ကောဏာဂမနဗုဒ္ဓဝင်

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
၂၃- ကောဏာဂမနဗုဒ္ဓဝင်

၂၃-ကောဏာဂမနဗုဒ္ဓဝင်

     ကကုသန်မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက် ဤဘဒ္ဒကမ္ဘာမှာပင် လူတို့၏အသက်တမ်း အနှစ် (၄၀၀၀၀) လေးသောင်းမှ တဖြည်းဖြည်း ဆုတ်ယုတ်ကာ (၁၀) ဆယ်နှစ်တမ်းသို့ရောက်၍ တဖန် တိုးတက်ပြန်ကာ အသင်္ချေတမ်းသို့ ရောက်ပြီးလျှင် နောက်ထပ် ဆုတ်ယုတ်ပြန်၍ လူတို့အသက် အနှစ် (၃၀၀၀၀) သုံးသောင်းတမ်းသို့ ရောက်သောအခါ ကောဏာဂုံမြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်ဖြစ်၍ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်ကာ သောဘဝတီ အမည်ရှိသော မင်းနေပြည်၌ ယညဒတ္တအမည်ရှိသော ပုဏ္ဏား၏ သက်ထားကတော်ဖြစ်သူ ဥတ္တရာအမည်ရှိသော မယ်တော်ပုဏ္ဏေးမ၏ ဝမ်းတိုက်၌ ပဋိသန္ဓေ နေတော်မူ၍ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ သုဘဝတီအမည်ရှိသော ဥယျာဉ်တော်အတွင်း၌ မီးရှူးသန့်စင် ဖွားမြင်တော်မူလေသည်။

(အလောင်းတော် သတို့သား ပဋိသန္ဓေ နေသောအခါ ဖွားမြင်သောအခါတို့၌ နိမိတ်ကြီးများ အံ့ဩဖွယ်ကြီးများ ထင်ရှားဖြစ်ပေါ်ကုန်၏။)

အလောင်းတော် သတို့သား ဖွားမြင်သောအခါ ဇမ္ဗူဒိပ်တကျွန်းလုံး၌ ရွှေမိုဃ်းကြီး သည်းထန်စွာ ရွာသွန်းခြင်းကြောင့် “ကောင်းကင်မှ ရွှေများ လာရောက်ရသည်”ဟူသော



၅၁၈

အနက်ကိုယူ၍ သတို့သားကို အမည်မှည့်သောနေ့တွင် နိမိတ်ဖတ် ပညာရှိတို့နှင့် ဆွေမျိုးအပေါင်းတို့က “ကနကာဂမန” သတို့သားဟူ၍ အမည်မှည့်ကြကုန်၏။ (ကနက= ရွှေ၊ အာဂမန= လာရောက်ခြင်း၊ ကနကာဂမန= ရွှေများ ကောင်းကင်မှ လာရောက်ရသည့် သတို့သားဟု ဆိုလိုသည်။) ထိုကနကာဂမနဟူသော အမည်မှ အစဉ်သဖြင့် ကာလရှည်မြင့်လတ်သော် အက္ခရာဖောက်ပြန်ကာ ကောဏာဂမနဟူသောအမည် ဖြစ်လာ၏။ (တနည်း) နိရုတ္တိနည်းအားဖြင့် ကနကဟူသော ပုဒ်၏အစ (က)ကို (ကော)ပြု၍ (န)ငယ်ကို (ဏ)ကြီးပြုကာ အဆုံး(က)ကို ချေလျက် အမည်မှည့်စဉ်ကပင် ကောဏာဂမန သတို့သားဟူ၍ အမည်မှည့်ကြကုန်၏။

လူစည်းစိမ်ကို ခံစားခြင်း

     အလောင်းတော် ကောဏာဂမန သတို့သားသည် အရွယ်သို့ ရောက်သောအခါ (၁) တုသိတမည်သော ပြာသာဒ်၊ (၂) သန္တုသိတမည်သော ပြာသာဒ်၊ (၃) သန္တုဋ္ဌမည်သော ပြာသာဒ် တည်းဟူသော မြတ်သောပြာသာဒ် သုံးဆောင်တို့၌ ရုစိဂတ္တာ အမည်ရှိသည့် ကြင်ဖက်တော် ပုဏ္ဏေးမ အမှူးရှိသော ရံရွေတော် ပုဏ္ဏားအမျိုးသမီးပေါင်း (၁၆၀၀၀) တသောင်း ခြောက်ထောင်တို့၏ ဖျော်ဖြေ ပြုစုလုပ်ကျွေးခြင်းကို ခံယူကာ နှစ်ပေါင်း (၃၀၀၀) သုံးထောင်တို့ ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ အိမ်ရာစိုးအုပ် နေတော်မူလေသည်။

တောထွက်တော်မူခြင်း

     အလောင်းတော် ကောဏာဂမန ပုဏ္ဏားသည် အိမ်ရာကို စိုးအုပ်နေတော်မူစဉ် နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူပြီးလျှင် ရုစိဂတ္တာ ကြင်ဖက်တော် ပုဏ္ဏေးမမှ သတ္ထဝါဟအမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ ဆင်ယာဉ်ကိုစီးလျက် တောထွက်၍ ရဟန်းပြုတော်မူ၏။ အလောင်းတော်



၅၁၉

ကောဏာဂမနပုဏ္ဏား ရဟန်းပြုသည်ကို အတုလိုက် (အားကျ)ကာ ယောက်ျားပေါင်း သုံးသောင်းတို့ ရဟန်းပြုကြကုန်၏။

ဘုရားဖြစ်တော်မူခြင်း

     ကောဏာဂုံမြတ်စွာဘုရား အလောင်းတော်သည် ထိုသုံးသောင်းသော ရဟန်းတို့နှင့် အတူတကွ ဒုက္ကရစရိယာ ခြောက်လကြာ ကျင့်တော်မူပြီးလျှင် ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့၌ အဂ္ဂိသောနပုဏ္ဏား၏သမီး အဂ္ဂိသောနာမည်သော ပုဏ္ဏေးမ လှူဒါန်းအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ ရှားတော၌ နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်သို့ ရောက်သောအခါ မဟာဗောဓိမဏ္ဍိုင်သို့ တပါတည်း ကြွတော်မူရာ လမ်းခရီးအကြား၌ ဇဋာတိန္ဒုကအမည်ရှိသော မုယာခင်း (ဂျုံခင်း)စောင့်သူ လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ မဟာဗောဓိ (ရေသဖန်း)ပင်အရင်း ဖြန့်ခင်းလိုက်သည်နှင့်တပြိုင်နက် အတောင် (၂၀) နှစ်ဆယ် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာရာ ထိုပလ္လင်တော်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်တော်မူကာ ရှေး ဆိုအပ်ပြီးသောနည်းအတိုင်း ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

တရားပွဲကြီး သုံးကြိမ်

     ကောဏာဂုံ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသည့်နောက် မဟာဗောမိ (ရေသဖန်း)ပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ချက်ကို လက်ခံတော်မူ၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု စဉ်းစား ဆင်ခြင်တော်မူလတ်သော် ကိုယ်တော်မြတ်နှင့် အတူတကွ ရဟန်းပြုဖက်ဖြစ်ကြသည့် သုံးသောင်းသော ရဟန်းတို့ကို မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသည်တို့ကို မြင်တော်မူ၍ ထိုရဟန်းတို့နေရာ သုဒဿနမြို့အနီး ဣသိပတန မိဂဒါဝုန်တောကြီးသို့



၅၂၀

ကောင်းကင်ခရီးဖြင့် ခဏခြင်း ကြွသွားတော်မူပြီးလျှင် ထိုရဟန်းတို့၏အလယ်၌ သီတင်းသုံးနေတော်မူလျက် ရှေးရှေးဘုရားရှင်တို့ ဟောကြားတော်မူကြမြဲဖြစ်သည့် ဓမ္မစကြာဒေသနာကို ဟောကြားတော်မူရာ များစွာသော နတ်ဗြဟ္မာတို့လည်း ရိုသေစွာ လာရောက်နာယူကြကုန်၏။ ထိုအခါ ကုဋေ သုံးသောင်းသော နတ်လူတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား ရှေးဦးစွာသော ဓမ္မာဘိသမယ ပဌမတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါး၌ ကောဏာဂုံ မြတ်စွာဘုရားသည် သုန္ဒရအမည်ရှိသော မြို့တံခါးအနီး အင်ကြင်းပင်ကြီး၏ အပါးမှာ ရေမီးအစုံအစုံဖြစ်သော တန်ခိုးပြာဋိဟာကို ပြတော်မူ၍ မိစ္ဆာအယူကို နှိမ်နင်းလျက် တရားဟောတော်မူသည်ရှိသော် ကုဋေ နှစ်သောင်းသော နတ်လူတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား ဒုတိယာဘိသမယ ဒုတိယတရားပွဲကြီးတည်း။)

     ထိုသို့ ရေမီးအစုံအစုံ တန်းခိုးပြာဋိဟာကို ပြတော်မူပြီးနောက် ကောဏာဂုံမြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်သို့ ကြွသွားတော်မူကာ ပင်လယ်ကသစ်ပင်ရင်း ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထက်၌ ဝါတွင်းသုံးလပတ်လုံး သီတင်းသုံးတော်မူလျက် မယ်တော်ဖြစ်ခဲ့ဘူးသော နတ်သားကို အမှူးထားကာ စကြဝဠာ လောကဓာတ်ပေါင်း တိုက်တသောင်းမှ တရားနာရန် လာရောက်ကြသော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာခုနစ်ကျမ်းကို ဟောကြားတော်မူသည်ရှိသော် နတ်ဗြဟ္မာပေါင်း ကုဋေတသောင်းတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား တတိယာဘိသမယ တတိယတရားပွဲကြီးတည်း။)

**********

သာဝကအစည်းအဝေးကြီး တကြိမ်

     ကောဏာဂုံ မြတ်စွာဘုရား၏ တပည့်သာဝက ရဟန္တာအစည်းအဝေးကြီး တကြိမ်တည်းသာ ဖြစ်ဟန်ကား..



၅၂၁

ကောဏာဂုံ မြတ်စွာဘုရားသည် သုန္ဒရဝတီမြို့၏အနီး သုရိန္ဒဒေဝအမည်ရှိသော ဥယျာဉ်ကြီး၌ သီတင်းသုံး နေတော်မူလျက် အခြံအရံပေါင်း သုံးသောင်းတို့နှင့်တကွ အဂ္ဂသာဝကအလျာ ဖြစ်ကြသည့် ဘိယျောသမင်းသားနှင့် ဥတ္တရမင်းသား နှစ်ဦးတို့အား တရားတော်ကို ဟောကြား၍ ဧဟိဘိက္ခု ခေါ်တော်မူသည်တွင် ထိုသူတို့သည် အလုံးစုံပင် ဧဟိဘိက္ခု ရဟန်းဖြစ်ကြ၍ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။ ထိုရဟန္တာ သုံးသောင်းတို့၏ အလယ်၌ ကောဏာဂုံ မြတ်စွာဘုရားသည် တပို့တွဲလပြည့်နေ့တွင် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤသည်ပင် သာဝကအစည်းအဝေးကြီးတကြိမ် ဖြစ်ပုံတည်း။)

**********

ဂေါတမမြတ်စွာဘုရားအလောင်း ပဗ္ဗတမင်းဖြစ်၍ ဗျာဒိတ်ခံယူခြင်း

     ထိုအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် မိထိလာမြို့တော်၌ မဟာမိတ်ကြီးငယ်တို့နှင့် ပြည့်စုံကာ ဗိုလ်ပါအင်အား ကြီးမားလှသည့် ပဗ္ဗတအမည်ရှိသော မင်းဖြစ်၍ ကောဏာဂုံမြတ်စွာဘုရား မိမိနေရာ မိထိလာမြို့သို့ ကြွလာတော်မူကြောင်း သတင်းစကားကို ကြားရလျှင် အခြံအရံ စစ်သည်ဗိုလ်ပါတို့နှင့်တကွ ပဗ္ဗတမင်းသည် ခရီးဦးကြိုဆို ရိုသေစွာ ရှိခိုးပင့်ဖိတ်ပြီးလျှင် ကြီးစွာသော အလှူကြီးကို ပေးလှူ၍ ထိုမြို့မှာပင် မြတ်စွာဘုရားကို ဝါကပ်တော်မူရန် တောင်းပန်လျှောက်ထား၍ ဝါတွင်းသုံးလပတ်လုံး တပည့်သား သံဃာတော်နှင့်တကွ မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးကာ ပဋ္ဋုဏ္ဏတိုင်းဖြစ် အဝတ်အထည်, စိန့်တိုင်းဖြစ် အဝတ်အထည် ပိုးထည် ကမ္ဗလာထည် ရွှေခြေနင်းစသော အခြားလှူဖွယ်ဝတ္ထု များစွာတို့ကို ဘုရားအမှူးရှိသော သံဃာတော်အား လှူဒါန်းလေသည်။ ကောဏာဂုံ မြတ်စွာဘုရားသည်လည်း အလောင်းတော် ပဗ္ဗတမင်းကို “ဤဘဒ္ဒကမ္ဘာ၌ပင်လျှင် ဤပဗ္ဗတမင်းသည်



၅၂၂

ဂေါတမ အမည်တော်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ်စကား ကြားတော်မူလေသည်။

(ဗျာဒိတ်ကြားတော်မူပုံမှာ ဒီပင်္ကရာ မြတ်စွာဘုရား ဗျာဒိတ်ကြားသကဲ့သို့ပင် အပြည့်အစုံ ဖြစ်သည်။)

     ကောဏာဂုံ မြတ်စွာဘုရား၏ ဗျာဒိတ်စကားကို ကြားရလျှင် အလောင်းတော် ပဗ္ဗတမင်းသည် အလွန်ကြည်လင်သော စိတ်ရှိလျက် ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူလေသည်။

     အလောင်းတော် ပဗ္ဗတမင်းသည် သဗ္ဗညုတရွှေဉာဏ်ကို မရမနေ ရှာကြံအားထုတ်သူပီပီ ကောဏာဂုံ မြတ်စွာဘုရားအား ကြီးစွာသော အလှူဒါနကို ပေးလှူပြီးလျှင် ကြီးကျယ်ခမ်းနားလှစွာသော မင်းစည်းစိမ်ကို စွန့်လွှတ်တော်မူကာ ကောဏာဂုံမြတ်စွာဘုရား အထံတော်၌ ရဟန်းပြုတော်မူလေသည်။

မြို့တော်စသည်ကို ပြဆိုချက်

     ကောဏာဂုံမြတ်စွာဘုရား ဖွားတော်မူရာ မြို့တော်မှာ သောဘမင်းကြီး ထီးနန်းစိုးအုပ်ရာဖြစ်သည့် သောဘဝတီ နေပြည်တော်ဖြစ်၍ ခမည်းတော်မှာ ယညဒတ္တပုဏ္ဏား, မယ်တော်မှာ ဥတ္တရာပုဏ္ဏေးမတို့ ဖြစ်ကုန်၏။

     အိမ်ရာစိုးအုပ်၍ နေတော်မူသော နှစ်ပေါင်းမှာ (၃၀၀၀) သုံးထောင်ဖြစ်၍ စံတော်မူရာ ပြာသာဒ်တော် သုံးဆောင်တို့မှာ တုသိတပြာသာဒ် ,သန္တုသိတပြာသာဒ်, သန္တုဋ္ဌပြာသာဒ်တို့ ဖြစ်ကုန်၏။

     ကြင်ဖက်တော်မှာ ရံရွေတော် ပုဏ္ဏေးမအမျိုးသမီးပေါင်း (၁၆၀၀၀) တသောင်းခြောက်ထောင် အခြံအရံရှိသည့် ရုစိဂတ္တာပုဏ္ဏေးမ ဖြစ်ပြီးလျှင် သားတော်မှာ သတ္ထဝါဟသတို့သား ဖြစ်လေသည်။



၅၂၃

     နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ တောထွက်တော်မူသော ယာဉ်မှာ ဆင်ယာဉ်ဖြစ်၍ ခြောက်လကြာ ဒုက္ကရစရိယာ ကျင့်တော်မူရသည်။

     အဂ္ဂသာဝကအစုံတို့မှာ ဘိယျောသမထေရ်နှင့် ဥတ္တရမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သောတ္ထိဇမထေရ် ဖြစ်လေသည်။

     အဂ္ဂသာဝိကာ အစုံတို့မှာ သမုဒ္ဒါထေရီမနှင့် ဥတ္တရာထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိပင်မှာ ရေသဖန်းပင်ဗောဓိ ဖြစ်လေသည်။

     မြတ်သောအလုပ်အကျွေး ဒါယကာတို့မှာ ဥဂ္ဂသူဌေးနှင့် သောမဒေဝသူဌေးတို့ ဖြစ်ကြ၍ မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ သီဝလာဥပါသိကာမနှင့် သာမာဥပါသိကာမတို့ ဖြစ်ကုန်၏။

     ကောဏာဂုံမြတ်စွာဘုရားသည် အရပ်တော် အတောင် (၃၀) သုံးဆယ်မြင့်တော်မူလျက် ပန်းထိမ်တို့၏မိုက်ခွက်၌ သိင်္ဂီနိက်ရွှေစင်ကဲ့သို့ ရောင်ခြည်တော် ခြောက်ပါးတို့ဖြင့် တန်ဆာဆင်အပ်ပေ၏။

     ကောဏာဂုံမြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ် (၃၀၀၀၀) သုံးသောင်းတမ်းဖြစ်၍ ထိုမျှလောက် (အသက်တမ်း၏ ငါးပုံ့ လေးပုံ ) ကာလပတ်လုံး တည်နေတော်မူလျက် များစွာသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာတည်းဟူသော ရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့၏။

     သတ္တဝါအပေါင်းတို့ ဝိပဿနာဉာဏ်ပညာ တည်းဟူသော စေတီတော်ယင်ပြင်၌ တည်ကြလျက် ရှိခိုးဝတ်ပြုနိုင်ကြရန် သစ္စာလေးပါး တရားတည်းဟူသော တံခွန်ဖြင့် တန်ဆာဆင်အပ်သော ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါး တည်းဟူသော တရားစေတီကြီးကို တည်ဆောက်တော်မူပြီးလျှင်



၅၂၄

တရားဖြင့်ပြီးသော ပန်းစည်းပန်းခိုင်ကို ပြုတော်မူ၍ တပည့်သား သံဃာတော်နှင့် တကွသော ကောဏာဂုံ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းတော်မူလေပြီ။

သံဝေဂ

မြတ်သောတန်းခိုး၏ တင့်တယ်စမ္ပယ် ကွန့်မြူးခြင်းသို့ ရောက်တော်မူသော ကောဏာဂုံမြတ်စွာဘုရား၏ တပည့်သား သာဝကအပေါင်းသည်၎င်း လောကုတ္တရာတရားကို ထင်ရှား ဟောပြတော်မူသော ကောဏာဂုံ မြတ်စွာဘုရားသည်၎င်း ထိုအလုံးစုံသည် ချုပ်ဆုံး ကွယ်ပျောက်ခဲ့လေပြီ..။ ခပ်သိမ်းသော သင်္ခါရတရားတို့သည် မြဲခိုင်သော အနှစ်သာရမရှိ၊ အချည်းနှီးသာ ဖြစ်ကုန်စွာ့တကား..။

စေတီတော်

     ဤသို့လျှင် သစ္စာဉေယျ ဓမ္မခပင်းကို ထိုးထွင်းသိမြင်တော်မူသော ကောဏာဂုံ မြတ်စွာဘုရားသည် ပဗ္ဗတအမည်ရှိသော အရာမ်ကြီးအတွင်း၌ ပရိနိဗ္ဗာန် စံတော်မူ၏။ ဓာတ်တော်များမှာ ရှေး၌ ဆိုအပ်ပြီးသည့်နည်းအတူ အဓိဋ္ဌာန်တော်မူချက်အရ အစိတ်စိတ် အမြွာမြွာ ကွဲပြားကြပြီးလျှင် ဇမ္ဗူဒိပ်ကျွန်းတခွင် အနှံ့အပြား တည်ရှိကြ၍ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အပူဇော်ကို ခံယူတော်မူကြလေကုန်သတည်း။

ကောဏာဂမနဗုဒ္ဓဝင် ပြီး၏။

**********