Page:UN Charter (Burmese translation).djvu/32

From Wikisource
Jump to navigation Jump to search
This page has not been proofread.

သဘောတူရမည့်အပြင် အပိုဒ် - ၈၃ နှင့် ၈၅ တွင် ပြဋ္ဌာန်းထားသည့်အတိုင်းလည်း အတည်ပြုရမည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံက နိုင်ငံပေါင်းချုပ်အသင်းကြီး၏ ကိုယ်စားလှယ်လွှဲ အမိန့်အရ ထိုနယ်ပယ်ဒေသများကို လက်ရှိထားရလျှင် ထိုအဖွဲ့ဝင်နိုင်ငံလည်း ထိုနိုင်ငံများတွင် အပါအဝင်ဖြစ်ရမည်။

အပိုဒ် ၈ဝ။

၁။ နယ်ပယ်ဒေသ အသီးသီးကို ထိန်းသိမ်းရေးစနစ်အောက်တွင် သွတ်သွင်းထားရှိရန် အပိုဒ် - ၇၇၊ ၇၉ နှင့် ၈၁ အရ သီးခြားထိန်းသိမ်းရေး သဘောတူစာချုပ်များ မချုပ်ဆိုရသေးသမျှကာလပတ်လုံး အကယ်၍ ချုပ်ဆိုပြီးဖြစ်လျှင် ထိုသဘောတူစာချုပ်တွင် သဘောတူထားသည့်အချက်များကို ချန်လှပ်၍ ဤအခန်းပါ ပြဋ္ဌာန်းချက်များကြောင့် နိုင်ငံ တစ်နိုင်ငံ၏ သို့မဟုတ် လူတစ်မျိုးမျိုး၏ အခွင့်အရေးများ ကိုသော်လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ပါဝင်ချုပ်ဆိုထားသော လက်ရှိပြည်ထောင် အချင်းချင်းစာချုပ်စာတမ်းများပါ စည်းကမ်းချက်များကိုသော်လည်းကောင်း၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ပြောင်းလဲစေသည်ဟု အဓိပ္ပာယ်ကောက်ယူခြင်းမပြုရ။

၂။ ဤအပိုဒ်၏ စာပိုဒ် - ၁ မှာ အပိုဒ် ၈၇ တွင် ပြဋ္ဌာန်းထားသည်အတိုင်း နိုင်ငံပေါင်းချုပ်အသင်းကြီး၏ ကိုယ်စားလှယ်လွှဲ အမိန့်အရ အုပ်ချုပ်ထားသော နယ်ပယ်ဒေသများနှင့် အခြားနယ်ပယ်ဒေသများကို ထိန်းသိမ်းရေးစနစ်အောက် သွတ်သွင်းထားရှိမှုအတွက် သဘောတူစာချုပ်များချုပ်ဆိုရန် စေ့စပ်ဆွေးနွေးရေးကိုသော်လည်းကောင်း၊ သဘောတူစာချုပ်များချုပ်ဆိုရေးကိုသော်လည်းကောင်း၊ နှောင့်နှေးစေရန် သို့မဟုတ်ရွှေဆိုင်း ထားရန် အကိုးအကားပြုနိုင်သော ပြဋ္ဌာန်းချက်ဖြစ်သည် ဟူ၍ အဓိပ္ပာယ်မကောက်ယူရ။

အပိုဒ် ၈၁။

ထိန်းသိမ်းရေး သဘောတူစာချုပ်အသီးသီးတွင် အထိန်းသိမ်းခံ နယ်ပယ် ဒေသကို အုပ်ချုပ်ရန် စည်းကမ်းချက်များပါရှိရမည့်ပြင် ထိုအထိန်းသိမ်းခံ နယ်ပယ်ဒေသကို အုပ်ချုပ်မည့်အာဏာပိုင်ကိုလည်း ခန့်အပ်ရမည်။ နောင်တွင် "အုပ်ချုပ်ရေး အာဏာပိုင်" ဟူ၍ ခေါ်တွင်မည့် အဆိုပါ အာဏာပိုင်သည် နိုင်ငံတစ်နိုင်ငံ၊ သို့မဟုတ် နိုင်ငံအများကိုသော်လည်းကောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကိုယ်တိုင်သော်လည်းကောင်း ဖြစ်နိုင်သည်။

အပိုဒ် ၈၂။

အပိုဒ် ၄၃ အရ ချုပ်ဆိုသော အထူးသဘောတူစာချုပ်၊ သို့မဟုတ် စာချုပ်များကို မထိခိုက်စေဘဲ မည်သည့် ထိန်းသိမ်းရေး သဘောတူစာချုပ်တွင် မဆို၊ စစ်ရေးစစ်ရာ အချက်အခြာနယ်မြေ၊ သိုမဟုတ် နယ်မြေများကို သတ်မှတ်ဖော်ပြနိုင်သည်။ ထိုနယ်မြေများတွင် ထိုသဘောတူစာချုပ်နှင့် သက်ဆိုင်သည့် အထိန်းသိမ်းခံနယ်ပယ်ဒေသ အားလုံးသော်လည်းကောင်း၊တစ်စိတ်တစ်ဒေသသော်လည်းကောင်းပါဝင်နိုင်သည်။