ကဿပဗုဒ္ဓဝင်

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
၂၄- ကဿပဗုဒ္ဓဝင်

၂၄-ကဿပဗုဒ္ဓဝင်

     ကောဏာဂုံမြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက် ဤဘဒ္ဒကမ္ဘာမှာပင် လူတို့၏အသက်တမ်း အနှစ် (၃ဝဝဝဝ) သုံးသောင်းမှ တဖြည်းဖြည်း ဆုတ်ယုတ်ကာ (၁၀) ဆယ်နှစ်တမ်းသို့ရောက်၍ တဖန် တိုးတက်ပြန်ကာ အသင်္ချေတမ်းသို့ ရောက်ပြီးလျှင် နောက်ထပ် ဆုတ်ယုတ်ပြန်၍ လူတို့အသက်



၅၂၅

အနှစ် (၂၀၀၀၀) နှစ်သောင်းတမ်းသို့ ရောက်သောအခါ ကဿပမြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်ဖြစ်၍ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်း တို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်ကာ ကိကီမင်းကြီး စိုးစံတော်မူရာ ဗာရာဏသီနေပြည်တော် ဗြဟ္မဒတ္တအမည်ရှိသော ပုဏ္ဏား၏ သက်ထားကြင်ဖော် ကတော်ဖြစ်သူ ဓနဝတီအမည်ရှိသော မယ်တော်ပုဏ္ဏေးမ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ နေတော်မူ၍ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ ဣသိပတန မိဂဒါဝုန်တော၌ မီးရှူးသန့်စင် ဖွားမြင်တော်မူလေသည်။

(အလောင်းတော် သတို့သား ပဋိသန္ဓေ နေသောအခါ ဖွားမြင်သော အခါတို့၌ နိမိတ်ကြီးများ အံ့ဩဖွယ်ကြီးများ ထင်ရှားဖြစ်ပေါ်ကုန်၏။)

အလောင်းတော် သတို့သား၏ အမည်မှည့်သောနေ့တွင် နိမိတ်ဖတ် ပညာရှိများနှင့် ဆွေမျိုးအပေါင်းတို့က အမျိုးအနွယ်အားဖြင့် ကဿပအမျိုးအနွယ်မှ ဆင်းသက်လာသည်ကို အစွဲပြု၍ အလောင်းတော်သူမြတ်ကို ကဿပသတို့သားဟူ၍ အမည်မှည့်ကြလေသည်။

လူစည်းစိမ်ကို ခံစားခြင်း

     အလောင်းတော် ကဿပသတို့သားသည် အရွယ်သို့ရောက်သောအခါ (၁) ဟံသပြာသာဒ်၊ (၂) ယသပြာသာဒ်၊ (၃) သိရိနန္ဒာပြာသာဒ် တည်းဟူသော မြတ်သောပြာသာဒ် သုံးဆောင်တို့၌ သုနန္ဒာအမည်ရှိသည့် ကြင်ဖက်တော်ပုဏ္ဏေးမ အမှူးရှိသော ရံရွေတော် ပုဏ္ဏားအမျိုးသမီးပေါင်း လေးသောင်း ရှစ်ထောင်တို့၏ ဖျော်ဖြေပြုစု လုပ်ကျွေးခြင်းကို ခံယူကာ နှစ်ပေါင်း (၂၀၀၀) နှစ်ထောင်တို့ ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ အိမ်ရာကို စိုးအုပ်နေတော်မူလေသည်။



၅၂၆

တောထွက်တော်မူခြင်း

     အလောင်းတော် ကဿပပုဏ္ဏားသည် အိမ်ရာကို စိုးအုပ်နေတော်မူစဉ် နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူပြီးလျှင် သုနန္ဒာ ကြင်ဖက်တော်ပုဏ္ဏေးမမှ ဝိဇိတသေန အမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ သံဝေဂကြီးစွာ ဖြစ်တော်မူလျက် “ငါသည် ယနေ့ပင် တောထွက်တော့အံ့”ဟု စိတ်အကြံတော် ဖြစ်ပေါ်လာ၏။

     ထိုအခါ စိတ်အကြံတော် ဖြစ်ပေါ်လာသည်၏ အခြားမဲ့မှာပင် အလောင်းတော်၏ စံရာဖြစ်သော ပြာသာဒ်သည် အိုးထိန်းစက်ကဲ့သို့ ချာချာလည်လျက် ကောင်းကင်သို့ ပျံတက်၍ သရဒရာသီအခါ ကြယ်တာရာ အပေါင်းခြံရံကာ အလွန်တရာနှစ်သက်ဖွယ် အရောင်ကိုပြုလျက် ပေါ်ထွန်းထွက်ပြုလာသော လမင်းကဲ့သို့ အရာမက များပြားလှသော လူပရိသတ်အပေါင်းတို့ ဝန်းရံလိုက်ပါကာ ကောင်းကင်အပြင်ကို တန်းဆာ ဆင်သကဲ့သို့၎င်း, ဘုန်းကံ အာနုဘော်ကို ထင်စွာပြသကဲ့သို၎င်း, ကြည့်ရှုကြသူ လူအပေါင်းတို့၏ မျက်စိနှင့် စိတ်နှလုံးတို့ကို ယူကျုံး ဆွဲဆောင်သကဲ့သို့၎င်း, သစ်ပင်အဖျားတို့ကို လွန်စွာ တင့်တယ်စေသကဲ့သို့၎င်း သွားပြီးလျှင် ပညောင်ဗောဓိပင်ကို အလယ်ဗဟိုပြုကာ မြေ၌ သက်ရောက်၍ တည်လေသည်။

     ထိုအခါ အလောင်းတော်သည် ပြာသာဒ်မှ ဆင်းသက်တော်မူ၍ မြေ၌ ရပ်တည်ပြီးလျှင် ဗြဟ္မာလှူဒါန်းသည့် သင်္ကန်းပရိက္ခရာကို ခံယူတော်မူကာ ရဟန်းပြုတော်မူလေ၏။ အလောင်းတော်၏ ကြင်ဖက်တော်နှင့် မောင်းမမိဿံ ရံရွေတော် အပေါင်းတို့သည်ကား ပြာသာဒ်မှဆင်းကြ၍ ဥသဘလေးဆယ် (ဂါဝုတ်ဝက်မျှ) ဝေးကွာသော အရပ်သို့ သွားကြပြီးလျှင် အခြံအရံအပေါင်းတို့နှင့်တကွ စစ်တပ်ကြီးအသွင် ယာယီနေရာများ ပြုလုပ်ကာ နေထိုင်ကြကုန်၏။ အလောင်းတော်နှင့် အတူတကွ လိုက်ပါလာသမျှသော ယောက်ျားတို့သည် အလောင်းတော် ရဟန်းပြုသည်ကို အတုလိုက် (အားကျ)ကာ ရဟန်းပြုကြလေကုန်၏။



၅၂၇

ဘုရားဖြစ်တော်မူခြင်း

     ကဿပမြတ်စွာဘုရား အလောင်းတော်သည် အတုလိုက်ရဟန်းတို့နှင့် အတူတကွ ခုနစ်ရက်ကြာ ဒုက္ကရစရိယာ ကျင့်တော်မူပြီးလျှင် ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့၌ ကြင်ဖက်တော် သုနန္ဒာပုဏ္ဏေးမ လှူဒါန်းအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ ရှားတောကြီးအတွင်းမှာ နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်သို့ ရောက်သောအခါ မဟာဗောဓိမဏ္ဍိုင်သို့ တပါးတည်း ကြွတော်မူရာ လမ်းခရီးအကြား၌ သောမအမည်ရှိသော မုယောခင်း (ဂျုံခင်း)စောင့်သူသည် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ မဟာဗောဓိ (ပညောင်)ပင်အရင်း ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် (၁၅) တဆယ့်ငါးတောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာရာ ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်တော်မူကာ ရှေး ဆိုအပ်ပြီးသော နည်းအတိုင်း ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

တရားပွဲကြီး ငါးကြိမ်

     (၁) ကဿပမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသည့်နောက် မဟာဗောဓိ (ပညောင်)ပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ချက်ကို လက်ခံတော်မူ၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု စဉ်းစား ဆင်ခြင်တော်မူလတ်သော် ကိုယ်တော်မြတ်နှင့် အတူတကွ ရဟန်းပြုဖက်ဖြစ်ကြသည့် တကုဋေသော ရဟန်းတို့ကို မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့်ပြည့်စုံကြသည်ကို မြင်တော်မူ၍ ထိုရဟန်းတို့၏နေရာ ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောကြီးသို့ ကောင်းကင်ခရီးဖြင့် ခဏခြင်း ကြွသွားတော်မူပြီးလျှင် ထိုရဟန်းတို့၏ အလယ်၌ သီတင်းသုံးနေတော်မူလျက် ရှေးရှေးဘုရားရှင်တို့ ဟောကြားတော်မူကြမြဲဖြစ်သည့်



၅၂၈

ဓမ္မစကြာဒေသနာကို ဟောကြားတော်မူရာ များစွာသော နတ်ဗြဟ္မာတို့လည်း ရိုသေစွာ လာရောက် နာယူကြကုန်၏။ ထိုအခါ ကုဋေနှစ်သောင်းသော နတ်လူတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား ရှေးဦးစွာသော ဓမ္မာဘိသမယ ပဌမတရားပွဲကြီးတည်း။)

     (၂) ထို့နောက် အခါတပါး၌ ကဿပမြတ်စွာဘုရားသည် တမြို့မှ တမြို့သို့ တရွာမှ တရွာသို့ တနိဂုံးမှ တနိဂုံးသို့ ခရီးဒေသစာရီ ကြွချီတော်မူကာ တရားဟောတော်မူသည်ရှိသော် ကုဋေ တသောင်းမျှသော နတ်လူတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား ဒုတိယာဘိသမယ ဒုတိယ တရားပွဲကြီးတည်း။)

     (၃) ထို့နောက် အခါတပါး၌ ကဿပ မြတ်စွာဘုရားသည် သုန္ဒရမြို့တော် တံခါးအနီး ပိတောက်ပင်ကြီး၏အပါး၌ ရေမီးအစုံအစုံ တန်းခိုးပြာဋိဟာကို ပြတော်မူလျက် တရားဟောတော်မူသည်ရှိသော် ကုဋေငါးထောင်သော နတ်လူတို့ သစ္စာလေးပါး တရားသိမြင် အကျွတ်တမ်းဝင်ကြလေကုန်၏။

(ဤကား တတိယာဘိသမယ တတိယတရားပွဲကြီးတည်း။)

     (၄) ထိုသို့ ရေမီးအစုံအစုံ တန်းခိုးပြာဋိဟာကို ပြတော်မူပြီးနောက် ကဿပ မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည် သုဓမ္မာအမည်ရှိသော နတ်သဘင်မဏ္ဍပ်ကြီးမှာ သီတင်းသုံး နေတော်မူလျက် မယ်တော်ဖြစ်ခဲ့ဘူးသော နတ်သားကို အကြီးအမှူးထားကာ စကြဝဠာ လောကဓာတ်ပေါင်း တိုက်တသောင်းမှ တရားနာရန် ရိုသေစွာ လာရောက်ကြကုန်သော နတ်ဗြဟ္မာတို့အား ချီးမြှောက်ခြင်းငှါ အဘိဓမ္မာခုနစ်ကျမ်းကို ဟောကြားတော်မူသည်ရှိသော် ကုဋေသုံးထောင်သော နတ်ဗြဟ္မာတို့ သစ္စာလေးပါး တရားသိမြင် အကျွတ်တမ်းဝင်ကြကုန်၏။

     (၅) ထို့နောက် အခါတပါး၌ ကကုသန်မြတ်စွာဘုရား လက်ထက်တော်က နရဒေ၀အမည်ရှိသော ဘီလူးကဲ့သို့ပင် တန်းခိုးအာနုဘော် ကြီးမားလျက် နရဒေဝဟူသော အမည်ဖြင့်ပင်



၅၂၉

ထင်ရှား ကျော်စောသော နတ်ဘီလူးသည် ဇမ္ဗူဒိပ်ကျွန်းအပြင်တွင် တမြို့တမြို့၌ ထီးနန်းအုပ်ချုပ်သော မင်း၏ အသွင်သဏ္ဌာန် အသံအမူအရာတို့နှင့် အလုံးစုံတူမျှအောင် ဖန်ဆင်း၍ ထိုမင်းကို သတ်ဖြတ် စားသောက်ပြီးလျှင် နန်းတော်နှင့်တကွ တိုင်းပြည်တခုလုံးကို လွှမ်းမိုးအုပ်ချုပ် မင်းပြုလုပ်လျက် များစွာသော လူတို့ကို သတ်ဖြတ်စားသောက်လျက် နေလေ၏၊ မိန်းမများနှင့်လည်း လွန်စွာပင် အပျော်အပါးကြူးသူဖြစ်၏။

     ဆင်ခြင်ဉာဏ်ရှိသော မိဖုရား မောင်းမမိဿံ ရွေရံတော်တို့က “ဤမင်းကား ငါတို့၏အရှင်သခင် ဘုရင်မင်းကြီးမဟုတ်၊ ဘီလူးစင်စစ် ဖြစ်ပေ၏”ဟု သိရှိကြသောအခါ ထိုနတ်ဘီလူးသည် ရှက်နိုးလှသည်ဖြစ်၍ နန်းတွင်းသူအပေါင်းတို့ကို သတ်ဖြတ် စားသောက်ပြီးနောက် တခြားမြို့သို့ ပြောင်းရွှေကာ ရှေးနည်းအတူ မင်းမူပြန်လေ၏။

     ဤနည်းဖြင့် နရဒေ၀ဘီလူးသည် လူတို့ကို သတ်ဖြတ်စားသောက်လျက် သုန္ဒရမြို့သို့ ရှေးရှုရောက်ရှိလာသောအခါ မြို့နေသူ လူအပေါင်းတို့သည် သတင်းစကား ကြားသိပြီးဖြစ်သည့်အတိုင်း သေအံ့သောဘေးမှ ထိတ်လန့် ကြောက်ရွံ့ကြကုန်သည်ဖြစ်၍ မိမိတို့မြို့မှ ထွက်၍ ထိုထိုအရပ်သို့ ပြေးသွားကြကုန်၏။ ထိုအခါ ကဿပမြတ်စွာဘုရားသည် ပြေးလွှားနေကြသော မြို့သူမြို့သားတို့ကို မြင်တော်မူ၍ နရဒေ၀ဘီလူး၏ ရှေ့မျက်မှောက်၌ သွားရောက် ရပ်တည်တော်မူလေ၏။ နရဒေ၀ဘီလူးသည် ဤကဲ့သို့ မိမိရှေ့မှောက် ကြွရောက် ရပ်တည်လာသော ကဿပမြတ်စွာဘုရားကို မြင်လေလျှင် ဖောက်ပြန်ကြမ်းကြုတ်သော ကြိမ်းဝါးသံဖြင့် ကြိမ်းဝါးပါသော်လည်း မြတ်စွာဘုရားအား ထိတ်လန့်ကြောက်ရွံ့စေခြင်းငှါ မစွမ်းနိုင်ပဲ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပြီးလျှင် အမေးပုစ္ဆာ ပြဿနာကို မေးမြန်း လျှောက်ထားလေ၏။ ကဿပ မြတ်စွာဘုရားသည်လည်း ထိုအမေးပုစ္ဆာ ပြဿနာကို ပြေလည်အောင် ဖြေကြားကာ ဘီလူးအား ဆုံးမပြီးလျှင်



၅၃၀

တရားဟောတော်မူသည်ရှိသော် ထိုအရပ်သို့ တရားနာရန် ရိုသေစွာ လာရောက်ကြသည့် မရေမတွက်နိုင်အောင် များပြားစွာသော နတ်လူတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြကုန်၏။

သာဝကအစည်းအဝေးကြီး တကြိမ်

     ကဿပမြတ်စွာဘုရား၏ တပည့်သာဝက ရဟန္တာအစည်းအဝေးကြီး တကြိမ်တည်းသာ ဖြစ်ဟန်ကား.. ဗာရာဏသီပြည်၌ ပုရောဟိတ်၏ သားဖြစ်သော တိဿအမည်ရှိသော လုင်သည် အလောင်းတော် ကဿပသတို့သား၏ကိုယ်၌ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီးတို့နှင့် ပြည့်စုံခြင်းကို မြင်သောအခါ “ဤလက္ခဏာမျိုးသည် ဘုရားဖြစ်မည့် သူများမှာသာ ရှိနိုင်သည်”ဟူ၍ ဖခင် ပုရောဟိတ်ပုဏ္ဏားကြီး ပြောဆိုသည့်စကားကို ကြားရ၍ ယုံမှားခြင်း အလျဉ်းမရှိပဲ “ဤကဿပသတို့သားသည် မြတ်သော တောထွက်ခြင်းဖြင့် တောထွက်၍ ဘုရားဖြစ်လတ္တံ့၊ ထိုကဿပမြတ်စွာဘုရား အထံတော်မှာ ငါသည် ရဟန်းပြုကာ သံသရာဝဋ်ဆင်းရဲမှလွတ်အောင် ကြိုးကုတ် အားထုတ်ပေအံ့”ဟု ကြံစည်ပြီးလျှင် အလောင်းတော် ကဿပသတို့သား တောမထွက်မီကပင် ဟိမဝန္တာသို့သွားရောက်၍ ရှင်ရသေ့ ပြုနှင့်လေသည်။ ထိုတိဿရှင်ရသေ့၏ အခြံအရံရသေ့တို့ကား နှစ်သောင်းအတိုင်းအရှည် ရှိကုန်၏။

     တိဿရှင်ရသေ့သည် နောက်အခါ၌ “ကဿပသတို့သားသည် တောထွက်၍ ရဟန်းပြုပြီးလျှင် ယခုအခါ ဘုရားအဖြစ်သို့ ရောက်ပြီ”ဟူသော သတင်းစကားကို ကြားသိရလျှင် အခြံအရံ ရသေ့နှစ်သောင်းတို့နှင့်တကွ ဟိမဝန္တာမှ လာခဲ့၍ ကဿပမြတ်စွာဘုရား အထံတော်၌ ရဟန်းပြုလိုပါကြောင်း တောင်းပန် လျှောက်ထားသောအခါ မြတ်စွာဘုရားက ဧဟိဘိက္ခု ခေါ်တော်မူသည်တွင် အခြံအရံ ရသေ့နှစ်သောင်းတို့နှင့်တကွ ဧဟိဘိက္ခု ရဟန်းဖြစ်ကြ၍ အရဟတ္တဖိုလ်သို့ ရောက်ရှိလေ၏။ ထိုရဟန္တာပေါင်း



၅၃၁

နှစ်သောင်းတို့၏ အစည်းအဝေး၌ ကဿပမြတ်စွာဘုရားသည် တပို့တွဲလပြည့်နေ့မှာ ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤသည်ပင် သာဝကအစည်းအဝေးကြီး တကြိမ်ဖြစ်ပုံတည်း။)

**********

ဂေါတမမြတ်စွာဘုရားအလောင်း ဇောတိပါလလုင် ရဟန်းဖြစ်၍ ဗျာဒိတ်ခံယူခြင်း

     ထိုအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် ဇောတိပါလလုင်ဟူ၍ ကျော်စောထင်ရှားသောသူ ဖြစ်ပြီးလျှင် ဗေဒင်ကျမ်းတို့ကို မပြတ်ရွတ်အံသောသူ မန္တန်အမျိုးမျိုးကိုလည်း ဆောင်ထားသောသူ ဗေဒင်သုံးပုံတို့ကိုလည်း တဖက်ကမ်းခတ် တတ်မြောက်သောသူဖြစ်၍ မဟာပုရိသလက္ခဏာ စသည်တို့ကို ဖော်ပြရာ လက္ခဏာကျမ်း ရှေးဟောင်းဝတ္ထုတို့ကို ဖော်ပြရာ ဣတိဟာသကျမ်းတို့နှင့်တကွ ဆရာအဆက်ဆက် သင်ပြအပ်သော ပုဏ္ဏားတို့၏ ပညာအရာ၌ အထွတ်အထိပ်ရောက် တတ်မြောက်သောသူ ဖြစ်ပေ၏။ မြေပြင်နှင့်စပ်၍ သိအပ်သော အကြောင်းအရာ ဘူမိသျှတ္တရကျမ်း ကောင်းကင်နှင့်စပ်၍ သိအပ်သော အကြောင်းအရာ အာကာသသျှတ္တရကျမ်းတို့၌ ယုတ်လျော့ခြင်းမရှိ အပြည့်အစုံ လေ့လာကျွမ်းကျင် လိမ္မာသောသူ ဖြစ်ပေ၏။

     ဇောတိပါလလုင်သည် ဃဋိကာရအမည်ရှိသော အိုးထိန်းသည်နှင့် အလွန်ချစ်ခင်လှစွာသော မိတ်ဆွေဖြစ်၏။ ဃဋိကာရ အိုးထိန်းသည်မှာ ကဿပမြတ်စွာဘုရား၏ မြတ်သော အလုပ်အကျွေး ဒါယကာဖြစ်လျက် ရတနာသုံးပါး၌ အလွန်ရိုသေကျိုးနွံခြင်း ရှိသည်ဖြစ်၍ အနာဂံဥပါသကာဟူ၍ အလွန်ထင်ရှားသူ ဖြစ်ပေ၏။ ထိုဃဋိကာရ အိုးထိန်းသည်သည် အလောင်းတော် ဇောတိပါလလုင်ကို ခေါ်ဆောင်ပြီးလျှင် ကဿပမြတ်စွာဘုရားထံ ချဉ်းကပ်လေ၏။



၅၃၂

     ဇောတိပါလလုင်သည် ကဿပမြတ်စွာဘုရား တရားတော်ကို နာရသောအခါ မြတ်စွာဘုရား အထံတော်၌ ရဟန်းပြုပြီးလျှင် အလွန် အားထုတ်အပ်သော လုံ့လဝီရိယရှိသူဖြစ်၍ ဝတ်ကြီးဝတ်ငယ်အရပ်ရပ်တို့၌ လိမ္မာကျွမ်းကျင်ကာ သီလ သမာဓိ ပညာ သိက္ခာသုံးပါးတို့နှင့်စပ်သည့် မည်သည့်အရာမှာမှ ယုတ်လျော့ခြင်း မရှိစေပဲ မြတ်စွာဘုရား သာသနာတော်ကို ဖြည့်စွမ်းတော်မူခဲ့လေသည်။

     မြတ်စွာဘုရား ဟောကြားတော်မူသမျှ အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား၏ ပရိယတ္တိသာသနာတော်ကို အလုံးစုံ သင်ကြား တတ်မြောက်ပြီးလျှင် မြတ်စွာဘုရား သာသနာတော်ကို တင့်တယ်စေခဲ့လေသည်။ အလောင်းတော် ဇောတိပါလရဟန်း၏ အံ့ဩဖွယ်ကောင်းသည့် ဆိုအပ်ပြီးသော အကြောင်းအရာစုကို မြင်တော်မူ၍ ကဿပမြတ်စွာဘုရားသည် “ဤဘဒ္ဒကမ္ဘာ၌ပင်လျှင် ဤဇောတိပါလရဟန်းသည် ဂေါတမအမည်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ်စကား ကြားတော်မူ၏။

(ဗျာဒိတ်ကြားတော်မူပုံမှာ ဒီပင်္ကရာမြတ်စွာဘုရား ဗျာဒိတ်ကြားသကဲ့သို့ပင် အပြည့်အစုံဖြစ်သည်။)

     ကဿပ မြတ်စွာဘုရား၏ ဗျာဒိတ်စကား ကြားရလျှင် အလောင်းတော် ဇောတိပါလ ရဟန်းတော်မြတ်သည် အလွန်ကြည်လင်သော စိတ်ရှိလျက် ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူလေသည်။

     ဤသို့လျှင် အစိန္တေယျ သုံးလောကထွတ်ထား ငါတို့မြတ်စွာဘုရား အလောင်းတော်သည် သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရလိုခြင်းတည်းဟူသော ဆန္ဒတချောင်း အကြောင်းတခုကြောင့် ဘဝများစွာ သံသရာတခွင်ဝယ် ရှောင်ကြဉ်ရမည့် အကုသိုလ်မှုဟူသမျှကို ဝေးစွာရှောင်ကြဉ်၍ ပါရမီဆယ်ပါးတို့ အထွတ်အထိပ်ရောက် ပြည့်မြောက်ရန် လူသာမန်တို့ ပြုနိုင်ခဲသော ကုသိုလ်တရားကို မဆုတ်မတွန့် စွန့်စွန့်စားစား ပွါးများကြိုးကုတ် အားထုတ်တော်မူခဲ့လေသည်။



၅၃၃

မှာထားချက်-

ပြဆိုခဲ့ပြီးသော ဗုဒ္ဓဝင်ပါဠိတော်အရ ဃဋိကာရ အိုးထိန်းသည်သည် သူငယ်ချင်းဖြစ်သူ အလောင်းတော် ဇောတိပါလလုင်ကို အလွယ်တကူခေါ်ယူ၍ ကဿပမြတ်စွာဘုရားထံ ချဉ်းကပ်သည်ဟု မှတ်ယူရန် ရှိသော်လည်း စင်စစ်မူ အလွယ်တကူခေါ်ယူ၍ မရနိုင်သဖြင့် အကြိမ်ကြိမ် အဖန်ဖန် ပြောဆိုပြီးနောက် အတင်းအကြပ် ဆံပင်ကိုဆွဲငင်လျက် ခေါ်ရသည့်အကြောင်းကို မဇ္ဈိမပဏ္ဏာသပါဠိ ၄-ရာဇဝဂ်၊ ၁-ဃဋိကာရသုတ်၌ ဟောဆိုထားပေသည်။ ဃဋိကာရဝတ္ထုနှင့်တကွ ဇောတိပါလဝတ္ထု အကျယ်ကို ထိုသုတ်မှ မှတ်ယူရာ၏။

မြို့တော်စသည်ကို ပြဆိုချက်

     ကဿပမြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ ကိကီမင်းကြီး ထီးနန်းစိုးအုပ်ရာဖြစ်သည့် ဗာရာဏသီနေပြည်တော်ဖြစ်၍ ခမည်းတော်မှာ ဗြဟ္မဒတ္တပုဏ္ဏား, မယ်တော်မှာ ဓန၀တီပုဏ္ဏေးမတို့ ဖြစ်ကုန်၏။

     အိမ်ရာစိုးအုပ်၍ နေတော်မူသော နှစ်ပေါင်းမှာ (၂၀၀၀) နှစ်ထောင်ဖြစ်၍ စံတော်မူရာ ပြာသာဒ်တော် သုံးဆောင်တို့မှာ ဟံသပြာသာဒ်, ယသပြာသာဒ်, သိရိနန္ဒပြာသာဒ်တို့ ဖြစ်ကုန်၏။

     ကြင်ဖက်မှာ ရံရွေတော် ပုဏ္ဏေးမအမျိုးသမီးပေါင်း (၄ဝဝဝဝ) လေးသောင်းရှစ်ထောင် အခြံအရံရှိသည့် သုနန္ဒာပုဏ္ဏေးမ ဖြစ်ပြီးလျှင် သားတော်မှာ ဝိဇိတသေနသတို့သား ဖြစ်လေသည်။

     နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ တောထွက်တော်မူသော ယာဉ်မှာ စံနန်းပြာသာဒ်တော်ပင်ဖြစ်၍ ခုနစ်ရက်မျှသာ ဒုက္ကရစရိယာ ကျင့်တော်မူရသည်။



၅၃၄

     အဂ္ဂသာဝကအစုံတို့မှာ တိဿမထေရ်နှင့် ဘာရဒွါဇမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သဗ္ဗမိတ္တမထေရ် ဖြစ်လေသည်။

     အဂ္ဂသာဝိကာ အစုံတို့မှာ အနုဠာထေရီမနှင့် ဥရုဝေလာထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိပင်မှာ ပညောင်ပင်ဗောဓိ ဖြစ်လေသည်။

     မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ သုမင်္ဂလနှင့် ဃဋိကာရ အိုးထိန်းသည်တို့ ဖြစ်ကြ၍ မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ ဝိဇိတသေနာ ဥပါသိကာမနှင့် ဘဒ္ဒါဥပုသိကာမတို့ ဖြစ်ကုန်၏။

     ကဿပမြတ်စွာဘုရားသည် အရပ်တော် အတောင် (၂၀) နှစ်ဆယ် မြင့်တော်မူသည်ဖြစ်၍ ကောင်းကင်၌ တခဲနက် စုတည်နေသော လျှပ်နွယ်ကဲ့သို့၎င်း, ဂြိုဟ်နက္ခတ်တာရာ အပေါင်းတို့ဖြင့် ၀န်းရံအပ်သော လပြည့်ဝန်းကဲ့သို့၎င်း တင့်တယ်တော်မူပေ၏။

     ကဿပမြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ် (၂၀၀၀၀) နှစ်သောင်းတမ်းဖြစ်၍ ထိုမျှလောက် (အသက်တမ်း၏ ငါးပုံ့ လေးပုံ) ကာလပတ်လုံး တည်နေတော်မူလျက် များစွာသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာတည်းဟူသော ရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့လေပြီ။

     ကဿပ မြတ်စွာဘုရားသည် လူနတ်ဗြဟ္မာ များစွာသော သတ္တဝါတို့အတွက် ပရိယတ္တိတရားတော် တည်းဟူသော တဖက်ဆည်ကန်တော်ကြီးကို ဖန်ဆင်းတော်မူပြီးလျှင် သတ္တဝါတို့စိတ်အစဉ်ကို လှလှတင့်တယ်စွာ ဆင်ခြင်နိုင်ကြရန် စတုပါရိသုဒ္ဓိသီလ တည်းဟူသော နံ့သာပျောင်းကို ပေးကမ်းတော်မူခဲ့၍ ဟိရိဩတ္တပ္ပ ဓမ္မနှစ်ပါး တရားဝတ်စုံကို ဝတ်ရုံကြစေပြီးကာ ဗောဓိပက္ခိယ ဓမ္မအပြား သုံးဆယ့်ခုနစ်ပါး တည်းဟူသော တရားပန်းအမျိုးမျိုးကို ပန်ဆင်ကြစေရန် ဝေဖန်ဖြန့်ချီပြီးလျှင် အပြစ်ရှိသောတရား အပြစ်မရှိသောတရား ကုသိုလ်တရား အကုသိုလ်တရားတို့ကို



၅၃၅

ပိုင်းခြားဆင်ခြင် ထင်မြင်ကြည့်ရှုနိုင်ကြရန် အညစ်အကြေးကင်းသည့် သောတာပတ္တိမဂ်ဉာဏ် တရားမှန်ကြီးကို ဖော်ပြရာပါ တဖက်ဆည်ကန်၏ ကမ်းနား၌ နိဗ္ဗာန်ကိုအလိုရှိ၍ လှည့်လည်နေကြသောသူတို့ ဤဆိုအပ်သော တရားအဆင်တန်းဆာကို ရှုကြကုန် ကြည့်ကြကုန်ဟု မိန့်ဆိုသည့်ပမာ ကောင်းစွာ ထားတော်မူ၍၎င်း..၊

     ကိုယ်တော်မြတ်၏ အဆုံးအမ ဩဝါဒနာယူသူ သတ္တဝါဗိုလ်လူတို့အား ကိလေသာရန်သူတို့ကို တိုက်ဖျက်နှိမ်နင်းနိုင်ရန် ငါးပါးသီလ ဆယ်ပါးသီလ စတုပါရိသုဒ္ဓိသီလ တည်းဟူသော သင်ဒိုင်းဦးစွပ် (ဦးထုပ်)ကို ပေးတော်မူ၍၎င်း..၊ လောကီ လောကုတ္တရာ ဈာန်လေးပါး ဈာန်ငါးပါး တည်းဟူသော ချပ်ဝတ်တန်းဆာကို ကောင်းစွာ ဖွဲ့နှောင်စေတော်မူ၍၎င်း..၊ သတိသမ္ပဇညနှစ်ပါး တရားတည်းဟူသော သားရေဝတ်လုံကို ဝတ်ရုံစေတော်မူ၍၎င်း..၊ မြတ်သော အင်္ဂါလေးပါးရှိသည့် ဝီရိယတည်းဟူသော စစ်ဝတ်တန်းဆာအစုံကို ပေးအပ် ဆောင်နှင်းတော်မူ၍၎င်း..၊ ကိလေသာရန်အသွယ်သွယ်ကို ကွယ်ကာဟန့်တားနိုင်ကြောင်း သတိပဋ္ဌာန်လေးပါး တည်းဟူသော ကာဒိုင်းကို ပေးအပ်တော်မူ၍၎င်း..၊ (ကိုယ်တော်မြတ်၏ သာဝကဗိုလ်ထုကို) အလွန် ထက်မြက်လှသည့် ဝိပဿနာဉာဏ်ပညာ တည်းဟူသော လှံမကိုယ်စီ စွဲကိုင်ကြပြီးရှိအောင် ပြုတော်မူပြီးလျှင် ထိုသူရဲကောင်း သာဝကအပေါင်းအား ဝီရိယကျောက်အပြင်၌ တချွန်ချွန်ထက်မြက်အောင် သွေးအပ်ပြီးသည့် မဂ်ပညာသန်လျက်ကို ပေးတော်မူ၍၎င်း..၊ ကိလေသာတို့နှင့် ရောယှက်ခြင်းကို နှိမ်နင်း ပယ်ဖျောက်နိုင်ရန် လောကုတ္တရာ သီလတော်မြတ်ကို ပေးအပ်တော်မူ၍၎င်း..၊ လှလှကြီး တန်ဆာဆင်နိုင်ကြရန် လောကုတ္တရာ ဖိုလ်လေးပါးတို့ကို ဦးစိုက်ပန်း ပြုလုပ်ပြီးလျှင် ဝိဇ္ဇာသုံးပါး အဘိညာဉ်ခြောက်ပါး တည်းဟူသော အဆင်တန်းဆာအမျိုးမျိုးကို ပေးတော်မူ၍၎င်း..၊ လောကုတ္တရာတရား ကိုးပါးတည်းဟူသော ပန်ဆင်ဖွယ်ရာ ပန်းခိုင်ကြီးကို ပြုလုပ်ပြီးလျှင် ထိုပန်းခိုင်ကြီးနှင့်တကွ



၅၃၆

အကုသိုလ်နေပူကို ကာကွယ် ဟန့်တားကြောင်းဖြစ်သည့် အရဟတ္တဖိုလ်တည်းဟူသော ထီးဖြူကြီးကို ပေးတော်မူ၍၎င်း..၊ နိဗ္ဗာန်ဟူသည် ဘေးမဲ့ပြည်သို့ သာကြည်နှစ်တောင်း ရောက်နိုင်ကြောင်းဖြစ်သည့် အဋ္ဌင်္ဂိကမဂ်တည်းဟူသော တရားပန်းကြီးကို ဖန်ဆင်း တည်ထွင်တော်မူကာ သာဝကများစွာ ရဟန္တာအရှင်မြတ်တို့နှင့်တကွ ထိုကဿပမြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ဝင်စံ ချုပ်ငြိမ်းတော်မူလေပြီ။

သံဝေဂ

မနှိုင်းရှည်အပ်သော ဂုဏ်တော်တို့၏ တည်ရာဖြစ်၍ သူတပါးတို့ ချဉ်းကပ်ဝံ့ခဲစွာသော ထိုကဿပ မြတ်စွာဘုရားသည်၎င်း၊ ထိုမြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားတော်မူအပ်သည်ဖြစ်၍ လာလှည့် ရှုလှည့် ကျင့်ကြံလှည့်ဟု ရဲရဲရင့်ရင့် ဖိတ်ခေါ်ပြောဆို စီမံခြင်းငှါ ထိုက်သင့်လှစွာသော ထိုတရားရတနာတော်မြတ်သည်၎င်း၊ ထိုတရားရတနာကို ကောင်းစွာ ကျင့်ကြံသည်ဖြစ်၍ အလွန်မြတ်လှစွာသော တပည့်သား သာဝကများစွာ သံဃာရတနာသည်၎င်း၊ ထိုအလုံးစုံသည် ချုပ်ဆုံး ကွယ်ပျောက်ခဲ့လေပြီ၊ ခပ်သိမ်းသော ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည် ခိုင်မာသော အနှစ်မရှိ၊ အချည်းနှီးသာ ဖြစ်ကုန်စွာ့တကား..။

စေတီတော်

     ဤသို့လျှင် မာရ်ငါးပါးကို အောင်တော်မူ၍ လူနတ်တို့၏ဆရာ ဖြစ်တော်မူသော ကဿပမြတ်စွာဘုရားသည် ကာသိတိုင်းအဝင်အပါ သေတဗျမြို့၏အနီး သေတဗျအမည်ရှိသော ဥယျာဉ်ကြီးအတွင်း၌ ပရိနိဗ္ဗာန်စံတော်မူ၏။ ဇမ္ဗူဒိပ်ကျွန်းသူ ဗိုလ်လူအပေါင်းတို့သည် တညီတညွတ်တည်း စည်းဝေးကြပြီးလျှင် အပြင်မှစီရန် အုဌ်တချပ် တချပ်ကို တကုဋေတန် တကုဋေတန် အတွင်းဖို့ရန် အုဋ်တချပ် တချပ်ကို ငါးသန်းတန် ငါးသန်းတန် ပြုလုပ်၍



၅၃၇

(ရှေး ဆိုအပ်ပြီးသည့်နည်းအတိုင်း) တယူဇနာအမြင့်ရှိသော စေတီတော်ကြီး တည်ထားကော်ရော် ပူဇော်ကြကုန်၏။

ကဿပဗုဒ္ဓဝင် ပြီး၏။

**********