Page:ရွှေမန်းတင်မောင်.pdf/27

From Wikisource
Jump to navigation Jump to search
This page has been proofread.

ရသသိပ္ပံဆိုတဲ့ အတတ်ပညာ ဆဲ့ရှစ်ရပ်ရဲ့ ပညတ်ချက် နာမံဖြစ်တယ် မယ်မေ။ အဲဒီ အဋ္ဌာရသသိပ္ပံ ထဲမှာ နင်ပြောတဲ့စာပေလဲ ပါပါတယ်။ ဟာသ ပညာဆိုတဲ့ ဇာတ်သဘင်ဟာလဲ ပညာပါဟဲ့။နင်တို့က ဇာတ်ကို အထင် မသေးကြစမ်းပါနှင့်။ ဇာတ်သဘင်ဟာလဲ နက်နဲတဲ့ပညာတပါးပါဘဲဟ”

“တပဲ့တော်မက စာတတ်ယင် ပိုကောင်းမလားလို့”

“သည်မှာ မယ်မေ၊ ငါပြောမယ်။ သူ့ရုပ်က ဆရာတော်ကြီး ဖြစ်မဲ့ရုပ်မျိုးဆိုယင် နင့်သား ပထမကျော်အောင်ဖို့၊ သကျသီဟ ဓမ္မာစရိယဖြစ်ဖို့ ငါတာဝန်ယူတယ်။ နင့်သားရုပ်ကို သေသေချာချာလဲကြည့်ကြပါအုံး။ ဆရာတော်ရုပ် မဟုတ်ဘူး။ ဘုန်းကြီးရုပ်မဟုတ်ဘူး။ မင်းသားရုပ်ဟ၊ မင်းသားရုပ်။ မင်းသားဖြစ်မဲ့ကောင်ကို ဘုန်းကြီးလုပ်ခိုင်းတဲ့ အမှားမျိုး ဘယ်မှာ ရှိအုံးမလဲ မယ်မေ”

“အင်္ဂလိပ်စာ သင်ပေးယင်ကော”

“ခက်လိုက်ပါဘိ မယ်မေရယ်၊ နင်က နာရဏီရွှေကို ကုလားရွှေဖြစ်အောင် လုပ်ပလို့လား။ ဗမာနိုင်ငံမှာ ဘီအေမင်းသားမရှိသေးဘူး။ တကယ်လို့ နင့်သားသာ ဘီအေမင်းသား ဖြစ်မယ်ဆိုယင် ငါလောက်ကျေနပ်မဲ့လူ ဒီဇမ္ဗူမှာ မရှိဘူးလို့ထင်တယ်။ နင်ကျေနပ်မှာက နင့်သားအတွက်ဘဲ ဖြစ်မယ်။ ငါက ဗမာတမျိုးလုံးအတွက် ဂုဏ်ယူမိမှာဘဲ၊ ဒါပေမယ့် မယ်မေရယ်… အင်္ဂလိပ်စာနဲ့ တို့သဘင်ပညာဟာ ဘာမှ မဆိုင်ဘူး။ ပြဒါးတလမ်း၊ သံတလမ်းဟဲ့။ အင်္ဂလိပ်စာကို တတ်မဲ့အစား ပါဠိနှင့် ဗမာစာကို တတ်


၂၆