Page:ရွှေမန်းတင်မောင်.pdf/11

From Wikisource
Jump to navigation Jump to search
This page has been proofread.

အမတံ အမတံ သန္တံ၊
အသမံ အသမံ ဒဒံ။

နမက္ကာရ ဘုရားရှိခိုးဂါထာများ ဖြစ်သည်။ ကျောင်းသားကိုရင်များသည် မသင်မနေရ သင်ခဏ်းစာ တရပ်အနေဖြင့် ရိုးရိုးပင် ကျက်မှတ်သွားကြသည်။ သူတို့အနေနှင့် ပါဠိဘာသာ ဂါထာတွေကို ကျက်ရ၊ မှတ်ရမည်ကို ဝန်လေးနေကြသည်။ ဆရာဘုန်းကြီးကို ကြောက်ရွံ့၍သာ ကျက်နေကြရသည်။ စိတ်ကမပါကြချေ။ တင်မောင်မှာ ဝန်မလေးရုံသာမက လွန်စွာ သဘောကျနေသည်။ အလုံးထပ်ကလေးတွေကို ထပ်တွန့် အနေနှင့် ဆိုရသည်ကိုပင် အရသာ တွေ့နေသည်။ အံ ကာရန် လေးတွေကို စမ်းကာ စမ်းကာ လိုက်၍ အမိဖမ်းသည်။ မထင်မရှား၊ မပြတ်မသားဆို၍ သွားရမည်ကိုပင် နှမြောနေသည်။ နာမည်ကျော် စောင်းဆရာကြီးသည် သူ၏ စောင်းကြိုးကို အချည်းနှီး မတို့လိုသကဲ့သို့ပင်တည်း။

“သူက စကုတိုက်က ဘုန်းကြီး ဦးကေသရရဲ့တူ၊ ပုလိုင်းမယ်ငွေရဲ့ တူဘဲ၊ အဆိုကောင်းမှာပေါ့” ဟု ဦးပဉ္ဇင်းကြီးတို့က ဝေဖန်ကြသည်။

ဦးကေသရမှာ စကုတိုက်တွင် နေသော နာမည်ရ စာချ၊ ဓမ္မကထိက ပုဂ္ဂိုလ်ဖြစ်၍ တင်မောင်၏ဘကြီး တော်သည်။ ပုလိုင်းမယ်ငွေမှာ ရုပ်သေးမင်းသမီး ဦးငွေဖြစ်သည်။ မန္တလေးမြို့ ပုလိုင်းရပ်တွင် နေသည်ကို အစွဲပြု၍ ပုလိုင်းမယ်ငွေဟု ခေါ်တွင်စေခြင်း ဖြစ်သည်။ ကလောင်အမည်ကဲ့သို့သော ရုပ်သေးအမည်ပင်တည်း။


၁၀