Page:ပါရာဇိကပါဠိတော်.pdf/26

From Wikisource
Jump to navigation Jump to search
This page has not been proofread.

တိရစ္ဆာန်မ၌ ပညတ်တော်မူအပ်သည် မဟုတ်ပါဟု (ပြန်၍ လျှောက်၏)၊

ငါ့သျှင် ထို (တိရစ္ဆာန်မ၌ မေထုန်အကျင့်ကို ပြုကျင့်မှီဝဲခြင်း) သည် လူမိန်းမ၌ (ပြုကျင့်) မှီဝဲခြင်းနှင့် အတူတူပင် မဟုတ်ပါလော၊ ငါ့သျှင် (သင်၏ အမှုသည်) ရဟန်းတို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့အပြုအမူ မဟုတ်၊ မအပ်၊ မပြုသင့်။ ငါ့သျှင် အဘယ်ကြောင့် သင်သည် ဤသို့ကောင်းစွာ ဟောတော်မူအပ်သော သာသနာတော် 'ဓမ္မဝိနယ' ၌ ရဟန်းပြုပြီး၍ မြတ်သော အကျင့်ကိုအသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ ကျင့်ရန် မတတ်နိုင်ဘိသနည်း၊ ငါ့သျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် ရာဂနှင့်တကွ ဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းရန် ဟောတော်မူသည် မဟုတ်ပါလော။ပ။ ကာမဂုဏ် အပူအအိုက်တို့၏ ငြိမ်းအေးမှုကို ဟောတော်မူသည်မဟုတ်ပါလော၊ ငါ့သျှင် ဤ (သင်ပြုမိသော ယုတ်မာမှု) သည် မကြည်ညိုသေးသော သူတို့ အားကြည်ညိုစေခြင်းငှါ လည်းကောင်း၊ ကြည်ညိုပြီးသော သူတို့ အား တိုး၍ကြည်ညိုစေခြင်းငှါလည်းကောင်း မဖြစ်နိုင်ပေ၊ ငါသျှင် အမှန်စင်စစ် ဤ (သင်ပြုမိသော ယုတ်မာမှု) သည်မကြည်ညိုသေးသော သူတို့အား မကြည်ညိုစေခြင်းငှါ လည်းကောင်း၊ ကြည်ညိုပြီးသောအချို့သူတို့အား အကြည်ညိုပျက်စေခြင်းငှါလည်းကောင်း ဖြစ်ပေ၏ဟု (ပြောဆိုကြကုန်၏)။

ထို့နောက် ထိုရဟန်းတို့သည် ထို (မျောက်မ၌ မေထုန်အကျင့်ကို ပြုကျင့်သော) ရဟန်းကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏။

၄၂။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် ထိုရဟန်းကို "ရဟန်း သင်သည် မျောက်မ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏ဟူသည် မှန်သလော"ဟုစိစစ်မေး မြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)၊

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား (သင်၏ အမှုသည်) ရဟန်းတို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့အပြုအမူ မဟုတ်၊ မအပ်၊ မပြုသင့်။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည်ဤသို့ ကောင်းစွာ ဟောတော်မူအပ်သော သာသနာတော် 'ဓမ္မဝိနယ' ၌ ရဟန်းပြုပြီး၍ မြတ်သောအကျင့်ကို အသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ ကျင့်ရန် မတတ်နိုင်ဘိသနည်း။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ငါသည် များစွာသော အကြောင်းဖြင့် ရာဂနှင့်တကွဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းရန် ဟောတော်မူသည် မဟုတ်ပါလော။ပ။ ကာမဂုဏ် အပူအအိုက်တို့၏ ငြိမ်းအေးခြင်းငှါ တရားတော်ကို ဟောတော်မူသည် မဟုတ်ပါလော။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား လျင်သော အဆိပ် ကြမ်းသော အဆိပ်ရှိသော မြွေ၏ခံတွင်း၌ သင်၏ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည် မြတ်သေး၏၊ မျောက်မ၏ အင်္ဂါဇာတ်၌ သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား မြွေဟောက်၏ ခံတွင်း၌ သင်၏ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည် မြတ်သေး၏၊ မျောက်မ၏ အင်္ဂါဇာတ်၌ (သင်၏) အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ရဲရဲညီး၍ တက်ဝန်းကျင် မီးတောက် မီးလျှံ မီးရောင်နှင့်တကွ ဖြစ်သော မီးကျီးခဲ အစုအပုံ၌ (သင်၏) အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည် မြတ်သေး၏၊ မျောက်မ၏ အင်္ဂါဇာတ်၌ (သင်၏) အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း။

ထို့သို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း ဆိုသော် (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားထို (မြွေ၏ခံတွင်း မီးကျီးခဲအစုအပုံ၌ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဟူသော) အကြောင်းကြောင့်သေခြင်း သို့သော်လည်းကောင်း သေလောက်နီးပါး ဆင်းရဲဒုက္ခသို့သော်လည်းကောင်း ရောက်ရာ၏၊ ထို (မြွေ၏ ခံတွင်း မီးကျီးခဲအစုအပုံ၌ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဟူသော) အကြောင်းကြောင့်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ဖရိုဖရဲ ကျရောက်ရာ ဖြစ်သော ငရဲသို့ကား မရောက်နိုင်သည်သာတည်း။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (မျောက်မ၏ အင်္ဂါဇာတ်၌ အင်္ဂါဇာတ်ကို ထည့်သွင်းခြင်းဟူသော) အကြောင်းကြောင့်ကား ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ဖရိုဖရဲ ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်လေရာ၏။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ထိုသို့ဖြစ်ပါလျက် သင်သည် သူတော်ကောင်းအကျင့်မဟုတ် ရပ်ရွာနေသူ လူယုတ်တို့၏ အကျင့်ဖြစ်သော ရုန်းရင်းကြမ်းတမ်းသော ရေဆေးခြင်းလျှင် အဆုံးရှိသော (လူမြင်လျှင် မတင့်တယ်၍) ဆိတ်ကွယ်ရာ၌သာ ပြုကျင့်ရသော ယောက်ျား မိန်းမ အစုံအစုံတွဲ၍ပြုကျင့်ရသော မေထုန်အကျင့်ကို ပြုကျင့်တုံဘိ၏၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသော ယုတ်မာမှု) သည် မကြည်ညိုသေးသော သူတို့ အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။