Page:UN Charter (Burmese translation).djvu/30

From Wikisource
Jump to navigation Jump to search
This page has not been proofread.

အခြေအနေများနှင့် သက်ဆိုင်သည် စစ်တမ်းများနှင့် လုပ်ငန်းဆိုင်ရာ အခြားသတင်းများကို လုံခြုံမှုကိစ္စနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတွက် လိုအပ်သော ကန့်သတ်ချက်နှင့် မဆန့်ကျင်စေဘဲအတွင်းရေးမှူးချုပ်ထံသို့ သိသာအောင် မှန်မှန် ပေးပို့ရန်။

အပိုဒ် ၇၄။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့သည် ဤအခန်းနှင့် သက်ဆိုင်သော နယ်ပယ်ဒေသများအပေါ် ထားရှိသည့် မိမိတို့ဝါဒမှာ မိမိတို့ ပြည်မ၏ တစ်စိတ်တစ်ဒေသဖြစ်သော နယ်ပယ်ဒေသများအပေါ်ထားရှိသော မိမိတို့၏ ဝါဒနှင့် မခြား အိမ်နီးချင်းကောင်းပီသမှုတည်းဟူသော ယေဘုယျမူအပေါ်အခြေခံ၍ လူမှုရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကိစ္စများတွင် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံသူ နိုင်ငံသား တို့၏ အကျိုးနှင့်ကောင်းစားချမ်းသာရေးကို ထိုက်သည့်အားလျော်စွာ ထည့်သွင်းစဉ်းစားရန်လည်း သဘောတူကြသည်။


အခန်း(၁၂) -
အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းရေးစနစ်

အပိုဒ် ၇၅။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သည် မိမိ၏အာဏာအရ အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းရေးစနစ်တစ်ရပ်ကို နောက်ထပ် သီးခြားချုပ်ဆိုသော သဘောတူစာချုပ်များဖြင့် ထိုစနစ်အောက်အကျုံးဝင်စေမည့် နယ်ပယ်ဒေသများအုပ်ချုပ်ကြီးကြပ်ရေးအတွက် တည်ထောင်ထားရှိရမည်။ ထိုနယ်ပယ်ဒေသများကို အထိန်းသိမ်းခံနယ်ပယ်ဒေသများဟု နောက်တွင် ရည်ညွှန်းထားသည်။

အပိုဒ် ၇၆။

ယခုလက်ရှိ ပဋိညာဉ်စာချုပ် အပိုဒ် ၁ တွင် ပြဋ္ဌာန်း ထားသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ရည်ရွယ်ချက်များနှင့်အညီ ထိန်းသိမ်းရေးစနစ်၏ အခြေခံရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ရမည်။

(က) ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး တည်တံ့ ခိုင်မြဲအောင် ဆောင်ရွက်ရန်။
(ခ) အထိန်းသိမ်းခံ နယ်ပယ်ဒေသများတွင် နေထိုင်သူများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေး တိုးတက်မှုကို အားပေးချီးမြှင့်ရန် နယ်ပယ် ဒေသအသီးသီးနှင့် နယ်သူနယ်သားတို့၏ သီးခြား အခြေအနေကိုလည်းကောင်း၊ သက်ဆိုင်ရာ နယ်သူနယ်သားတို့၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုသော လိုလားချက်များကို လည်းကောင်း၊ ထောက်ထား၍ သင့်လျော်သော ထို့ပြင် ထိန်းသိမ်းရေး သဘောတူစာချုပ် အသီးသီးပါ စည်းကမ်းချက်များဖြင့် ပြဋ္ဌာန်းထားသော ကိုယ်ပိုင်အုပ်ချုပ်ရေး၊ သို့မဟုတ် လွတ်လပ်ရေးကို ရှေ့ရှုလျက် တစတစ တိုးတက်လာစေရေးအတွက် မြှင့်တင်ပေးရန်။