Page:ပါရာဇိကပါဠိတော်.pdf/27

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ပဌမ ပါရာဇိက ပဌမအနုပညတ် သိက္ခာပုဒ်

(ခ) "အကြင် ရဟန်းသည် မေထုန်အကျင့်ကို အယုတ်ဆုံးအားဖြင့် တိရစ္ဆာန်မ၌ သော်လည်း (ပြုကျင့်) မှီဝဲငြားအံ့၊ ထိုရဟန်းသည် သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွပေါင်းသင်းရခြင်း မရှိ" ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

မျောက်မဝတ္တု ပြီး၏။

အနှီးဝတ်အကြောင်း ပြဆိုရာ အခန်း

၄၃။ တစ်ရံရောအခါ ဝေသာလီမြို့နေ ဝဇ္ဇီတိုင်းသား ရဟန်းများစွာတို့သည် အလိုရှိတိုင်းစား၍ အလိုရှိတိုင်း အိပ်လျက် အလိုရှိတိုင်း ရေချိုးကြပြီးလျှင် မသင့်မတင့် နှလုံးသွင်းကြကုန်ပြီးသော် သိက္ခာမချ အားနည်းမှုကို ထင်စွာ မပြုကြမူ၍ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲကုန်၏။ ထိုရဟန်းတို့သည် နောက်အခါ၌ ဆွေးမျိုးတို့၏ပျက်စီးခြင်း စည်းစိမ်တို့၏ပျက်စီးခြင်း ရောဂါဟူသော ပျက်စီးခြင်းတို့နှင့် တွေ့ကြုံကုန်သည်ဖြစ်၍ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ကြပြီးလျှင် -

"အသျှင်ဘုရား အာနန္ဒာ တပည့်တော်တို့သည် မြတ်စွာဘုရားကို မကဲ့ရဲ့ကြပါကုန်၊ တရား တော်ကိုမကဲ့ရဲ့ကြပါကုန်၊ သံဃာတော်ကို မကဲ့ရဲ့ကြပါကုန်၊ အသျှင်ဘုရား အာနန္ဒာ တပည့်တော် တို့သည် မိမိတို့ကိုယ်ကိုသာ ကဲ့ရဲ့ပါကုန်၏၊ သူတစ်ပါးကို မကဲ့ရဲ့ပါကုန်၊ ဤသို့ ကောင်းစွာ ဟော တော်မူအပ်သောသာသနာတော် 'ဓမ္မဝိနယ' ၌ ရဟန်းပြုကုန်ပြီး၍ အသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ ကျင့်ဖို့ရာမတတ်နိုင်ခဲ့ကြသော တပည့်တော်တို့သာလျှင် ကျက်သရေမဲ့သူများ ဘုန်းကံ နည်းပါးသူများ ဖြစ်ပါကုန်၏။

အသျှင်ဘုရား အာနန္ဒာ ယခုအခါ၌ တပည့်တော်တို့သည် မြတ်စွာဘုရား အထံတော်၌ ရှင်အဖြစ်ကိုရကြပါကုန်မူ ရဟန်းအဖြစ်ကို ရကြပါကုန်မူ ယခုအခါ၌ပင် ကုသိုလ်တရားတို့ကို အထူးသဖြင့် ရှုကုန်ပြီးလျှင် ညဉ့်ဦး 'ပဌမ' ယာမ် မိုးသောက် 'ပစ္ဆိမ' ယာမ်ပတ်လုံး မဂ်ဉာဏ်၏ အပင်းအသင်းဖြစ်ကုန်သော 'ဗောဓိပက္ခိယ' တရားတို့ကို အဖန်ဖန် ပွါးများအားထုတ်မှုကို အစဉ် ကြိုးစားလျက်နေကြပါမည်။

အသျှင်ဘုရား အာနန္ဒာ တောင်းပန်ပါကုန်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားပါလော့"ဟု လျှောက်ကြကုန်၏။

ငါ့သျှင်တို့ ကောင်းပါပြီဟု အသျှင်အာနန္ဒာသည် ဝေသာလီမြို့နေ ဝဇ္ဇီတိုင်းသား 'ရဟန်း' တို့အားဝန်ခံပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။

အာနန္ဒာ ဝဇ္ဇီတိုင်းသူ ဝဇ္ဇီတိုင်းသားတို့၏ အကြောင်းကြောင့် မြတ်စွာဘုရားသည် တပည့် 'သာဝက'တို့အား ပညတ်အပ်ပြီးသော သိက္ခာပုဒ်ကို နုတ်ပယ်ရာ၏၊ ဤသို့ နုတ်ပယ်ခြင်းသည် အကြောင်းမဟုတ်အခွင့်မဟုတ်ဟု မိန့်တော်မူ၏၊