မဟာဗုဒ္ဓဝင်/ဗျာဒိတ်ခံခဲ့ပုံ အချုပ်လင်္ကာ

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
ဗျာဒိတ်ခံခဲ့ပုံ အချုပ်လင်္ကာ

ဗျာဒိတ်ခံခဲ့ပုံ အချုပ်လင်္ကာ

     ဤသို့လျှင် ငါတို့မြတ်စွာဘုရား အလောင်းတော်သည် ဒီပင်္ကရာ မြတ်စွာဘုရားအစ ကဿပ မြတ်စွာဘုရားအဆုံး နှစ်ကျိပ်လေးဆူသော ဘုရားရှင်တို့၏ အထံတော်၌ နိယတဗျာဒိတ် ခံတော်မူခဲ့ပုံ အကျဉ်းချုပ်ကို ဓမ္မရာသီပျို့ ပိုဒ်ရေ (၇၊၈၊၉)တို့၌ ဤကဲ့သို့ ရေးသား စပ်ဆိုထားလေသည်-

လေးသင်္ချေနှင့်၊ သိန်းနေစွန်းမြတ်၊ ရေတွက်လတ်မူ၊ မည်မှတ်နာမ၊ သင်္ချေယျကား၊ သေလ, ဘာသ၊ ဇေယျ, ရုစိ၊ လေးပါးရှိ၏။ ။အာဒိ သေလ၊ သင်္ချေယျတွင်၊ သာရမဏ္ဍ၊ ကမ္ဘာမထက်၊ ဇိနဘုန်းထင်၊ တဏှင်္ကရာ၊ မဟာမေဓင်၊ သရဏင်နှင့်၊ ဒီပင်္ကရာ၊ မြတ်စွာလေးဆူ၊ ပွင့်တော်မူ၏။ ။နတ်လူတို့မှူး၊ သုံးဦးဘုရား၊ ဖူးပါငြားလည်း၊ ညွတ်တွားကော်ရော်၊ ဗျာဒိတ်တော်ကို၊ ရှစ်ဖော်အင်္ဂါ၊ မစုံပါ၍၊ မနာလိုက်ရ-(၁) နောက်စွန်းမှလျှင်၊ ဖြူဆွဉာဏ်ဝါ၊ သုမေဓာဟု၊ ကျေညာကျော်လှစ်၊ ရသေ့ဖြစ်၍၊ ရှင်ချစ်ဘုရား၊ ဆွမ်းခံသွားက၊ ဘဝါးတော်ဦး၊ ထိမူးမူးဝယ်၊ သံကျူးမိန့်ရွတ်၊ ဗျာဒိတ်လွှတ်၏။

(၂) မည်မှတ်သေလ၊ သုဉ်းလေမှလျှင်၊ သာရကမ္ဘာ၊ ပေါ်သောခါဝယ်၊ မည်သာကောဏ္ဍည၊ သုံးလူ့ဘ၌၊ ဘုရာ့းအလောင်း၊ မင်းကောင်းစကြ၀တေး၊ နီးဝေးခေါ်ညီ၊ ဝိဇိတာဝီဖြစ်ကြိုက်၊ ဖူးလိုက်ကြည်ဧး၊ လှူကြီးပေးက၊ ရှေးနှင့်တမျှ၊ ဗျာဒိတ်ရ၏။

(၃) ဘာသသင်္ချေ၊ သုဉ်းပြန်လေမှ၊ တည်ထွေကပ်မွန်၊ သာရမဏ်၌၊ ဘုန်းသန်မင်္ဂလာ၊ ပွင့်သောခါဝယ်၊ မည်သာသုရုစိ၊ ကိတ္တိထင်ရှား၊ ပုဏ္ဏားဖြစ်တုံ၊ စေ့စုံလှူကမ်း၊ ဗျာဒိတ်မွမ်း၏။

(၄) ငြိမ်းချမ်းသုခ၊ ပေးဝေငှသား၊ သုမနဘုရား၊ တခြားဆက်ကာ၊ ဖြစ်သောခါလည်း၊ မဟာနာဂ၊ အတုလဟု၊ ဒေဝရေနတ်၊ ဘုရားမြတ်၌၊ လှူဝတ်သန့်ရှင်း၊ ဗျာဒိတ်နှင်း၏။



၅၃၈

(၅) မည်ရင်းရေဝတ၊ မြတ်ဇိန၌၊ တွင်ထမည်ရှိ၊ အတိဒေဝ၊ ဗြာဟ္မဏလျှင်၊ များလှကံကျွေး၊ အလှူပေး၍၊ သံလေးဗျာဒိတ်၊ ကျွန်းလုံးထိတ်၏။

(၆) အမြိတ်ဆက်ထ၊ သောဘိတဟု၊ မည်ရဘုန်းထင်၊ ပွင့်ခါတွင်လည်း၊ လုလင်အဇိတ၊ ဗြာဟ္မဏဟု၊ ကြီးလှလှူဆက်၊ ဗျာဒိတ်မြွက်၏။

(၇) ထို့ထက်သုဉ်းထ၊ ဇေယျသင်္ချေ၊ လွန်လေပညပ်၊ ဝရကပ်ထက်၊ သုံးရပ်ဦးစွန်း၊ မည်မှန်းပေါက်ပြ၊ အနောမဒဿီ၊ သိညီသစ္စာ၊ ပွင့်သောခါဝယ်၊ သေနာဒိဗ္ဗ၊ ယက္ခအမှူး၊ ဘီလူးဖြစ်ကြိုက်၊ ဖူးရလိုက်၍၊ ကောင်းမြိုက်လှူကြီး၊ ဗျာဒိတ်ချီး၏။

(၈) တသီးစပ်ထ၊ ပဒုမဟု၊ လောကတန်ဆောင်၊ ငါးမာရ်အောင်၍၊ တောတောင်ရန်လှစ်၊ ခြင်္သေ့ဖြစ်၍၊ ကြည်ချစ်ရိုခ၊ ဗျာဒိတ်ရ၏။

(၉) နာရဒဘုန်းထင်၊ ဆက်ကာပင်တည့်၊ ပွင့်စင်တုံ၍၊ ရသေ့ဖြစ်ခါ၊ ဖူးရပါက၊ များစွာလုပ်ကျွေး၊ ဗျာဒိတ်ပေးသည်၊ ၊ကြော့သွေးပွဲနှံ့ မိန့်သံတည်း။

(၁ဝ) ထို့နောက် ရုစိ၊ မည်ရှိသင်္ချေ၊ သုဉ်းပြန်လေမှ၊ ခေါ်ထွေ သာရ၊ ကမ္ဘာမထက်၊ ပဒုမုတ္တရ၊ ကြီးတေဇနှင့်၊ ပွင့်ထသစ္စာ၊ ထိုရောခါဝယ်၊ မဟာသေဋ္ဌ၊ ဇဋိလ-ဟု၊ မည်ရသေဋ္ဌေး၊ အလှူပေး၍၊ စည်းဝေးပွဲပြင်၊ ဗျာဒိတ်တင်၏။

(၁၁) ထိုတွင်ဆင့်လောင်း၊ သုံးသောင်းကပ္ပ၊ သုဉ်းလေမှလျှင်၊ မဏ္ဍကမ္ဘာ၊ ပေါ်သောခါဝယ်၊ သုမေဓာဘုရား၊ ထင်ရှားဖြစ်က၊ ဥတ္တရဟု၊ နာမမည်စစ်၊ လုလင်ဖြစ်၍၊ ကြည်ချစ်လှူကပ်၊ ဗျာဒိတ်ထပ်၏။

(၁၂) မလပ်ဆင့်ကာ၊ သုဇာတာဟု၊ မြတ်စွာဘုန်းရှိ၊ ပွင့်တုံပြိလည်း၊ ကြီးဘိတန်းခိုး၊ လေးကျွန်းစိုးသား၊ ဘုန်းဖြိုးသနင်း၊ စကြာမင်းလျှင်၊ သတင်းနီးဝေး၊ လှူကြီးပေး၍၊ မြတ်လေးရွှင်လန်း၊ ဗျာဒိတ်ညွှန်း၏။

(၁၃) တခန်းစင်စစ်၊ တဆယ့်ရှစ်လျှင်၊ သုဉ်းလစ်တုံထွန်၊ ကမ္ဘာလွန်မှ၊ တတန်ဝရ၊ ကမ္ဘာမထက်၊ ပိယဒဿီ၊ ပွင့်ချိန်ဆီဝယ်၊ အညီခေါ်ကြ၊ ကဿပဟု၊ ဗြာဟ္မဏစစ်၊ ပုဏ္ဏားဖြစ်၍၊ အလှစ်ဥစ္စာ၊ လှူပြီးစွာမှ၊တခါလည်းကောင်း၊ ဗျာဒိတ်လောင်း၏။



၅၃၉

(၁၄) ထို့နှောင်း အတ္ထ- ဒဿီမှလည်း၊ သုသီမရသေ့၊ ဖြစ်၍လှုလှု၊ ပူဇော်ပြုက၊ အောင်ဆုပေးတုံ၊ ဗျာဒိတ်ပုံ၏။

(၁၅) ကြိုက်ဆုံနောက်မှ၊ ဓမ္မဒဿီ၊ နှစ်ပါးညီဝယ်၊ မိုးဆီတောင်ထွတ်၊ သိကြားနတ်လျှင်၊ ကြည်ညွတ်ပူဇော်၊ ဗျာဒိတ်ဖော်၏။

(၁၆) ထိုရော်နောက်မှာ၊ လေးကမ္ဘာလျှင်၊ သုဉ်းရှာလေမှ၊ သာရကပ်တွင်၊ မည်ထင်သိဒ္ဓတ်၊ ပွင့်ပေလတ်က၊ ကြီးမြတ်တန်းခိုး၊ ကျော်ဟိုးမည်သာ၊ မင်္ဂလာရသေ့၊ ဖူး၍ကြည်ဖြူ၊ အလှူပေးထွန်၊ ဗျာဒိတ်ပြန်၏။

(၁၇) တတန်လွန်ခဲ့၊ ကိုးဆဲ့နှစ်ကမ္ဘာ၊ သုဉ်းပြီးစွာမှ၊ မည်သာပညပ်၊ မဏ္ဍကပ်ထက်၊ လူ့ရပ်ပေါက်ပြ၊ တိဿမည်ဇာစ်၊ ဘုရားဖြစ်က၊ ဧကရာဇ်မင်း၊ ထန်ပြင်းအာဏာ၊ သုဇာတာဟု၊ ထိုခါဖြစ်ပြီး၊ အလှူကြီးဖြင့်၊ ဆုသီးရည်စောင်၊ ဗျာဒိတ်အောင်၏။

(၁၈) ထိုနောင်ဖုဿ၊ ပွင့်လေကလည်း၊ ဝိဇတာဝီ၊ လွှံ့ညီသတင်း၊ ပြည့်ရှင်မင်းလျှင်၊ လှူခြင်းဆန်းထူး၊ ဗျာဒိတ်ကျူးသည်၊ ၊ကျေးဇူးထွန်းပ မြူးစံတည်း။

(၁၉) ဤကမ္ဘာမှ၊ ဧကလွန်လေ၊ ကိုးဆယ်ထွေ၌၊ ခေါ်ထွေတွင်ထ၊ ကပ်သာရထက်၊ လောကအထွတ်၊ ဝိပဿီမည်ထင်၊ ပွင့်တုံကျင်သော်၊ ရေတွင်ပိုင်သ၊ အစိုးရသား၊ အတုလမည်ရင်း၊ နဂါးမင်းလျှင်၊ ညွတ်ခြင်းပူဇော်၊ ဗျာဒိတ်ကျော်၏။

(၂၀) ထိုရော်သုဉ်းပြန်၊ ခြောက်ဆယ်လွန်၍၊ ကပ်ကျန်သုံးဆယ်၊ တစ်ခုဝယ်၌၊ ခေါ်ဘွယ်မည်ရ၊ ကပ်မဏ္ဍထက်၊ လောကထွတ်တင်၊ သိခီတွင်သား၊ ချစ်ရှင်မြတ်စွာ၊ ဖြစ်သောခါ၌၊ ရာဇာအရိန္ဒမ၊ ကြီးလှလှူမျိုး၊ ဗျာဒိတ်ပျိုး၏။

(၂၁) တန်းခိုးကြီးထူ၊ ဝေဿဘူဟု၊ နတ်လူဦးစွန်း၊ ဆက်ကာထွန်းက၊ မည်မှန်းခေါ်မှတ်၊ သုဒဿန၊ နရိန္ဒဟု၊ ဖြစ်ထတုံထွန်၊ အလှူသန်၍၊ တတန်ပေးထပ်၊ ဗျာဒိတ်အပ်၏။

(၂၂) အလပ်ထို့နောက်၊ သုံးဆယ်မြောက်သား၊ ချိန်ရောက်ကမ္ဘာ၊ သုဉ်းပြီးစွာမှ၊ မဟာဘဒ္ဒ၊ ကပ္ပမြတ်စွာ၊ ဤကမ္ဘာထက်၊ မည်သာကျော်ဝှန်၊ ကကုသန်ဟု၊ မြတ်မွန်ရှင်ချစ်၊ ပွင့်ပေလစ်က၊ ကျော်လှစ်ခေမာ၊ မင်းမြတ်စွာလျှင်၊ လှူရာစေ့စုံ၊ အကုံပြန့်ပြော၊ ဗျာဒိတ်ဟော၏။



၅၄၀

(၂၃) ရှင်စောဖုံဖုံ၊ ကောဏာဂုံလျှင်၊ ပွင့်တုံကာလ၊ ပဗ္ဗတဟု၊ နရရန်နင်း၊ လူမင်းစောဓီး၊ အလှူကြီးမြင့်၊ ကောင်းချီးပေးတင့်၊ ဗျာဒိတ်ဆင့်၏။

(၂၄) ဘုန်းရင့်မြတ်လှ၊ ကဿပဟု၊ လူ့ဘထွတ်ခေါင်၊ ငါးမာရ်အောင်က၊ ပွဲဘောင်နှံ့သိ၊ ဇောတိပါလ၊ ဗြာဟ္မဏဟု၊ မည်ရလုလင်၊ ဖူးတွေ့မြင်၍၊ ကြည်ရွှင်ရိုသေ၊ ရှင်ပြုလေသော်၊ ပေးထွေမကျန်၊ ဗျာဒိတ်စွန်ဖြင့်၊ ပွင့်ရန်ချိန်ထောက်၊ အပြီးရောက်၏..၊

နှစ်ကျိပ်လေးဆူ ဗုဒ္ဓဝင်ခဏ်း ပြီး၏။

**********