Page:UN Charter (Burmese translation).djvu/33

From Wikisource
Jump to navigation Jump to search
This page has not been proofread.
အပိုဒ် ၈၃။

၁။ ထိုစစ်ရေးစစ်ရာ အချက်အခြာ နယ်မြေများနှင့် စပ်လျဉ်း၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အလုပ်ဝတ္တရားအားလုံးကို လုံခြုံရေးကောင်စီက ဆောင်ရွက်ရမည်။ ထိုအလုပ် ဝတ္တရားများတွင် ထိန်းသိမ်းရေးသဘောတူစာချုပ်များပါ စည်းကမ်းချက်များကို သော်လည်းကောင်း၊ ထိုစည်းကမ်းချက်များတွင် ပြုလုပ်သော ပြောင်းလဲချက် သို့မဟုတ် ပြင်ဆင်ချက်သော် လည်းကောင်း အတည်ပြုခြင်း လည်းပါဝင်သည်။

၂။ အပိုဒ် ၇၆ တွင်ဖော်ပြထားသော အခြေခံရည်မှန်း ချက်များသည် စစ်ရေးစစ်ရာ အချက်အခြာနယ်မြေ အသီးသီးတွင် နေထိုင်သူတို့နှင့် သက်ဆိုင်ရမည်။

၃။ လုံခြုံရေးကောင်စီသည် ထိန်းသိမ်းရေး သဘောတူစာချုပ်များပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုံခြုံမှုအတွက် လိုအပ်ချက်များကိုလည်း မထိခိုက်စေပဲ စစ်ရေးစစ်ရာ အချက်အခြာနယ်မြေများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးကိစ္စများ၌ ထိန်းသိမ်းရေးစနစ်အရ ဆောင်ရွက်ရန်ရှိသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အလုပ် ဝတ္တရားများကို နိုင်ငံငယ်များ ထိန်းသိမ်းရေး ကောင်စီ၏ အကူအညီဖြင့် ဆောင်ရွက်ရမည်။

အပိုဒ် ၈၄။

အုပ်ချုပ်ရေးအာဏာပိုင်သည် အထိန်းသိမ်းခံ နယ်ပယ် ဒေသအား ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုတွင် မလွှဲမသွေ ပါဝင်ဆောင်ရွက်စေရမည့် တာဝန်ရှိသည်။ ဤကိစ္စအလို့ငှာ အုပ်ချုပ်ရေး အာဏာပိုင်သည် လုံခြုံရေးကောင်စီအတွက် ဆောင်ရွက်မည်ဟု ခံယူထားသောတာဝန်များကို ဆောင်ရွက်ရန် အလို့ငှာ လည်းကောင်း၊ အထိန်းသိမ်း ခံနယ်ပယ်ဒေသအတွင်း ရပ်ရွာကာကွယ်ရေးနှင့် ငြိမ်ဝပ်ပိပြားရေးထိန်းသိမ်း စောင့်ရှောက်ရန် အလို့ငှာလည်းကောင်း ထိုအထိန်းသိမ်းခံ နယ်ပယ်ဒေသမှ အပျော်တမ်းတပ်များ၊ လွယ်ကူမှုများနှင့် အကူအညီများကို လက်ခံအသုံးပြုနိုင်သည်။

အပိုဒ် ၈၅။

၁။ စစ်ရေးစစ်ရာ အချက်အခြာဖြစ်သည်ဟု သတ်မှတ်ဖော်ပြမထားသော နယ်မြေအားလုံးအတွက်ဖြစ်သော ထိန်းသိမ်းရေး သဘောတူစာချုပ်များနှင့် စပ်လျဉ်း၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ၏အလုပ်ဝတ္တရားများကို အထွေထွေညီလာခံကဆောင်ရွက်ရမည်။ ထိုအလုပ်ဝတ္တရားများတွင် ထိန်းသိမ်းရေး သဘောတူစာချုပ်များပါ စည်းကမ်းချက်များကိုလည်းကောင်း၊ ထိုစည်းကမ်းချက်များတွင်ပြုလုပ်သော ပြောင်းလဲချက် သို့မဟုတ် ပြင်ဆင်ချက်ကိုလည်းကောင်း သဘောတူခြင်းလည်း ပါဝင်သည်။

၂။ အထွေထွေညီလာခံ၏ အာဏာအရ လုပ်ကိုင်ဆောင်ရွက်ရသည် နိုင်ငံငယ်များ ထိန်းသိမ်းရေးကောင်စီသည် အထွေထွေညီလာခံအား ယင်းအလုပ်ဝတ္တရားများကို ဆောင်ရွက်ရာတွင် ကူညီရမည်။