွှေလက်ထပ်၍ လူ့စည်းစိမ်ကို ခံစားခဲ့သည်။ ဥတုသုံးလီ ရာသီ နှင့်မျှအောင် ဆောက်လုပ် ထားသော တုသိတာပြာသာဒ်၊ သန္တုဿိတပြာသာဒ်၊ သန္တုဋ္ဌပြာသာဒ် ဟူသော ပြာသာဒ်သုံးဆောင်တို့၌ ရုစိဂတ္တာ ပုဏ္ဏေးမ အမှူးရှိသော ရံရွေတော် ပုဏ္ဏားသမီးပျိုပေါင်း တစ်သောင်းခြောက်ထောင်တို့၏ ဖျော်ဖြေလုပ်ကျွေးခြင်းကို ခံယူကာ နှစ်ပေါင်းသုံးထောင်တို့ ကာလ ပတ်လုံး လူ့စည်းစိမ်ကို ခံစားနေတော်မူခဲ့သည်။ အလောင်းတော်၏ သားတော်မှာ သတ္ထဝါဟ ပုဏ္ဏားငယ် ဖြစ်၏။

တောထွက်တော်မူခြင်း

[edit]

အလောင်းတော်ကောဏာဂမန သတို့သားသည် လူ့စည်းစိမ်ကို ခံစားနေစဉ် ကာလအတွင်း နတ်တမန် သူအို၊ သူနာ၊ သူသေ ရဟန်း နိမိတ်ကြီးလေးပါး တို့ကို မြင်တော်မူပြီး ရုစိဂတ္တာ ပုဏ္ဏေးမမှ သတ္ထဝါဟ အမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ ဆင်ယာဉ်ကို စီးလျက် တောထွက်၍ ရဟန်း ပြုတော်မူခဲ့၏။ အလောင်းတော် ကောဏာဂမနပုဏ္ဏား ရဟန်းပြုသည်ကို အတုလိုက် အားကျကာ ယောက်ျားပေါင်းသုံးသောင်းတို့ ရဟန်းပြုခဲ့ကြကုန်၏။ အလောင်းတော် သည် ထိုရဟန်းတို့နှင့် အတူတကွ ဒုက္ကရစရိယာ ခြောက်လကြာအောင် ကျင့်တော်မူပြီးလျှင် ဘုရားဖြစ်မည့် ကဆုန်လ ပြည့်နေ့၌ အဂ္ဂိသောနပုဏ္ဏား၏သမီး ပုဏ္ဏေးမပျို လှူဒါန်းသော ဃနာနို့ဆွမ်းကိုဘုဉ်းပေး သုံးဆောင်တော်မူလျက် ထိုအရပ်ရှိ ရှားတောအတွင်း၌ နေခိုတော်မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[edit]

အလောင်းတော်သည် ရှားတောအတွင်း နေခိုတော်မူပြီးနောက် ညနေချမ်း အချိန်သို့ရောက်သောအခါ အဖေါ်ရဟန်း တို့ကို စွန့်ခွါ၍ တစ်ပါးတည်း ဗောဓိမဏ္ဍိုင်သို့ ကြွတော်မူခဲ့သည်။ လမ်းခရီးအကြား၌ မုယောခင်းစောင့် ဇဋာတိန္ဒုက လှူဒါန်းသော မြက်ရှစ်ဆုပ်ကို ခံယူတော်မူခဲ့၍ ဗောဓိမဏ္ဍိုင် ရေသဖန်းပင်သို့ရောက်သောအခါ ထိုမြက်ရှစ်ဆုပ်ကို မဟာဗောဓိ ရေသဖန်းပင် အရင်း၌ ဖြန့်ခင်း လိုက်သည်နှင့် တစ်ပြိုင်နက် အတောင်နှစ်ဆယ် ပမာဏ ရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်ခဲ့သည်။ ထိုပလ္လင်တော် အထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူလျက် အင်္ဂါလေးပါး ရှိသော ဝီရိယကို ဆောက်တည်တော်မူကာ တရားအားထုတ်တော်မူခဲ့သည်။ ထိုနေ့ နေမဝင်မီ မာရ်စစ် သည် တို့ကို အောင်မြင်တော်မူ၍ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ် သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ် တက်သည်နှင့် တစ်ပြိုင်နက် အာသဝက္ခယဉာဏ်ကို ရတော်မူကာ ဘုံသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူခဲ့ပြီး “တဏှာယောက်ျား ဟယ်လက်သမား... ငါဘုရားသည် သင်ဆောက် လုပ်ခဲ့သော ခန္ဓာအိမ်တိုက်ကြီး၏ ထွတ်ထီးပမာ မိုးကာလွှမ်းအုပ် အဝိဇ္ဇာတည်းဟူသော ခေါင်အုပ်ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့်ခွါဖျက် လွှင့်ပစ်အပ် ကုန်ပြီ”စသော ဥဒါန်းကို ကျူးရင့်တော်မူခဲ့လေသည်။

ဓမ္မစကြာတရားဦး ဟောတော်မူခြင်း

[edit]

ကောဏာဂမနဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိ ရေသဖန်းပင် အနီးမှာပင် သတ္တသတ္တာဟ လေးဆယ့်ကိုးရက် စံနေတော်မူ ခဲ့သည်။ အဋ္ဌမသတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း၏ တောင်းပန်မှုကို ဝန်ခံတော်မူပြီး၍ ရှေးဦးစွာ တရားဟောရမည့် ပုဂ္ဂိုလ်ကို ကြည့်ရှုဆင် ခြင် လေလျှင် ကိုယ်တော်မြတ်နှင့်အတူ ရဟန်းပြုဖက် ဖြစ်ခဲ့ကြကုန်သော သုံးသောင်း သော ရဟန်းတို့ကို မြင်တော်မူခဲ့၏။ ထိုရဟန်းတော်များ နေထိုင်ရာ သုဒဿနမြို့အနီး ဣသိပတန မိဂဒါဝုန်တောသို့ ကောင်းကင်ခရီးဖြင့် တစ်ခဏချင်းကြွသွားတော်မူခဲ့သည်။ မိဂဒါဝုန်တောသို့ ရောက်တော် မူလေလျှင် ထိုရဟန်းတို့၏ အလယ်၌ ဘုရားရှင် သီတင်းသုံး တော်မူလျက် ရှေးရှေး ဘုရားရှင်တို့ ဟောကြားတော်မူမြဲဖြစ်သည့် ဓမ္မစကြာ ဒေသနာတော်ကို ဟောကြားတော်မူခဲ့သည်။ ဒေသနာတော် အဆုံးသို့ ရောက်သောအခါ ကုဋေသုံးသောင်းသော သတ္တဝါတို့ မဂ်ဖိုလ်တရားထူးကို ရခဲ့ကြကုန်၏။

ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံယူခြင်း

[edit]

ကောဏာဂမနဘုရားရှင် လက်ထက်တော်တွင် ဂေါတမဘုရားအလောင်းတော်သည် မိထိလာ မြို့တော်၌ ပဗ္ဗတ အမည်ရှိသော မင်းဖြစ်ခဲ့၏။ ဘုရားရှင် မိထိလာမြို့သို့ ဒေသစာရီ ကြွချီတော်မူ လာကြောင်း သတင်းစကား ကြားသိရလေလျှင် အလောင်းတော်မင်းကြီးသည် အခြံအရံ စစ်သည် ဗိုလ်ပါတို့နှင့်တကွ ဘုရားရှင်အား ခရီးဦးကြိုဆို၍ ပင့်ဖိတ်ပြီး ကြီးစွာသော အလှူကြီးကို ပေးလှူခဲ့၏။ ထိုမြို့ မှာပင် ဝါကပ်တော်မူရန် ပင့်ဖိတ်၍ ဝါတွင်းသုံးလပတ်လုံး ဘုရားအမှူးရှိသော သံဃာတော်တို့အား ပြုစုလုပ်ကျွေးခဲ့၏။ အဝတ်ပုဆိုး၊ ရွှေခြေနင်းစသော လှူဖွယ်ဝတ္ထု များစွာ ကိုလည်း ပေးလှူပူဇော်ခဲ့၏။ ထိုအခါ ကောဏဂမနဘုရားရှင်သည် “ဤပဗ္ဗတမင်းသည် ဤဘဒ္ဒ ကမ္ဘာ၌ပင် ဂေါတမမည်သော ဘုရားစင်စစ် ဖြစ်လတ္တံ့” ဟု ဗျာဒိတ်စကား မိန့်ကြားတော် မူခဲ့သည်။ အလောင်းတော်မင်းကြီးသည် ဘုရားရှင်၏ ဗျာဒိတ်စကား ကြားရသောအခါ အလွန်ကြည်လင်သော စိတ်ဖြင့် ပါရမီဆယ်ပါးတို့ကို တိုးတက် ဖြည့်ကျင့်ရန် ဆောက်တည်ခဲ့ သည့်အပြင် မင်းစည်းစိမ်ကို စွန့်လွှတ်ကာ ဘုရားရှင်အထံတော်၌ ရဟန်းလည်း ပြုတော်မူခဲ့သည်။

ကောဏာဂမနဘုရားရှင်၏ တပည့်သာဝကများ

[edit]

ကောဏာဂမနဘုရားရှင်၏ (အဂ္ဂသာဝက) တပည့်မြတ်အစုံတို့မှာ အရှင်ဘိယျသောမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ဖြစ်ခဲ့ကြကုန်၍ အလုပ်အကျွေး ရဟန်းမှာ အရှင်သောတ္ထိဇမထေရ် ဖြစ်လေ သည်။ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မ အစုံတို့မှာ အရှင်မ သမုဒ္ဒါထေရီနှင့် အရှင်မ ဥတ္တရာ ထေရီတို့ ဖြစ်ခဲ့ကုန်၍ ပွင့်တော်မူရာ ဗောဓိပင်မှာ ရေသဖန်းပင် ဖြစ်ခဲ့၏။ (အဂ္ဂဥပဋ္ဌာက) မြတ်သော အလုပ်အကျွေး ဒါယကာအစုံတို့သည် ဥဂ္ဂသူဌေးနှင့် သောမဒေဝ သူဌေးတို့ ဖြစ်ခဲ့ကုန်ပြီး (အဂ္ဂဥပ ဋ္ဌိကာ) မြတ်သော အလုပ်အကျွေး ဒါယိကာမအစုံတို့မှာ သီဝလာ ဥပါသိကာမနှင့် သာမာဥပါ သိကာမတို့ ဖြစ်ခဲ့ကြကုန်၏။ ဘုရားရှင်၏ အရပ်တော်မှာ အတောင်သုံးဆယ် မြင့်တော် မူလျက် ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် တန်ဆာဆင်ကာ တင့်တယ်တော်မူလှပေ၏။

(ဓမ္မာဘိသယမ) တရားပွဲကြီးများ

[edit]

ကောဏာဂမနဘုရားရှင်၏ သုဒဿနမြို့အနီး ဣသိပတနမိဂဒါဝုန်တော၌ ကိုယ်တော်မြတ်နှင့်အတူ ရဟန်းပြုတော် မူခဲ့ကြသည့် သုံးသောင်းသော ရဟန်းတို့ကို အမှူးထား၍ လူနတ်ဗြဟ္မာသတ္တဝါတို့အား ဓမ္မစကြာဒေသနာ တော်ကို ဟောတော်မူသော တရားပွဲသည် ရှေးဦးစွာသော (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေသုံးသောင်းသော သတ္တဝါတို့ သစ္စာလေးပါး တရား သိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။ တစ်ဖန် ကောဏဂမနဘုရားရှင်၏ သုန္ဒရမြို့တံခါးအနီး အင်ကြင်းပင် ကြီးအရင်း၌ ရေမီးအစုံ အစုံဖြစ်သော တန်ခိုးပြာဋိဟာကို ပြတော်မူ၍ မိစ္ဆာအယူကို နှိမ်နင်းလျက် ဟောတော်မူသော တရားပွဲသည် ဒုတိယအကြိမ် မြောက် (ဓမ္မာဘိသမယ)တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေ နှစ်သောင်းသော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။ ထို့နောက်တစ်ဖန် ဘုရားရှင်၏ တာဝတိံသာနတ်ပြည်သို့ ကြွကာ ဝါတွင်းသုံးလပတ်လုံး မယ်တော် ဖြစ်ခဲ့ဘူးသော နတ်သားကို အမှူးထား၍ နတ်ဗြဟ္မာတို့အား အဘိဓမ္မာခုနစ်ကျမ်းကို ဟောတော် မူသော တရားပွဲသည် တတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရား ပွဲကြီး၌ နတ်ဗြဟ္မာကုဋေ တစ်သောင်းတို့ သစ္စာလေးပါး၊ တရားသိမြင် ကျွတ်တမ်း ဝင်ခဲ့ကြကုန်၏။

သာဝက (သန္နိပါတ) အစည်းအဝေးကြီး

[edit]

ကောဏာဂမနဘုရားရှင် လက်ထက်တော်တွင် သာဝက (သန္နိပါတ) အစည်းအဝေးကြီး တစ်ကြိမ်သာ ဖြစ်ခဲ့သည်။ သုန္ဒရဝတီမြို့အနီး သုရိန္ဒဒေဝ ဥယျာဉ်တော်ကြီး၌ ဘုရားရှင် သီတင်းသုံးနေတော် မူလျက် အခြံအရံပေါင်း သုံးသောင်း တို့နှင့်တကွ (အဂ္ဂသာဝက) တပည့်မြတ် အလောင်းအလျာများ ဖြစ်ကြသည့် ဘိယျသောမင်းသားနှင့် ဥတ္တရမင်းသား နှစ်ဦးတို့အား တရားဟော တော်မူ၍ ဧဟိဘိက္ခုခေါ်တော်မူသည်တွင် အခြံအရံပေါင်း သုံးသောင်းတို့နှင့် တကွ ထိုမင်းသားနှစ်ပါးပါ ဧဟိဘိက္ခုရဟန်းများ ဖြစ်ခဲ့ကြပြီး အရဟတ္တဖိုလ်သို့ ရောက်ခဲ့ကြကုန်၏။ ထိုရဟန်းတို့၏ အလယ်၌ ဘုရားရှင်သီတင်းသုံးတော် မူကာ ဩဝါဒပါတိမောက်ကို ပြတော် မူခဲ့သည်။ ထိုအစည်းအဝေးသည် တစ်ကြိမ်တည်းသော သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့သည်။

ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

[edit]

ကောဏာဂမနဘုရားရှင် ပွင့်တော်မူရာ လူတို့၏ အသက်တမ်းသည် သုံးသောင်းဖြစ်၍ ထိုမျှလောက် သော ကာလပတ် လုံး ဘုရားရှင်အသက်တော် တည်နေကာ သတ္တဝါအပေါင်းတို့ကို ကယ်တင်တော် မူခဲ့၏။ ဘုရားရှင်သည် ဗောဓိပက္ခိယတရားဟူသော ဓမ္မစေတီကို တည်ဆောက်ခဲ့၍ သစ္စာလေးပါး တရားတံခွန်ဖြင့် တန်ဆာဆင်သော တရားပန်းကုံးကို စီကုံးတော်မူခဲ့ပြီးလျှင် တပည့်သာဝက တို့နှင့်တကွ ပရိနိဗ္ဗာန် ဝင်စံတော်မူခဲ့သည်။ “တန်ခိုးဖြင့် ပြန့်ပြောခြင်းရှိကုန်သော တပည့်သာဝက တို့သည် လည်းကောင်း၊ ဘုရားရှင်သည်လည်းကောင်း ထိုအားလုံးတို့သည် ကွယ်ပျောက်ခဲ့ပြီ။ အလုံးစုံသော သင်္ခါရတရားတို့သည် ခိုင်မြဲသော အနှစ်မရှိကုန်။ အချည်းနှီးတို့သာ ဖြစ်ခဲ့ကုန်စွ”

ဓါတ်တော်များ ပျံ့နှံ့တည်ရှိခြင်း

[edit]

နတ်လူတို့၏ ဆရာဖြစ်တော်မူသော ကောဏာဂမနဘုရားရှင်သည် ပဗ္ဗတာရာမကျောင်းတိုက်ကြီး၌ ပရိနိဗ္ဗာန်ပြု တော်မူခဲ့၏။ ဘုရားရှင်သည် ပရိနိဗ္ဗာန်ဝင်စံခါနီးတွင် “ငါဘုရားမရှိသည့်နောက် ခပ်သိမ်းသော သတ္တဝါတို့ နတ်ရွာနိဗ္ဗာန် ရောက်ကြစေရန် ငါဘုရား၏ ဓါတ်တော်တို့သည် သက်တော်ရှည် ဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲတစ်လုံး တစ်ခဲတည်းသော အသမ္ဘိန္န ဓါတ်တော်မဖြစ်စေဘဲ အစိတ်စိတ်အမြွှာမြွှာ ကွဲပြားပျံ့နှံ့၍ တည်ကြ ပါစေသတည်း”ဟု အဓိဋ္ဌာန် ပြုတော်မူခဲ့၏။ ဘုရားရှင်၏ ဓါတ်တော်တို့သည် ဘုရားရှင်၏ အဓိဋ္ဌာန်အတိုင်း ဇမ္ဗူဒိပ် ကျွန်းတစ်ခွင်၌ ပျံ့နှံ့တည်ရှိကုန်၍ လူနတ်ဗြဟ္မာသတ္တဝါတို့၏ အပူဇော်ကို ခံယူတော် မူခဲ့လေသတည်း။