Page:ပါရာဇိကပါဠိတော်.pdf/28

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူပြီးလျှင် ရဟန်းတို့ကို မိန့်တော်မူ၏။

ပဌမ ပါရာဇိက ဒုတိယအနုပညတ် သိက္ခာပုဒ်

ရဟန်းတို့ အကြင် ရဟန်းသည် သိက္ခာမချ အားနည်းမှုကို ထင်စွာ မပြုမူ၍ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏၊ ထိုသူလာသော် ရဟန်းပဉ္စင်း ပြုမပေးရ၊ အကြင် ရဟန်းမူကား သိက္ခာချ၍ အားနည်းမှုကို ထင်စွာပြုပြီး မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏၊ ထိုသူ လာသော် ရဟန်းပဉ္စင်း ပြုပေးရမည်၊ ရဟန်းတို့ ဤသို့လျှင် ဤ သိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (၁) (ဂ)

၄၄။ "အကြင် ရဟန်းသည် (အဓိသီလဟူသော) ရဟန်းတို့၏ သိက္ခာ, (သိက္ခာပုဒ်တော်ဟူသော) သာဇီဝသို့ ရောက်လျက် သိက္ခာမချ အားနည်းမှုကို ထင်စွာ မပြုမူ၍အယုတ်ဆုံးအားဖြင့် တိရစ္ဆာန်မ၌သော်လည်း မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲငြားအံ့၊ ထိုရဟန်းသည် သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်း ကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ"ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

၁-ပဌမပါရာဇိက သိက္ခာပုဒ်အဖွင့်

၄၅။ အကြင်ဟူသည် အကြင်သို့သော အသွင် ပုံသဏ္ဌာန် သဘော အမှုကိစ္စ အမျိုး ဇာတ် အမည်အနွယ် အလေ့အကျင့် အနေအထိုင် ကျက်စားရာရှိသော မထေရ်ကြီးဖြစ်စေ ရဟန်းငယ်ဖြစ်စေ မထေရ်လတ်ဖြစ်စေ ဤပုဂ္ဂိုလ်မျိုးကို အကြင်ဟု ဆို၏။ ရဟန်း ခေါ်နိုင်ခြင်း ၁၂-ပါးရဟန်းဟူသည် (၁) (အာရိယာသူတော်ကောင်းတို့၏ တောင်းခြင်းဖြင့်) တောင်းတတ်သောကြောင့် ရဟန်း၊ (၂) ဆွမ်းခံခြင်း အကျင့်သို့ ကပ်ရောက်တတ်သောကြောင့် ရဟန်း၊ (၃) ဆုတ်ဖြတ်ပြီးသော အဝတ်ကို ဝတ်ရုံတတ်သောကြောင့် ရဟန်း၊ (၄) ရဟန်းဟု သမုတ်ခြင်းကြောင့် ရဟန်း (၅) ရဟန်းဟု ဝန်ခံခြင်းကြောင့် ရဟန်း၊ (၆) ရဟန်း လာလော့ 'ဧဟိ ဘိက္ခု'ဟူသော ဘုရားစကားတော်ဖြင့် ဖြစ်သောကြောင့် ရဟန်း၊ (၇) သရဏဂုံသုံးပါးတို့ဖြင့် ပဉ္စင်းဖြစ်သောကြောင့် ရဟန်း၊ (၈) ကောင်းသော (သီလစသည်နှင့် ပြည့်စုံသော) ကြောင့် ရဟန်း၊ (၉) (သီလ စသော) အနှစ်သာရရှိသောကြောင့် ရဟန်း၊ (၁၀) (သိက္ခာကို) ကျင့်ဆဲ ဖြစ်သောကြောင့် ရဟန်း၊ (၁၁) (သိက္ခာကို) ကျင့်ပြီး ဖြစ်သောကြောင့် ရဟန်း၊ (၁၂) ညီညွတ်သော သံဃာသည် သိစေခြင်း 'ဉတ်'လျှင် လေးကြိမ်မြောက်သော ကံဖြင့် မပျက်မကွက် မြတ်စွာဘုရား အဆုံးအမအား ထိုက်တန်စွာ ပဉ္စင်းဖြစ်စေအပ်သောကြောင့် ရဟန်း မည်၏။

ထိုတစ်ဆယ့်နှစ်မျိုးသော ရဟန်းတို့တွင် အကြင် ရဟန်းသည် ညီညွတ်သော သံဃာသည် သိစေခြင်း'ဉတ်'လျှင် လေးကြိမ်မြောက်သော ကံဖြင့် မပျက်မကွက် မြတ်စွာဘုရား အဆုံးအမအား ထိုက်တန်စွာပဉ္စင်းဖြစ်စေအပ်၏၊ ဤရဟန်းကို ဤ (ပါရာဇိက) အရာ၌ "ရဟန်း"ဟူ၍ အလိုရှိအပ်၏။

သိက္ခာဟူသည် အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာဟူ၍ သိက္ခာသုံးမျိုးရှိ၏၊ ထိုသုံးမျိုးတို့တွင် ဤအရာ၌ အဓိသီလသိက္ခာကို အလိုရှိအပ်၏။

သာဇီဝ မည်သည် အကြင်သိက္ခာပုဒ်ကို မြတ်စွာဘုရားသည် ပညတ်တော်မူအပ်၏၊ ထိုသိက္ခာပုဒ်တော်သည် သာဇီဝ မည်၏။ ထိုသိက္ခာပုဒ်တော်ဟူသော သာဇီဝ၌ ကျင့်တတ်၏၊ ထိုကြောင့် သာဇီဝ 'သိက္ခာပုဒ်တော်' သို့ ရောက်လျက်ဟူ၍ ဆိုအပ်၏။