Page:UN Charter (Burmese translation).djvu/9

From Wikisource
Jump to navigation Jump to search
This page has been proofread.

၂။ အထွေထွေညီလာခံသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံကဖြစ်စေ လုံခြုံရေးကောင်စီကဖြစ်စေ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် မဟုတ်သော နိုင်ငံ တစ်နိုင်ငံက အပိုဒ် - ၃၅။ စာပိုဒ် - ၂ နှင့်အညီဖြစ်စေ မိမိကသို့ တင်ပြအပ်သော မည်သည့်ကိစ္စကို မဆို ဆွေးနွေးနိုင်သည့်အပြင် အပိုဒ် - ၁၂ ပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အဆိုပါကိစ္စတစ်ခုခုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ နိုင်ငံ သို့မဟုတ် နိုင်ငံများသို့ ဖြစ်စေ၊ လုံခြုံရေးကောင်စီသို့ ဖြစ်စေ၊ အဆိုပါနှစ်ဌာနလုံးသို့ဖြစ်စေ ထောက်ခံချက်များ တင်ပြနိုင်သည်။ အဆိုပါကိစ္စကို အရေးယူဆောင်ရွက်ရန် လိုအပ်လျှင် အထွေထွေညီလာခံက ယင်းကိစ္စကို မဆွေးနွေးမီဖြစ်စေ၊ ဆွေးနွေးပြီးနောက် ဖြစ်စေ လုံခြုံရေး ကောင်စီသို့ လွှဲအပ်ရမည်။

၃။ အထွေထွေညီလာခံသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိပါးဖွယ်ရာရှိသော အရေးကိစ္စများနှင့် စပ်လျဉ်း၍အရေးယူရန် လုံခြုံရေး ကောင်စီအား သတိပေးနှိုးဆော်နိုင်သည်။

၄။ ဤအပိုဒ်တွင် ဖော်ပြထားသော အထွေထွေညီလာခံ၏ အာဏာများသည် အပိုဒ် -၁၀ တွင် ယေဘုယျ အားဖြင့် အကျုံးဝင်သော အာဏာများကို ကန့်သတ်ခြင်း မရှိစေရ။

အပိုဒ် ၁၂။

၁။ လုံခြုံရေးကောင်စီက အငြင်းပွားမှု သို့မဟုတ် အရေးကိစ္စတစ်ရပ်နှင့် စပ်လျဉ်း၍ ၎င်းအား ယခုလက်ရှိ ပဋိညာဉ်စာချုပ်အရ လွှဲအပ်ထားသော အလုပ်ဝတ္တရားများကို ဆောင်ရွက်နေစဉ်အတွင်း အထွေထွေညီလာခံသည် ထိုအငြင်းပွားမှု သို့မဟုတ် အရေးကိစ္စနှင့် စပ်လျဉ်း၍ မည်သည့် ထောက်ခံချက်ကိုမျှ လုံခြုံရေးကောင်စီက မတောင်းဆိုဘဲ မပေးရ။

၂။ အတွင်းရေးမှူးချုပ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်း စောင့်ရှောက်မူနှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်လျက်ရှိသော ကိစ္စများကို လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် အထွေထွေညီလာခံအား အစည်းအဝေးကျင်းပသည့်အခါတိုင်း အကြောင်းကြားရမည်။ ထိုနည်းတူ အဆိုပါကိစ္စများကို လုံခြုံရေးကောင်စီက အရေးမယူတော့ သည်နှင့်တပြိုင်နက် အထွေထွေညီလာခံအား သို့မဟုတ် အထွေထွေညီလာခံ အစည်းအဝေးမရှိလျှင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံများအား အကြောင်း ကြားရမည်။

အပိုဒ် ၁၃။

၁။ အထွေထွေညီလာခံသည် အောက်ပါကိစ္စများ အတွက် စူးစမ်းလေ့လာမှုများကို စတင်ပြုလုပ်၍ ထောက်ခံချက်များ ပေးရမည်။