Page:ပါရာဇိကပါဠိတော်.pdf/150

From Wikisource
Jump to navigation Jump to search
This page has not been proofread.

"အသျှင်မဟာမောဂ္ဂလာန်သည် တုန်လှုပ်ခြင်းမရှိသော (စတုတ္ထဈာန်) သမာဓိကို ဝင်စားနေစဉ် အဘယ့်ကြောင့်အသံကို ကြားရဘိသနည်း အသျှင်မဟာမောဂ္ဂလာန်သည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ဝါကြွားပြောဆိုနေသည်"ဟု ရဟန်းတို့သည် ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏။

ရဟန်းတို့ ထိုသမာဓိမျိုးရှိနိုင်သည်၊ သို့သော်လည်း ထိုသမာဓိသည် စင်ကြယ်သည် မဟုတ်ပေ၊ ရဟန်းတို့ မောဂ္ဂလာန်သည် အမှန်ကို ပြောဆိုပေသည်၊ ရဟန်းတို့ မောဂ္ဂလာန်အား အာပတ်မသင့်ဟု (မိန့်တော်မူ၏)။ (၅၉)

ထိုအခါ အသျှင်သောဘိတသည် ရဟန်းတို့ကို "ငါ့သျှင်တို့ ငါသည် မဟာကပ်ငါးရာတို့ကို အောက်မေ့နိုင်သည်ဟု ပြောဆို၏၊ "အသျှင်သောဘိတသည် 'ငါ့သျှင်တို့ ငါသည် မဟာကပ်ငါးရာတို့ကိုအောက်မေ့ နိုင်သည်'ဟု အဘယ်ကြောင့် ဤသို့ ပြောဆိုဘိသနည်း၊ အသျှင်သောဘိတသည် လူတို့၏ကုသိုလ်ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ဝါကြွားပြော ဆိုနေ၏"ဟုရဟန်းတို့သည် ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအားဤအကြောင်းကို လျှောက်ထားကြကုန်၏။

ရဟန်းတို့ သောဘိတအား ဤ (မဟာကပ်ငါးရာ အောက်မေ့နိုင်သော) ဘဝသည် ရှိ၏၊ ထိုဘဝသည်လည်း တစ်ဘဝတည်းသာတည်း၊ ရဟန်းတို့ သောဘိတသည် အမှန်ကို ပြောဆိုပေသည်၊ ရဟန်းတို့သောဘိတအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၆၀)

စတုတ္ထ ပါရာဇိက ပြီး၏။

၂၃၃။ အသျှင်တို့ ပါရာဇိကအာပတ် လေးပါးတို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊ အကြင်ရဟန်းသည် ယင်းပါရာဇိကလေးပါးတို့တွင် တစ်ပါးပါးသို့ ရောက်သော် ရှေး (လူသာမဏေဖြစ်စဉ်) အခါ၌ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းဆက်ဆံမှုကို မရသကဲ့သို့ ထို့အတူ ထိုရဟန်းသည် (ပါရာဇိကကျပြီးသော) နောက်အခါ၌လည်း ရဟန်းတို့နှင့်အတူတကွ ပေါင်းသင်းဆက်ဆံမှုကို မရ၊ သာသနာတော်မှဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်းမရှိတော့ပေ၊ ထိုပါရာဇိကလေးပါးတို့၌ အသျှင်တို့ကို မေးပါ၏၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊ နှစ်ကြိမ်မြောက်လည်းမေးပါ၏၊ အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊ သုံးကြိမ်မြောက်လည်း မေးပါ၏၊ အာပတ်မှစင်ကြယ်ကြ ပါကုန်၏လော၊ အသျှင်တို့သည် အာပတ်မှ စင်ကြယ်ကြသောကြောင့်ပင်ဆိတ်ဆိတ်နေတော်မူကြ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤအာပတ်မှ စင်ကြယ်သည့် အဖြစ်ကို သိမှတ်ရပါသည်။

ပါရာဇိကပြီး၏။

ပါရာဇိက အကျဉ်းချုပ်

မေထုန်၊ အဒိန္နဒါန်၊ လူသတ်မှု၊ မြတ်သော သူတို့၏ တရားကို (ပြောဆိုခြင်း)၊ ဤပါရာဇိကလေးပါးတို့သည် (သာသနာတော်နှင့်) အဆက်ပြတ်ကြောင်း ဖြစ်ကုန်၏၊ ယုံမှား မရှိအပ်ချေ။

ပါရာဇိက အခန်း ပြီးပြီ။

၁။ ထိုမကျန်းမာသောရဟန်းကား အရိယာပုဂ္ဂိုလ်သာလျှင် ဘုရားတပည့်ဖြစ်သည်ဟု အယူရှိသည်။