Page:UN Charter (Burmese translation).djvu/17

From Wikisource
Jump to navigation Jump to search
This page has not been proofread.

၂။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ဝင်မဟုတ်သော နိုင်ငံ တစ်နိုင်ငံသည် မိမိပါဝင်နေသော အငြင်းပွားမှုကို လုံခြုံရေး ကောင်စီသို့ဖြစ်စေ၊ အထွေထွေညီလာခံသို့ဖြစ်စေ တိုင်ကြားနိုင်သည်။ သို့ရာတွင် ထိုသို့ မတိုင်ကြားမီ ထိုအငြင်းပွားမှုနှင့် စပ်လျဉ်း၍ ယခုလက်ရှိပဋိညာဉ်စာချုပ်တွင် ပြဋ္ဌာန်းထားသည် ငြိမ်းချမ်းစွာ ဖျန်ဖြေရေး တာဝန်များကို လက်ခံရမည်။

၃။ အထွေထွေညီလာခံသည် ဤအပိုဒ်အရ မိမိအားတိုင်ကြားသည့် ကိစ္စများနှင့်စပ်လျဉ်း၍ အရေးယူ ဆောင်ရွက်လျှင် အပိုဒ် ၁၁ နှင့် ၁၂ ပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်စေဘဲ ဆောင်ရွက်ရမည်။

အပိုဒ် ၃၆။

၁။ အပိုဒ် ၃၃ တွင် ရည်ညွှန်းထားသော အငြင်းပွား မှုမျိုး သို့မဟုတ် အလားတူ ကိစ္စမျိုးသည် မည်သည့် အခြေအနေ တွင်မဆို ရှိစေကာပူ လုံခြုံရေးကောင်စီသည် ထိုအငြင်းပွားမှု သို့မဟုတ် အရေးကိစ္စကို ဖြေရှင်းရန်အတွက် သင့်လျော်သော လုပ်ငန်းစဉ် သို့မဟုတ် နည်းစနစ်များကို ထောက်ခံ တင်ပြနိုင်သည်။

၂။ လုံခြုံရေးကောင်စီသည် အငြင်းပွားမှုဖျန်ဖြေရေးအတွက် အငြင်းပွား နိုင်ငံများ လိုက်နာကျင့်သုံးခဲ့သည့် လုပ်ငန်းစဉ်များကို လက်ခံစဉ်းစားရမည်။

၃။ လုံခြုံရေးကောင်စီသည် ဤအပိုဒ်အရ ထောက်ခံ တင်ပြထားခြင်း ပြုရာတွင် တရားဥပဒေနှင့် စပ်ဆိုင်သော အငြင်းပွားမှုများကို၊ အငြင်းပွားနိုင်ငံများက အပြည်ပြည်ဆိုင်ရာတရားရုံးသို့၊ ထိုတရားရုံး၏ ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် အညီ သာမန်အားဖြင့် တင်ပြရမြဲဖြစ်သည်ဟူသော အချက် ကိုလည်း လက်ခံစဉ်းစားရမည်။

အပိုဒ် ၃၇။

၁။ အပိုဒ် ၃၃ တွင် ရည်ညွှန်းထားသည် အငြင်းပွားမှု မျိုးတွင်ပါဝင်သော နိုင်ငံများသည် ထိုအငြင်းပွားမှုကို ထိုအပိုဒ်တွင် ဖော်ပြထားသည် နည်းလမ်းများဖြင့် ပြေငြိမ်းအောင်မပြုနိုင်ခဲ့သော်၊ လုံခြုံရေးကောင်စီသို့ လွှဲအပ်ရမည်။

၂။ လုံခြုံရေးကောင်စီသည် အငြင်းပွားမှု ဆက်လက် ဖြစ်ပွား နေသောကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ထိန်းသိမ်း စောင့်ရှောက်မှုကို အမှန်တကယ် အန္တရာယ်ဖြစ်ဖွယ်ရာ အကြောင်းရှိသည်ဟူ၍ ယူဆလျှင် အပိုဒ် ၃၆ အရ အရေးယူဆောင်ရွက်ရန်ဖြစ်စေ၊ မိမိသင့်လျော်သည်ဟု ထင်မြင်ယူဆသည် ဖျန်ဖြေရေးစည်းကမ်းချက်များကို အကြံပေး ထောက်ခံရန်ဖြစ်စေ ဆုံးဖြတ်ရမည်။

အပိုဒ် ၃၈။

အပိုဒ် ၃၃ မှ ၃၇ ထိပါရှိသည် ပြဋ္ဌာန်းချက်များကို မထိခိုက်စေဘဲ လုံခြုံရေးကောင်စီသည် အငြင်းပွားမှု တစ်ခုခုတွင် ပါဝင်သည့် နိုင်ငံအားလုံးက တောင်းဆိုလျှင် ယင်းအငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို ရှေ့ရှုလျက် ထောက်ခံချက်များ ပေးနိုင်ပါသည်။