Page:ပါရာဇိကပါဠိတော်.pdf/57

From Wikisource
Jump to navigation Jump to search
This page has not been proofread.

တော မည်သည် ရွာ ရွာ၏ ဥပစာကို ချန်လှပ်၍ ကြွင်းကျန်သော အရပ်တည်း။

မပေးအပ်သောဥစ္စာ မည်သည် မပေးအပ် မလွှတ်အပ် မစွန့်အပ်စောင့်ရှောက်အပ် လုံခြုံစေအပ်ငါ့ဟာဟု မြတ်နိုးအပ် သူတစ်ပါး သိမ်းဆည်းအပ်သော ဥစ္စာတည်း။

ခိုးလိုသော စိတ်အစုဟူသည် ခိုးလိုသော စိတ်ရှိသည်ဖြစ်၍၊ ဝှက်လိုသော စိတ်ရှိသည်ဖြစ်၍။

ယူငြားအံ့ဟူသည် ယူငြားအံ့၊ ဆောင်ယူငြားအံ့၊ ဝှက်ငြားအံ့၊ ဣရိယာပုထ်ကို ပျက်စေငြားအံ့၊ နေရာမှရွေ့စေငြားအံ့၊ အချိန်းအချက်ကို လွန်စေငြားအံ့။

အကြင်သို့သဘောရှိသော မည်သည် တစ်မတ်ကိုသော်လည်းကောင်း၊ တစ်မတ်တန် (ဥစ္စာ) ကိုသော်လည်းကောင်း၊ တစ်မတ်ထက် အပိုအလွန် (ဥစ္စာ) ကိုသော်လည်းကောင်း။

မင်းတို့ မည်သည် ဧကရာဇ်မင်း ပဒေသရာဇ်မင်း နယ်စား (မြို့စား) ရွာစား တရားသူကြီးအမတ်ချုပ်တို့တည်း၊ သို့မဟုတ် ဖြတ်ခြင်း ခွဲခြင်းကို ပြု၍ ဆုံးမအုပ်ချုပ်သူဟူသမျှကို မင်းဟု ဆိုရ၏။

ခိုးသူ မည်သည် ငါးပဲ-ငါးပဲထက် အလွန် ထိုက်တန်သော ဥစ္စာကို (ဥစ္စာရှင်သည် ကိုယ်နှုတ်ဖြင့်) မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် ယူသူတည်း။

သတ်ပုတ်မူလည်း သတ်ပုတ်ကုန်ရာ၏ဟူသည် လက် ခြေ နှင်တံ (တံဖျာ) ကြိမ်လုံး တုတ်တို့ဖြင့်သော်လည်းကောင်း၊ ဖြတ်ခြင်းဖြင့်သော်လည်းကောင်း သတ်ကုန်ရာ၏။

နှောင်ဖွဲ့မူလည်း နှောင်ဖွဲ့ကုန်ရာ၏ဟူသည်၊ ကိးဖြင့် တုပ်ခြင်း ထိတ်ခတ်ခြင်း သံခြေကျင်း ခတ်ခြင်းနှောင်အိမ်သွင်းခြင်း မြို့ချုပ်ချုပ်နှောင်ခြင်း ရွာချုပ်ချုပ်နှောင်ခြင်း နိဂုံးချုပ်ချုပ်နှောင်ခြင်း (တစ်ခုခု) တို့ဖြင့်ချုပ် နှောင် ဖွဲ့ထားကုန်ရာ၏၊ လူအစောင့်ကိုသော်လည်း ထားကုန်ရာ၏။

နှင်ထုတ်မူလည်း နှင်ထုတ်ကုန်ရာ၏ဟူသည် ရွာမှသော်လည်းကောင်း၊ နိဂုံးမှသော် လည်းကောင်း၊ မြို့မှသော်လည်းကောင်း၊ နိုင်ငံတော်မှသော်လည်းကောင်း၊ နိုင်ငံတော် တစ်စိတ်တစ်ဒေသ (ခရိုင်) မှသော်လည်းကောင်း နှင်ထုတ်ကုန်ရာ၏။

သင်သည် ခိုးသူဖြစ်၏ မိုက်သူဖြစ်၏ တွေဝေသူဖြစ်၏ ဝှက်တတ်သူဖြစ်၏ဟူသည် ဆဲရေး ရေရွတ်သော စကားတည်း။

ထိုသို့သဘောရှိသော မည်သည် တစ်မတ်ကိုသော်လည်းကောင်း၊ တစ်မတ်တန် (ဥစ္စာ) ကိုသော်လည်းကောင်း၊ တစ်မတ်ထက် အပိုအလွန် (ဥစ္စာ) ကိုသော်လည်းကောင်း။

ယူသောဟူသည် ယူသော ဆောင်ယူသော ဝှက်သော ဣရိယာပုထ်ကို ပျက်စေသော နေရာမှရွေ့စေသော အချိန်းအချက်ကို လွန်စေသော။