Page:ပါရာဇိကပါဠိတော်.pdf/149

From Wikisource
Jump to navigation Jump to search
This page has not been proofread.

၂၃၁။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် ရဟန်းတို့ကို "ငါ့သျှင်တို့ ဤတပေါဒါမြစ်၏ စီးဆင်း ခဲ့ရာအိုင်သည် ကြည်လင်သော ရေရှိ၏၊ အေးမြသော ရေရှိ၏၊ ချို မြိန်သော ရေရှိ၏၊ ဖြူစင်သော ရေရှိ၏၊ ကောင်းသော ဆိပ်ကမ်းရှိ၏၊ နှစ်လိုဖွယ်ရှိ၏၊ များသော ငါးလိပ်ရှိ၏၊ လှည်းဘီးစက် ပမာဏရှိကုန်သော ပဒုမ္မာကြာတို့သည်လည်း ပွင့်ကုန်၏"ဟု ပြောဆို၏။

"အသျှင်မဟာမောဂ္ဂလာန်သည် 'ငါ့သျှင်တို့ တပေါဒါမြစ်၏ စီးဆင်းခဲ့ရာ အိုင်သည် ကြည်လင်သောရေရှိ၏၊ အေးမြသော ရေရှိ၏၊ ချိုမြိန်သော ရေရှိ၏၊ ဖြူစင်သော ရေရှိ၏၊ ကောင်းသော ဆိပ်ကမ်းရှိ၏၊ နှစ်လိုဖွယ်ရှိ၏၊ များသော ငါးလိပ်ရှိ၏၊ လှည်းဘီးစက် ပမာဏရှိကုန်သော ပဒုမ္မာကြာတို့သည်လည်းပွင့်ကုန်၏'ဟု အဘယ့်ကြောင့် ဤသို့ ပြောဆိုဘိသနည်း၊ အမှန်စင်စစ်အားဖြင့် ဤတပေါဒါမြစ်သည်ကျိုက်ကျိုက် ဆူပွက်လျက် စီးဆင်းနေ၏၊ အသျှင်မဟာမောဂ္ဂလာန်သည် လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ဝါကြွားပြောဆိုနေ၏"ဟု ရဟန်းတို့သည် ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏။

ရဟန်းတို့ ဤတပေါဒါမြစ် စီးဆင်းခဲ့ရာ အိုင်သည် ကြည်လင်သော ရေရှိ၏၊ အေးမြသော ရေရှိ၏၊ ချိုမြိန်သော ရေရှိ၏၊ ဖြူစင်သော ရေရှိ၏၊ ကောင်းသော ဆိပ်ကမ်းရှိ၏၊ နှစ်လိုဖွယ်ရှိ၏၊ များသောငါးလိပ်ရှိ၏၊ လှည်းဘီးစက် ပမာဏရှိကုန်သော ပဒုမ္မာကြာတို့သည်လည်း ပွင့်ကုန်၏၊ ရဟန်းတို့သို့သော်လည်း ဤတပေါဒါမြစ်သည် ငရဲကြီးနှစ်ခုတို့၏ အကြားမှ လာ၏၊ ထို့ကြောင့် ဤတပေါဒါမြစ်သည် ကျိုက်ကျိုက် ဆူပွက်လျက် စီးဆင်းနေ၏၊ ရဟန်းတို့ မောဂ္ဂလာန်သည် အမှန်ကို ပြောဆိုပေသည်၊ မောဂ္ဂလာန်အား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၅၇)

တစ်ရံရောအခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းသည် လိစ္ဆဝီမင်းတို့နှင့် စစ်တိုက် ရာတွင်တပ်ပျက်လေ၏၊ ထို့နောက် မင်းကြီးသည် စစ်တပ်ကို စုရုံး၍ လိစ္ဆဝီမင်းတို့ကို အနိုင်ရလေ၏၊ စစ်မြေပြင်၌လည်း "မင်းကြီးသည် လိစ္ဆဝီမင်းတို့ကို ဖျက်ဆီးအပ်ပြီ"ဟု အောင်စည်ကို တီးခတ် လှည့်လည်၏၊ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် ရဟန်းတို့ကို "ငါ့သျှင်တို့ မင်းကြီးကို လိစ္ဆဝီမင်းတို့ကဖျက်ဆီးအပ်ပြီ"ဟု ပြောဆို၏။

"အသျှင်မဟာမောဂ္ဂလာန်သည် ငါ့သျှင်တို့ မင်းကြီးကို လိစ္ဆဝီမင်းတို့က ဖျက်ဆီးအပ်ပြီ"ဟုအဘယ့်ကြောင့် ဤသို့ပြောဆိုလေဘိသနည်း၊ စစ်မြေပြင်၌လည်း "မင်းကြီးသည် လိစ္ဆဝီမင်းတို့ကို ဖျက်ဆီး အပ်ပြီ"ဟု အောင်စည်ကို တီးခတ် လှည့်လည်နေသည် မဟုတ်ပါလော၊ အသျှင်မဟာမောဂ္ဂလာန်သည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သောဈာန်မဂ်ဖိုလ်တရားကို ဝါကြွား ပြောဆို နေ၏"ဟု ရဟန်းတို့သည် ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏။

ရဟန်းတို့ ရှေးဦးစွာ မင်းကြီးကို လိစ္ဆဝီမင်းတို့က ဖျက်ဆီးအပ်ပြီ။ ထို့နောက်မှ မင်းကြီးသည်စစ်တပ်ကို စုရုံး၍ လိစ္ဆဝီမင်းတို့ကို အနိုင်ရလေ၏၊ ရဟန်းတို့ မောဂ္ဂလာန်သည် အမှန်ကို ပြောဆိုပေသည်၊ ရဟန်းတို့ မောဂ္ဂလာန်အား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၅၈)

၂၃၂။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် ရဟန်းတို့ကို "ငါ့သျှင်တို့ ငါသည် သပ္ပိနီမြစ်ကမ်း၌တုန်လှုပ်ခြင်းမရှိသော (စတုတ္ထဈာန်) သမာဓိကို ဝင်စားနေစဉ် ရေအိုင်သို့ သက်ဆင်း၍ ကူးတက်ကုန်သော ကြိုးကြာသံကဲ့သို့ မြည်ကုန်သော ဆင်ပြောင်တို့၏ အသံကို ကြားရ၏"ဟု ပြောဆို၏၊