Page:ရွှေမန်းတင်မောင်.pdf/28

From Wikisource
Jump to navigation Jump to search
This page has been proofread.

ယင် ပိုပြီး အဆင်ပြေနိုင်တယ်။ နင့်သားရဲ့ကိုယ်က မင်းသားကိုယ်၊ စိတ်က မင်းသားစိတ်မို့ ငါက ဇာတ်စကားကို ပြောနေတာ”

တင်မောင်၏ အမေနှင့် အမတို့မှာ ဘုန်းကြီး၏ ဩဝါဒကို သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ၊ ဘာမျှ ဆက်လက်၍ အထွန့်မတက်ဝံ့ကြချေ။ သူတို့သည် ဦးကေသရကို ဘုန်းကြီးအဖြစ်နှင့်လည်း ရိုသေကိုင်းရှိုင်းသည်။ ဆွေမျိုးသားချင်း အနေဖြင့်လည်း လေးလေးစားစား အားထားသည်။တနည်းအားဖြင့်လည်း အထက်သူ အထက်သားတို့သည် ရဟန်းသင်္ဃာများကို လွန်စွာကိုးစားကြသည်။ သို့ဖြင့် တင်မောင်သည် ဘကြီး ဦးကေသရ၏ အစီအမံအတိုင်း မြခြေချင်းဒေါ်ငွေမြိုင်၏ သဘင်တက္ကသိုလ်တွင် မိုးခိုနေရလေတော့သည်။

ရန်ကုန်မြို့မှ မောင်တင်သည် မန္တလေးသို့ ရောက်သော် နန်းတော်ရှေ့ ဆရာတင် ဟူသော အမည်ဖြင့် နာမည်ကြီးနေသည်။ ထို့အတူပင် ရန်ကုန်သူ မငွေမြိုင်သည်လည်း မြခြေချင်းဟူသော ဂုဏ်သတင်းဖြင့် ပျံ့သင်း နေလေသည်။ အငြိမ့်သဘင် တခု၏ ကျော်စောခြင်းမှာ အဆိုအက ကောင်းခြင်း အပြင် လှပ ကျော့ရှင်းခြင်းနှင့် အသက် အရွယ် နုနယ် ပျိုမျစ်ခြင်းလည်း ရှိရလေသည်။ မငွေမြိုင် ရှေးအခါက ဤလက္ခဏာ အလုံးစုံနှင့် အကုန် ပြည့်စုံခဲ့သည်။ ယခု အရွယ်ကလေးက နဲနဲ ထောင့်လာသဖြင့် မငွေမြိုင်အစား ဒေါ်ငွေမြိုင် ဖြစ်လာသည်။ ဒေါ်ငွေမြိုင် အဖြစ်နှင့် အငြိမ့်မှာ မစွန်တော့သဖြင့် တမျိုးတဖုံ စီစဉ်ရေလေသည်။


၂၇