Page:UN Charter (Burmese translation).djvu/4

From Wikisource
Jump to navigation Jump to search
This page has been proofread.

ချမှတ်ထားအပ်သောမူများကိုလက်ခံကာ စည်းကမ်းနည်းလမ်းများကို ပြဋ္ဌာန်းတီထွင်ထားရှိခြင်းအားဖြင့် လက်နက်အင်အားကို အများ၏အကျိုးကျေးဇူးအတွက်မှတပါး အသုံးပြုရခြင်းမရှိစေရန် ယုံကြည်စိတ်ချရအောင် စီမံ၍လည်းကောင်း၊

လူခပ်သိမ်းတို့၏ စီးပွားရေးနှင့် လူမှုရေး တိုးတက်ကောင်းမွန်အောင် အားပေးရေးအတွက် စီမံဖွဲ့စည်းထားသော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများကို အသုံးပြု၍လည်းကောင်း၊


ထိုရည်ရွယ်ချက်များ အထမြောက်အောင်
ကျွန်ုပ်တို့ ပူးပေါင်း ဆောင်ရွက်
အားထုတ်ကြိုးပမ်းရန် ဆုံးဖြတ်ကြသည်။

ယင်းသို့ဆုံးဖြတ်ချက်နှင့်အညီကျွန်ုပ်တို့၏ အစိုးရအသီးသီးသည် ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပသော အစည်းအဝေးသို့ တက်ရောက်ကြသော မိမိတို့နည်းလမ်းတကျ ခိုင်လုံစွာ အာဏာကုန်လွှဲအပ်ထားသသည့် ကိုယ်စားလှယ်များမှတဆင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ယခုလက်ရှိပဋိညာဉ်စာချုပ်ကို သဘောတူညီပြီးဖြစ်ကြသည့်အတိုင်း ဤစာချုပ်အရ ဖွဲ့စည်းတည်ထောင်ကြသည်။


အခန်း(၁) -
ရည်ရွယ်ချက်များနှင့် အခြေခံမူများ

အပိုဒ် ၁။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို တည်တံ့အောင်ထိန်းသိမ်းရန်။ ထိုသို့ထိန်းသိမ်းရေးကိုရှေ့ရှု၍ ငြိမ်းချမ်းရေး၏အန္တရာယ်များကို တားဆီးဖယ်ရှားရန်အလို့ငှာလည်းကောင်း၊ ကျူးကျော်ရန်စမှုများ သို့မဟုတ် ငြိမ်းချမ်းရေး ပျက်ပြားစေသည့် အခြားအပြုအမူများကို နှိပ်ကွပ်ရန်အလို့ငှာလည်းကောင်း၊ ထိရောက်စွာ ပူးပေါင်းအရေးယူရန်၊ ထို့အပြင် ငြိမ်းချမ်းရေးပျက်ပြားစေတတ်သည့် ပြည်ထောင်အချင်းချင်း အငြင်းပွားမှုများ၊ သို့မဟုတ် အရေးကိစ္စများကို တရားမျှတမှုအခြေခံမူများ၊ အပြည်ပြည်ဆိုင်ရာ တရားဥပဒေများနှင့်အညီ ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ပြေလည်ကျေအေးအောင် ဆောင်ရွက်ရန်။