Page:UN Charter (Burmese translation).djvu/8

From Wikisource
Jump to navigation Jump to search
This page has been proofread.
အပိုဒ် ၈။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ သည် ၎င်း၏ အဓိကလုပ်ငန်းအဖွဲ့များနှင့် လက်အောက်ခံ လုပ်ငန်းအဖွဲ့များတွင် မည်သည့်အလုပ်၌မဆို တန်းတူ စည်းကမ်းချက်အရ ယောက်ျား မိန်းမ၀င်ရောက်ဆောင်ရွက်နိုင်ခွင့်ကို ချုပ်ချယ်ခြင်းမပြုရ။

အခန်း(၄) -
အထွေထွေညီလာခံ

ဖွဲ့စည်းပုံ
အပိုဒ် ၉။

၁။အထွေထွေညီလာခံတွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံး ပါဝင်ရမည်။

၂။ အဖွဲ့ဝင်နိုင်ငံအသီးသီးမှာ အထွေထွေညီလာခံတွင် ကိုယ်စားလှယ် ငါးဦးထက်ပို၍ မရှိရ။

အလုပ်ဝတ္တရားများနှင့် အာဏာများ။
အပိုဒ် ၁၀။

အထွေထွေညီလာခံသည် ယခုလက်ရှိ ပဋိညာဉ်စာချုပ်တွင် အကြုံးဝင်သော သို့မဟုတ် ယခုလက်ရှိ ပဋိညာဉ်စာချုပ်တွင် ပြဋ္ဌာန်းထားသည့် လုပ်ငန်းအဖွဲ့တစ်ခု၏ အာဏာ၊ အလုပ်ဝတ္တရားများနှင့် သက်ဆိုင်သော မည်သည့် ပြဿနာ သို့မဟုတ် ကိစ္စကိုမဆို စဉ်းစားဆွေးနွေးနိုင်သည့်ပြင် အပိုဒ် - ၁၂ ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ဘဲအဆိုပါပြဿနာ သို့မဟုတ် ကိစ္စ တစ်ခုခုနှင့် စပ်လျဉ်း၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ဖြစ်စေ၊ လုံခြုံရေး ကောင်စီသို့ဖြစ်စေ၊ အဆိုပါ နှစ်ဌာန လုံးသို့ဖြစ်စေ ထောက်ခံချက်များ တင်ပြနိုင်သည်။

အပိုဒ် ၁၁။

၁။ အထွေထွေညီလာခံသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်း စောင့်ရှောက်မှုအတွက် လက်နက်ဖျက်သိမ်းရေးနှင့် လက်နက်တပ်ဆင်မှု စည်းမျဉ်းသတ်မှတ်ရေးဆိုင်ရာ မူများအပါအဝင် အရပ်ရပ်ပူးပေါင်းဆောင်ရွက်ရေးမူများကို စဉ်းစားဆွေးနွေးနိုင်သည့်ပြင် အဆိုပါမူများနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ဖြစ်စေ၊ လုံခြုံရေးကောင်စီသို့ဖြစ်စေ၊ အဆိုပါ နှစ်ဌာနလုံးသို့ ဖြစ်စေ ထောက်ခံချက်များတင်ပြနိုင်သည်။