Page:ပါရာဇိကပါဠိတော်.pdf/151

From Wikisource
Jump to navigation Jump to search
This page has not been proofread.

၂-သံဃာဒိသိသ် အခန်း

၁-သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်

အသျှင်သေယျသက ဝတ္ထု

အသျှင်တို့ ဤတစ်ဆယ့်သုံးပါးသော သံဃာဒိသိသ်အာပတ်တို့သည် သရုပ်အားဖြင့် ပြဆိုအပ်သည်၏အဖြစ်သို့ ရောက်ကုန်၏။

၂၃၄။ တစ်ရံရောအခါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိမြို့ အနာထပိဏ်သူဌေး၏အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏။ ထိုစဉ်အခါ၌ အသျှင်သေယျသကသည်မမွေ့လျော်ဘဲ မြတ်သော အကျင့်ကို ကျင့်သုံးနေရ၏၊ ထိုအသျှင်သေယျသကသည် ထိုသို့ ကျင့်သုံးနေခြင်းကြောင့် ပိန်ကြုံ၏၊ အသွေးအသားခေါင်းပါး၏၊ ရုပ်အဆင်းပျက်၏၊ (ဖက်ရွက်ရော်ကဲ့သို့) ဖြော့တော့သော အဆင်းရှိ၏။ (ကွန်ရက်ကို ဖြန့်ခင်းသကဲ့သို့) အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ၏။

အသျှင်ဥဒါယီသည် ပိန်ကြုံသော အသွေးအသားခေါင်းပါးသော ရုပ်အဆင်းပျက်သော (ဖက်ရွက်ရော်ကဲ့သို့) ဖြော့တော့သော အဆင်းရှိသော (ကွန်ရက်ကို ဖြန့်ခင်းသကဲ့သို့) အကြောပြိုင်းပြိုင်းထသောကိုယ်ရှိ သည့် အသျှင်သေယျသကကို မြင်သောကြောင့်-"ငါ့သျှင်သေယျသက အဘယ့်ကြောင့် သင်သည် ပိန်ကြုံသနည်း၊ အသွေးအသား ခေါင်းပါးသနည်း၊ ရုပ်အဆင်းပျက်သနည်း၊ (ဖက်ရွက်ရော်ကဲ့သို့) ဖြော့တော့သော အဆင်း ရှိသနည်း၊ (ကွန်ရက်ကို ဖြန့်ခင်းသကဲ့သို့) အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိသနည်း၊ ငါ့သျှင်သေယျသက သင်သည် မမွေ့လျော်ဘဲ မြတ်သော အကျင့်ကို ကျင့်သုံးနေရသလော"ဟု မေး၏။

မှန်ပေသည် ငါ့သျှင်ဟု (ပြန်လျှောက်၏)။

"ငါ့သျှင်သေယျသက သို့ဖြစ်လျှင် သင်သည် အလိုရှိတိုင်း စားလော့၊ အလိုရှိတိုင်း အိပ်လော့၊ အလိုရှိတိုင်း ရေချိုးလော့၊ အလိုရှိတိုင်းစား အလိုရှိတိုင်းအိပ် အလိုရှိတိုင်း ရေချိုးပြီးလျှင် သင့်အားပျင်းရိမှုဖြစ်ပေါ်လာ၍ ရာဂသည် စိတ်ကို နှိပ်စက်သောအခါ လက်ဖြင့် လုံ့လပြု၍ သုက်ကို လွတ်စေလောဟု (ပြော၏)။

ငါ့သျှင် ဤကဲ့သို့ ပြုခြင်းငှါ အပ်ပါမည်လောဟု (မေးသောအခါ)

အပ်ပါသည် ငါ့သျှင်၊ ငါလည်း ဤသို့ ပြုလုပ်ပါသည်ဟု (ပြန်ပြော၏)။

ထိုအခါ အသျှင်သေယျသကသည် အလိုရှိတိုင်း စားလေပြီ၊ အလိုရှိတိုင်း အိပ်လေပြီ၊ အလိုရှိတိုင်းရေချိုးလေပြီ၊ အလိုရှိတိုင်း စား အလိုရှိတိုင်း အိပ် အလိုရှိတိုင်း ရေချိုးပြီးလျှင် ပျင်းရိမှုဖြစ်ပေါ်လာ၍့ရာဂသည် စိတ်ကို နှိပ်စက်သောအခါ လက်ဖြင့် လုံ့လပြု၍ သုက်ကို လွတ်စေ၏၊ ထိုနောက် အသျှင်သေယျသကသည် အခါတစ်ပါး၌ အဆင်းလှလေပြီ၊ ဣန္ဒြေပြည့်ဖြိုးလေပြီ်၊ မျက်နှာအဆင်း ကြည်လင်လေပြီ၊ ကိုယ်ရေအဆင်းကြည်လင်လေပြီ၊ ထိုအခါ အသျှင်သေယျသက၏ သူငယ်ချင်း ရဟန်းတို့သည်အသျှင်သေယျသကအား-"ငါ့သျှင် သေယျသက သင်သည် ရှေးအခါ၌ ပိန်ကြုံခဲ့၏၊ အသွေးအသား ခေါင်းပါးခဲ့၏၊ ရုပ်အဆင်းပျက်ခဲ့၏၊ (ဖက်ရွက်ရော်ကဲ့သို့) ဖြော့တော့သော အဆင်းရှိ၏။ (ကွန်ရက်ကို ဖြန့်ခင်းသကဲ့သို့) အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ၏၊ ထိုသင်သည် ယခုအခါ၌ အဆင်းလှ၏၊ ဣန္ဒြေပြည့်ဖြိုး၏၊ မျက်နှာအဆင်း ကြည်လင်၏၊ ကိုယ်ရေအဆင်း ကြည်လင်၏၊ ငါ့သျှင် သေယျသက သင်သည် အဘယ်ဆေးကိုအသုံးပြုသနည်း"ဟု မေးမြန်းကြကုန်၏။

ငါ့သျှင်တို့ ငါသည် ဆေးကို