(က) "အကြင် ရဟန်းသည် မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲငြားအံ၊ ထိုရဟန်း သည် သာသနာတော်မှဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ" ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
သုဒိန် ရဟန်းအကြောင်း ပြဆိုရာအခန်း မြန်မာပြန်ပြီး၏။
မျောက်မဝတ္ထု
၄၀။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဝေသာလီမြို့ မဟာဝုန်တော၌ မျောက်မကို အစာဖြင့်ဖြားယောင်း၍ ထိုမျောက်မ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏၊ ထို့နောက် ထိုရဟန်းသည် နံနက်အချိန် (သင်္ကန်း) ကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကိုယူလျက် ဝေသာလီမြို့သို့ ဆွမ်းခံဝင်၏၊ ထိုအခါ ရဟန်းများစွာတို့သည် ကျောင်းစဉ် လှည့်လည်ကုန်သော် ထိုရဟန်း၏ ကျောင်းသို့ ချဉ်းကပ်ကြကုန်၏၊ ထိုမျောက်မသည် အဝေးမှ လာကုန်သော ထို (အာဂန္တု) ရဟန်းတို့ကို မြင်ပြီးနောက် ထိုရဟန်းတို့ထံသို့ချဉ်းကပ်ပြီးလျှင် ထိုရဟန်းတို့၏ ရှေ့၌ ခါးကိုလည်း လှုပ်ပြ၏၊ အမြီးကိုလည်း လှုပ်ပြ၏၊ ခါးကိုလည်းကွပြ၏၊ (မေထုန်အကျင့်ကို ပြုကျင့်ရန်) အရိပ်နိမိတ်ကိုလည်း ပြု၏၊ ထိုအခါ ယုံမှားဖွယ်မရှိ 'မချွတ်ဧကန်' ထိုရဟန်းသည် ဤမျောက်မ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏ဟု ထို (အာဂန္တု) ရဟန်းတို့အား အကြံဖြစ်၏၊ (အကြံဖြစ်ပြီးလျှင်) တစ်ခုသော နေရာ၌ ပုန်းအောင်း (ကာ ချောင်း၍ နေကြ) ကုန်၏။ ထိုအခါ ထို (ကျောင်းနေ) ရဟန်းသည် ဝေသာလီမြို့မှ ဆွမ်းခံလှည့်လည်ပြီးနောက် ဆွမ်းကို ယူ၍ ပြန်လာ၏။
၄၁။ ထိုအခါ ထိုမျောက်မသည် (ကျောင်းနေ) ရဟန်းထံသို့ ချဉ်းကပ်လာ၏၊ ထိုအခါ ထိုရဟန်းသည် ဆွမ်းအချို့ကို စား၍ အချို့ကို မျောက်မအား ပေး၏၊ ထိုနောက် ထိုမျောက်မသည် ဆွမ်းကို စားပြီး၍ ထိုရဟန်းအား ခါးကို ကွပေး၏၊ ထိုအခါ ထိုရဟန်းသည် ထိုမျောက်မ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏။
ထိုအခါ ထို (အာဂန္တု) ရဟန်းတို့သည် ထို (ကျောင်းနေ) ရဟန်းကို "ငါ့သျှင် မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူအပ်ပြီး မဟုတ်ပါလော၊ ငါ့သျှင် သင်သည် အဘယ်ကြောင့် မျောက်မ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲဘိသနည်း"ဟု ပြောဆိုကြကုန်၏။
ငါ့သျှင်တို့ မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူအပ်သည်ကား မှန်ပါ၏၊ သို့ရာတွင် ထိုသိက္ခာပုဒ်ကို လူမိန်းမ၌သာ ပညတ်တော်မူအပ်ပါသည်၊